Thursday, October 24, 2013

တပ်မတော်ကိုဖြိုခွဲနေသောဗိုလ်ချုပ်ကြီးများ

ဆောင်းပါးရှင်။ အောင်လင်းထွဋ်
 
တပ်မတော်သည် ဗိုလ်ချုပ်အောင်ဆန်းခေါင်းဆောင်သော ရဲဘော်သုံးကျိပ် သွေးသောက် သစ္စာဂတိပြု ကာပြည်သူ ၏ အသက် အိုးအိမ်စည်းစိမ်ကိုကာကွယ်စောင့်ရှောက်ရန်အတွက်စနစ်တကျအမျော်အမြင် ရှိရှိဖြင့်  စစ်စည်းကမ်း၊နည်းဥပဒေများ ၊ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများ၊ ပြဌါန်းကာ ဖွဲ့စည်းခဲ့တာပါ ဗိုလ်ချူပ်ကြီးနှင့်မိသားစုများရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ဖို့မဟုတ်သလိုလက်အောက်အရာရှိ၊စစ်သည်များသည်လဲအခိုင်းအစေကျွန်ခံဖို့တပ်မတော်ထဲဝင်ရောက်လာခြင်းမဟုတ်ကြပါ။
ယနေ့တပ်မတော်တွင်ယခင်ကောင်းခဲ့သောအစဉ်အလာများကွယ်ပျောက်၍မကောင်းသောအစဉ်လာ များထွန်းကားနေသည်ကို မည်သူမျှမငြင်းနိုင်ပါ။ အထူးသဖြင့်တပ်မတော်အတွင်းဆရာတစ်ပည့်မွေး သည့်အစဉ်လာပေါ်ထွန်းခဲ့ခြင်းသည်တပ်မတော်ပျက်စီးခြင်းအစဟုဆိုလျှင်မှားမည်မထင်ပါ။ကျွန်တော် ဂဃနန မသိပေမဲ့လေ့လာသိရှိသမျှ ဆရာတစ်ပည့်မွေးအစဉ်လာကို စတင်မွေးဖွားပေးသူမှာ ဗိုလ်ချုပ်ကြီး နေဝင်း ဟုသိရှိရပါတယ်။ဒါပေမဲ့ ဗိုလ်ချုပ်ကြီး နေဝင်း  ဟာကိုယ်တိုင် တပ်မတော် ထူထောင်ခဲ့သူ ရဲဘော်သုံးကျိပ်ဝင်တစ်ဦးဖြစ် သည့်အတွက် ယနေ့တပ်မတော်ဗိုလ်ချုပ်ကြီးများလို တော့ တပ်မတော်၏ စစ်စည်းကမ်း၊နည်းဥပဒေများ ၊ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများ ကိုလုံးဝပျက်စီးအောင်မလုပ်ခဲ့ဘူးလို့ထင်မိပါတယ်။
၁၉၈၈ ခုနှစ် နောက်ပိုင်း ဗိုလ်ချုပ်ကြီး များအကြောင်း ပြောရရင် အားလုံးမှတ်မိကြ လိမ့်မယ်ထင်ပါတယ် ၁၉၉၇ ခုနှစ် `နဝတ´ ကနေ `နအဖ´ ပြောင်းခဲ့တာ အားလုံးစိတ်ဝင်စားလိမ့်မယ်လို့ အဓိကပြဿနာက ဆရာတစ်ပည့်ကြောင့်ပါ။ နဝတ ခေတ်က အဆိုးဆုံးဗိုလ်ချုပ်ကြီးတွေလို့ လက်ညှိုးထိုးရင် ဗိုလ်ချုပ်ထွန်းကြည် ဗိုလ်ချုပ်မြင့်အောင် ဗိုလ်ချုပ်ကျော်ဘ တို့ကိုပြေးမြင်မိကြမှာပါ။ ဒီ (၃) ယောက်လုံးဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့တစ်ပည့် အရင်းခေါက်ခေါက်တွေပါ။ ဆရာအားကိုးနဲ့ဘယ်သူကိုမှဂရုမစိုက်လုပ်ချင်တာကိုအရှက်သိက္ခာမဲ့စွာ လုပ်ခဲ့ကြသူများလဲဖြစ်ကြပါတယ်။ နဝတဖျက်ပြီးတော့အဖွဲ့ဝင်တွေအားလုံးကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ နုတ်မိန့်နဲ့နေအိမ်အကျယ်ချုပ်ထားပြီး နာမည်ကြီးတဲ့အဲဒီဗိုလ်ချုပ်တွေကို စစ်ထောက်လှမ်းရေးကခေါ် ယူစစ်ကြောမေးမြန်းခွင့်ရခဲ့ပါတယ်။
ဗိုလ်ချုပ်ထွန်းကြည် နဲ့ ဗိုလ်ချုပ်မြင့်အောင် ဟာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တပ်မ (၈၈) တပ်မမှူးဖြစ်တဲ့ အချိန်က ဒုတိယတပ်မမှူးများ အဖြစ်အနီးကပ်တာဝန်ယူခဲ့သူတွေဖြစ်လို့ နဝတအဖွဲ့ဝင်တွေကြားမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏တစ်ပည့်ရင်းလို့သတ်မှတ်ခြင်းခံရသူပါ။ ဗိုလ်ချုပ်ထွန်းကြည် ဆိုရင် ဒုတိယ တပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး နဲ့ စစ်တက္ကသိုလ်အပတ်စဉ်(၁)မှာ(၄)နှစ်ကြာသင်တန်းအတူ တက်ခဲ့သည့်အတွက် နအဖ မတိုင်ခင် နဝတ ခေတ်မှာ ဘယ်သူမျှမထိရဲအောင်တန်ခိုးထွားခဲ့ကြ ပါတယ်
ဗိုလ်ချုပ်ထွန်းကြည် နဲ့ ဗိုလ်ချုပ်မြင့်အောင် တို့နှစ်ဦးစလုံးဟာထောက်လှမ်းရေးစစ်ကြောရေးစခန်းမှာ အချိန်အတော်ကြာကြာ စစ်ထောက်လှမ်းရေးအရာရှိတွေနဲ့တွေ့ဆုံမေးမြန်းခဲ့ရပါတယ်။ နောက်ပိုင်းမှာ တော်တော်လေးရင်းနှီးခဲ့တယ်လို့တောင်ပြောလို့ရပါတယ်။စစ်ထောက်လှမ်းရေးက ဗိုလ်ချုပ်ထွန်းကြည် အိမ်ကိုရှာသည့်အခါ အခန်းတစ်ခုတည်းမှာပင် မြန်မာကျပ်ငွေတွေကို မြွေရေခွံအိတ်များထည့်ထားတာ အခန်းပြည့်တွေ့ပြီးသိမ်းဆီးမိခဲ့ရပါတယ်။ အမျိုးသမီးကိစ္စအရှူပ်အရှင်းတွေစစ်မေးတော့ စစ်ကြောသူ တွေကြားမှာ ဟာသဖြစ်ခဲ့ရတယ်။ ဗိုလ်ချုပ်ထွန်းကြည် က `မင်းတို့ဒီကိစ္စတော့ငါ့ကိုယုံပါငါ့ဟာမလာ တော့ဘူးဒါပေမဲ့ယောက်ျားဆိုတော့စိတ်တော့ရှိတာပေါ့ကွာ၊´ လို့ပြောခဲ့ဘူးတယ်။ နောက်ပိုင်းသူပြော ပြတာက အဲဒီအချိန်က နာမည်ကြီးညီအစ်မသုံးယောက်ကို ကိုယ်လုံးတီးချွတ်လမ်းလျောက်ခိုင်းပြီး မျက်စိအရသာခံတာတွေတော့ လုပ်ခဲ့တာတွေရှိခဲ့တယ်ဆိုတာတွေပါ ငွေကြေးမသမာမှုတွေ နဲ့ မဟုတ်တာလုပ်တာတွေကအများကြီးပါ။
ဗိုလ်ချုပ်မြင့်အောင် ဗိုလ်ချူပ်ကျော်ဘ ကတော့   လိုင်းပေါင်းစုံတယ် ငွေမိန်းမ အစုံဘ။ဲ အိမ်ကမိန်းမတွေ ကိုတော့ ရုံးမှာအလုပ်များလို့ ညဘက်ရုံးမှာညအိပ်ရမည်လို့       ဝန်ကြီးတွေကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ကပြောထားတယ် ဆိုသည့်အကြောင်းပြချက်နဲ့ စစ်ရုံးက ညကျောင်းပြန်တာနဲ့ မိန်းမငယ်တွေအိမ်ကို အသီးသီးရောက်သွားကြတယ် ဗိုလ်ချုပ်မြင့်အောင် ဆိုနောက်ပိုင်းဘယ်လောက်ဆိုးလာသလဲဆိုရင် သမီးအရွယ် ရုပ်ရှင်မင်းသမီးလေးတွေပါမကျန် ငွေနဲ့ လုပ်ပိုင်ခွင့်ပေးပြီး နှာဘူးထခဲ့ပါတယ် ကိုယ်ရေး အရာရှိလုပ်သူက သူသွားလေရာအိပ်လေရာ နေရာတိုင်းမှာ အတူအိပ်ဖို့ မိန်းမရှာထားရပြီး မလုပ်ထားရင်သောင်းကျန်းတော့တာပါဘဲ။  ဗိုလ်ချူပ်ကျော်ဘ ကတော့နည်းနည်းညက်တယ် အကောင်းစားလေးတွေကိုဘဲ ရွေးတယ်။
အဲဒီ ဗိုလ်ချုပ်တွေနဲ့ပတ်သက်ခဲ့တဲ့ မိန်းမတွေ ကို အဲဒီတုံးက ရန်ကုန် သမိုင်းကသတင်းတပ်ဖွဲ့ရုံးရှိသည့် အမျိုးသားထောက်လှမ်းရေးဝင်းထဲမှာ နေ့ည စစ်ခဲ့ကြတယ် နာမည်ကြီးသရုပ်ဆောင်အမျိုးသမီးတွေပါ အစစ်ခံရတဲ့နေရာဖြစ်လို့ပွဲစီတယ် အမျိုးသမီးတွေ တော်တော်များများ စစ်ကြောရေးစခန်းမှဝန်ခံခဲ့ကြပါ တယ် ငြင်းလို့မရတဲ့အထောက်အထားတွေကလဲရှိနေခဲ့တာကို စစ်ကြောချက်မှတ်တမ်းတွေကို စုပြီးစာအုပ်တစ်အုပ်ရေးရင် ကမ္ဘာကျော်သွားနိုင်တယ် အဲဒီလို စစ်ကြောမေးချက်တွေကို စုစည်းပြီး ဗိုလ်ချုပ်ကြီးတွေ၏ စစ်စည်းကမ်းဖေါက်မှု မသာမာမှု ဥပဒေကျူးလွန်မှု များကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ထံအစီရင်ခံသည့်အခါမှာတော့ မင်းတို့ထောက်လှမ်းရေး ဒီကောင်တွေကို ဘာ မှမလုပ်နဲ့ ပြန်လွှတ်ပေးလိုက်ဆိုသည့် အမိန့်ပေးလိုက်ပါတော့တယ်။
သိပ်မကြာလိုက်ပါ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ၏ရုံးမှနေ၍ စစ်ထောက်လှမ်းရေးအနေဖြင့် တပ်မတော်အရာရှိကြီးများ နှင့် ဝန်ကြီးများအား စုံစမ်းခြင်း မေးမြန်းခြင်း ထောက်လှမ်းခြင်း ကို ကကကြည်း၏ခွင့်ပြုချက်မရဘဲမလုပ်ရ ဟူသောအမိန့်ထွက်လာပါတော့သည်။ ဒီအမိန့်သည်အပေါ်ယံ ကြည့်လျှင် စစ်ထောက်လှမ်းရေးကို နှိပ်ကွပ်သည်ဟုထင်စရာအကြောင်းရှိသောလဲ အမှန်တစ်ကယ် တော့ တပ်မတော်အတွင်းအဆင့်တန်းအားလုံးလုပ်ချင်တာလုပ်လို့ရတယ် စစ်စည်းကမ်း၊နည်းဥပဒေ များ ၊ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများ၊ စောင့်စည်းစရာမလိုဘူးဆိုသည့်သဘောမျိုးဖြစ်ခဲ့ပါတယ်။
တပ်မတော် အောက်ခြေအဆင့်များအနေဖြင့် ရှေ့တန်းစစ်မြေပြင်များတွင် စစ်သားလုပ်ချင်တာလုပ်လို့ ရတယ်ဆိုသည့် အတွေးအခေါ်များဝင်လာပြီး လူသတ် မုဒိန်းကျင့် ဆက်ကြေးငွေတောင်းတာတွေ ဖြစ်လာခဲ့ပါ တယ် အချို့ အရာရှိတွေကိုယ်တိုင်ဒီလုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြတာတွေရှိခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီးတွေ အဆင့်ကတော စီးပွါးရေးလုပ်ငန်းရှင်ကြီးတွေနဲ့ပေါင်းပြီးမိသားစုလိုက် စီးပွါးရေးလုပ် လာ ကြတယ် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မိသားစုအနေဖြင့်လဲ ၁၉၉၈ ခုနှစ်နောက်ပိုင်းကစပြီး စီးပွါးရေး ပိုသောင်းကျန်းလာသည့်အခြေအနေတွေရှိခဲ့တာတွေကို တွေ့ခဲ့ရပါတယ်။  အဆိုးဆုံးကာလကတော့ ၂၀၀၀ ပြည့်အလွန် ထိုင်းနိုင်ငံက ဓါတ်ငွေ့ဖိုးဒေါ်တာတွေအများပြား ဗိုလ်ချုပ်ကြီးတွေရပြီးတဲ့အချိန်က စလို့ တပ်မတော်လဲဒုက္ခရောက်ရတော့တာပါဘဲ
ပညာမဲ့၊အမျော်အမြင်နည်း၊အတ္တကြီးသည့် ဗိုလ်ချုပ်ကြီးတွေလက်ထဲတိုင်းပြည်၏ ငွေတွေလက်ဝယ် ရောက်လာ သည့်အခါ မိမိတို့စောင့်စည်းရမည့်လူ့ကျင့်ဝတ်သိက္ခာတွေကိုလစ်လျူရှု ပြီး စစ်စည်းကမ်း၊နည်းဥပဒေများ ၊ လိုက်နာရမည့်ကျင့်ဝတ်သိက္ခာများချိုးဖေါက် လုပ်ချင်တာတွေကို ထင်သလိုလုပ်နေတာဟာ တပ်မတော် ကိုပြိုကွဲအောင်လုပ်နေတာပါဘဲ ဒါကြောင့် တပ်မတော် ကိုဖြိုခွဲနေတာ လက်ရှိ စစ်ဝတ် နဲ့ အရပ်ဝတ် ဝတ်စုံဝတ်ပြီး တာဝန်ယူနေတဲ့ ဗိုလ်ချုပ်ကြီးတွေဘဲ ဖြစ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။