Monday, March 25, 2013

လေကြောင်းရန် ကာကွယ်ရေးစနစ် - အပိုင်း (၁၁)

(စည်းလုံးခြင်းရဲ့အင်အား)


ဆောင်းပါးရှင် - ဝေဟင် 

တိုက်ပွဲနယ်မြေ တစ်ခုအား လေကြောင်းရန် ကာကွယ်ခြင်း
(၄၄)        ကမ္ဘာပေါ်တွင် ခေတ်အမီဆုံးဟုဆိုနိုင်သော လေတပ်များ၌ ပင်လျှင် တိုက်ပွဲနယ် မြေတစ်ခုအား လေကြောင်းရန် ကာကွယ်ရေးနှင့် ပတ်သက်၍ ပြီးပြည့်စုံသော နည်းလမ်းကောင်းများ  ရှာဖွေနေဆဲပင် ဖြစ်ပါသည်။ တိုက်ပွဲနယ်မြေအတွင်း လေကြောင်းရန် ကာကွယ်ရေးအား ဆောင်ရွက်ရာတွင်  ၎င်းနယ်မြေ အတွင်းရှိ မြေပြင်တပ် များ၏ အနေ အထားပေါ်တွင် အဓိကမူတည်၍ ဆောင်ရွက်ပါသည်။ တိုက်ပွဲနယ်မြေ အတွင်း ဖြန့်ကျက် ချထားသော လေကြောင်း အင်အားစုများနှင့် မြေပြင် တပ်များ၏ လေကြောင်းရန် ကာကွယ်ရေး လက်နက်များကို ၎င်းနယ် မြေ ၏ အထက်ရှိ ဝေဟင် ပိုင်နက်အတွင်း စနစ်တကျ သေချာစွာ စီမံခန့်ခွဲနိုင်ရေးသည် အဓိကသော့ချက် ဖြစ်ပါသည်။ လေကြောင်း ဆိုင်ရာ နည်းပညာများ တိုးတက်လာသကဲ့သို့ လက်နက်စနစ်များ၏ စွမ်းပကားများမှာလည်း လျင်မြန်စွာတိုးတက် လာနေသောကြောင့် တိုက်ပွဲနယ်မြေ တစ်ခု၏ ဝေဟင်ပိုင်နက် အား စီမံခန့်ခွဲရေးနှင့် ပါဝင် သော တပ်ဖွဲ့များကို မှန်ကန်စွာ စုစည်းကွပ်ကဲနိုင်ရေးမှာ ပိုမို၍ခက်ခဲ နက်နဲလာပါသည်။


(၄၅)      တိုက်ပွဲနယ်မြေ၏ ဝေဟင် ပိုင်နက်အတွင်း နည်း ဗျူဟာ မြောက် လျင်မြန်စွာ လှုပ်ရှား စစ်ကစား နိုင်ပြီး ထိရောက် လျင် မြန်စွာ တုန့်ပြန် တိုက်ခိုက်နိုင်စွမ်းရှိသော လေကြောင်း အင်အား စုများကို အများအပြား ချထား အသုံးပြု လာနိုင်သော ယနေ့ ခေတ်အ ခါတွင် အချင်းချင်း မှားယွင်းပစ်ခတ်မှုများ ပိုမိုဖြစ်ပွား လာစေနိုင် သော ကြောင့် အချိန်နှင့် တစ်ပြေးညီ မှန်ကန်စွာ ကွပ်ကဲနိုင်ရေးမှာ လွန်စွာ အရေးကြီး လှပါသည်။ ထို့အပြင် မှန်ကန်မြန်ဆန် တိကျသော ရန်သူ မိတ်ဆွေ ခွဲခြားမှုစနစ် (Identification Friend or Foe: IFF) များမှာ လည်း မရှိမဖြစ် လိုအပ်လာကြောင်း တွေ့ရှိလာရပါသည်။

ဝေဟင်ပိုင်နက်ခွဲဝေစီမံမှု (Air Space Management)

(၄၆)       တိုက်ပွဲနယ်မြေ တစ်ခု၏ ဝေဟင် ပိုင်နက်အား နယ်မြေ အလိုက်ခွဲဝေ၍ စီမံကွပ်ကဲ ရခြင်း၏ အဓိက ရည်ရွယ်ချက်မှာ တစ်ဦး အပေါ်တစ်ဦး လွှမ်းမိုးနှောင့်ယှက်မှု အနည်းဆုံးဖြင့် ၎င်းနယ်မြေအတွင်း ရှိ စွမ်းအားစု အားလုံးတို့ကို အစွမ်းကုန် ထိရောက်စွာ အသုံးပြု တိုက်ပွဲ ဝင်နိုင်ရေး ပင်ဖြစ်ပါသည်။ သို့သော် တင်းကြပ်စွာ ကွပ်ကဲထားရမည်ဟု ဆိုလိုရင်းမဟုတ်ဘဲ တိုက်ပွဲဝင်မည့် စွမ်းအားစုများကို နည်းဗျူဟာအရ လွတ်လပ်စွာ လှုပ်ရှား ဆောင်ရွက်နိုင်ခွင့် ရှိစေရန်လည်း စဉ်းစားပြီး စီမံထားသင့်ပါသည်။ ဤသို့ ဝေဟင်ပိုင်နက်အား ခွဲဝေစီမံ ကွပ်ကဲရာ တွင် ထိရောက်စွာ ကြီးကြပ်ကွပ်ကဲခြင်းနှင့် တည်မြဲလုပ်ငန်း စည်းမျဉ်း သတ်မှတ် ကြီးကြပ်ခြင်း ဟူ၍ နည်းလမ်း (၂) မျိုးကို အသုံးပြုနိုင်ပါ သည်။

ထိရောက်စွာ ကြီးကြပ်ကွပ်ကဲခြင်း (Positive Control)
(၄၇)      ထိရောက်စွာ ကြီးကြပ် ကွပ်ကဲနိုင်ရန်အတွက် တိုက်ပွဲနယ်မြေ အတွင်းတွင် ရေဒါကဲ့သို့သော အီလက်ထရောနစ်ထောက်လှမ်းရေးနှင့် အာရုံခံ ကိရိယာများ၊ ရန်သူမိတ်ဆွေ ခွဲခြားမှုစနစ်များ၊ ရေဒီယို ဆက် သွယ်ရေး အပါအဝင် ဆက်သွယ်ရေး စနစ်နှင့် ဆက်သွယ်မှု ကွန်ယက် များ ထားရှိရန် လိုအပ်ပါသည်။ တိုက်ပွဲနယ်မြေ၏ သတ်မှတ် ကန့်သတ် ထားသော လေကြောင်း ပိုင်နက်အတွင်း လေကြောင်းရန် ကာကွယ်ရေး တပ်မှူး၏ ခွင့်ပြုချက်မရရှိဘဲ မည်သည့်လေယာဉ်မှ မဝင်ရောက်နိုင်ရေး အတွက် ထိရောက်သော ကြီးကြပ် ကွပ်ကဲခြင်းဖြင့် ဆောင်ရွက်ရပါ သည်။ မည်ကဲ့သို့သော ကြီးကြပ်မှု အမျိုးအစားကို အသုံးပြု ကွပ်ကဲ သည်ဖြစ်စေ၊ ကိစ္စအဝဝတို့နှင့် ပတ်သက်၍ လေကြောင်းရန် ကာကွယ် ရေး တပ်မှူးတွင်သာ လုံးလုံးလျားလျား တာဝန်ရှိပါသည်။ လေကြောင်း ကာကွယ်ရေး ကြီးကြပ်မှု ဗဟိုမှပေးပို့သော ရန်သူ့လှုပ်ရှားမှုများ၊ သတင်း အချက်အလက်များနှင့် မိမိတပ်များ၏ တပ်အသင့် ရှိနေမှု ဆိုင်ရာ အချက်အလက်များကို အချိန်နှင့် တပြေးညီ ရရှိနိုင်ရေးမှာ အထူး လိုအပ်ပါသည်။
(၄၈)      ဝေဟင်နှင့် မြေပြင် အချိန်ကိုက်ပူးပေါင်းဆောင်ရွက် နိုင်ခြင်း သည် အောင်မြင်ခြင်း၏ သော့ချက် ဖြစ်ပါသည်။ အီလက်ထရောနစ် တန်ပြန်ထောက်လှမ်းရေး ရေဒါဖြင့် ရန်သူ လေယာဉ်များအား ထောက် လှမ်းခြင်း၊ သတ်မှတ် နယ်မြေအတွင်း ဝင်ရောက်လာသော လေယာဉ် များအား ရန်သူ မိမိ ခွဲခြား ဆုံးဖြတ်ခြင်းများ ဆောင်ရွက်ရပါမည်။ ရန်သူ/မိတ်ဆွေခွဲခြားသော ကိရိယာများကို မရှိမဖြစ် ချထားအသုံးပြု ရမည် မှန်သော်လည်း ၎င်းကိရိယာ တစ်မျိုးတည်းအပေါ်တွင် အား ထားပြီး ဆောင်ရွက်ခြင်းမျိုးလည်း မဖြစ်သင့်ပါပေ။

တည်မြဲ လုပ်ငန်းစည်းမျဉ်းဖြင့် သတ်မှတ်ကြီးကြပ်ခြင်း (Procedural Control)
(၄၉)       မိမိ၏ လေယာဉ်များနှင့် မြေပြင်တပ်ဖွဲ့များကန့်သတ်ချက် အနည်းဆုံးဖြင့် လှုပ်ရှား စစ်ကစား နိုင်ရေး အတွက်  စံပြုရေးဆွဲထား သော တည်မြဲလုပ်ငန်း စည်းမျဉ်းများချမှတ်၍ ကြီးကြပ်ကွပ်ကဲ ခြင်းဖြစ် ပါသည်။ ဤစနစ်ကို အသုံးပြု ကြီးကြပ်ကွပ်ကဲခြင်းဖြင့် မိမိ၏တပ်ဖွဲ့ ဝင်များ၏လှုပ်ရှားမှုနှင့် ပတ်သက်၍ အချိန်နှင့် တပြေးညီ သိရှိနိုင်ပြီး ရန်သူ၊ မိမိ အလွယ်တကူခွဲ ခြားနိုင်သည့်အပြင် ရန်သူ၏ အီလက် ထရောနစ် တန်ပြန်နှောင့်ယှက်မှု များမှလည်း လွတ်ကင်းစေပါမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။