Thursday, October 3, 2013

ကန်ဒေါ်လာ ၁၁ဘီလီယံ ရှိသော ဘဏ်စာရင်းငါးခု ကိစ္စကို ပြည်ထောင်စုလွှတ်တော်တွင် ရှင်းမည်

(Mizzima)

"အမေရိကန်ဒေါ်လာ ၁၁ဘီလီယံအထိရှိသော ဘဏ်စာရင်းငါးခုကို နိုင်ငံခြားဘဏ်များတွင် မြန်မာနိုင်ငံက အပ်နှံထားသည့်အတွက် မြန်မာနိုင်ငံအပေါ် ကမ္ဘာ့ဘဏ်က အကြွေးလျှော်မပေးခဲ့ခြင်း" ဆိုသည့် အချက်အား
အောက်တိုဘာလ ၄ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ရှင်းလင်းမည်
ဖြစ်သည်။

ပြည်တွင်း ပုဂ္ဂလိက သတင်းစာတစ်စောင်တွင် ရေးသားထားသော အဆိုပါကိစ္စအား သက်ဆိုင်ရာ
ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းဖြစ်ကြောင်း အဋ္ဌမအကြိမ်
ပြည်ထောင်စုလွှတ်တော်အစည်းအဝေး တတိယနေ့ အစီအစဉ်လျာထားချက် စာရွက်တွင် ရေးသားထားခြင်း
ဖြစ်သည်။


 "နိုင်ငံ့ဘဏ္ဍာငွေ အလွဲသုံးသူများ၏ နိုင်ငံခြားဘဏ်စာရင်းများလော၊ ဒေါ်လာ ၁၁ဘီလျံအထိရှိသော မြန်မာ အကောင့်ငါးခုကို အစိုးရအနေဖြင့် ဖော်ထုတ်ရှင်းလင်းရန်လိုလာ"ဟူသောခေါင်းစဉ်ဖြင့် စက်တင်ဘာလ ၁၂ရက်က Daily Eleven သတင်းစာက ဆောင်းပါးရေးသားခဲ့ခြင်းဖြစ်သည်။

ထိုဆောင်းပါးတွင် မြန်မာနိုင်ငံမှ နိုင်ငံခြားဘဏ်များတွင် ဘဏ်စာရင်း ငါးခုဖွင့်ကာ အပ်နှံထားသည့် ပမာဏ သည် ၁၁ဘီလီယံအထိ ရှိနေပြီဖြစ်ပြီး ထို့ကြောင့်ပင် ကမ္ဘာ့ဘဏ်က အကြွေးလျော်ပေးမည့် အခွင့်အရေးကို လက်လွတ်ဆုံးရှုံးရခြင်းဖြစ်သည်ဟု BIC(Bank Information Center)မှ အာရှဒေသဆိုင်ရာ မန်နေဂျာ Mr.Jelson Garcia ၏ ပြောကြားချက်ကို ကိုးကားကာ ရေးသားထားခြင်းဖြစ်သည်။

အဆိုပါကိစ္စအား စက်တင်ဘာလ ၂၀ရက်က နေပြည်တော်တွင် မီဒီယာသမားများနှင့် ပြည်ထောင်စုဝန်ကြီး များ တွေ့ဆုံရာ၌ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးကျော်ကျော်မောင်က ၁၁ဘီလီယံရှိနေခြင်းမှာ မဟုတ်ကြောင်းနှင့်
နိုင်ငံခြားဘဏ်အကောင့်တွင် အစိုးရက ၇ဘီလီယံသာ ရှိကြောင်းပြန်လည်ရှင်းလင်းခဲ့သည်။

အောက်တိုဘာလ ၄ရက်တွင် ကျင်းပမည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးကို အစီအစဉ် ၇ရပ်နှင့် ကျင်းပမည်ဖြစ်ပြီး ၁၁ဘီလီယံကိစ္စ ရှင်းလင်းမည့်အစီအစဉ်သည် အစီအစဉ် ၆ခုမြောက်တွင်ရှိသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။