Tuesday, October 8, 2013

ကြီးလေးကြီးထဲက သတိထားသင့်သော ကြီးသုံးကြီး

(စည်းလုံးခြင်းရဲ့အင်အား)



ယနေ့ နိုင်ငံရေးကာလ အခင်းအကျင်းများအရ အစိုးရနဲ့ လွှတ်တော် အပြန်အလှန် သဝဏ်လွှာ ပေးပို့မှုများ၊ ထောက်ကွက်များ၊ ပွတ်တိုက်မှုများကို လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အဖို့ အထူး သတိထားသင့်ပြီဟု စစ်ဖက်နီးစပ်သူများက တင်ပြလာပါတယ်။ ကြီးသုံးကြီးဆိုလို့ ဦးသိန်းစိန်၊ သူရဦးရွှေမန်း၊ ဒေါ်အောင်ဆန်းစုကြည်ဆိုပြီး နိုင်ငံတကာနဲ့ ပြည်တွင်းက သတ်မှတ်ထားပေမဲ့ စစ်ဖက်နီးစပ်သူများနဲ့ မျိုးချစ် တပ်မတော်သားများ အနေနဲ့ကတော့ မြန်မာနိုင်ငံမှာ ကြီးလေးကြီး သတ်မှတ်ထားပါတယ်။ ကျန်တဲ့ ကြီးတစ်ကြီးကတော့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဖြစ်ပြီး နိုင်ငံရေး ကန့်လန့်ကာ နောက်ကွယ်က ကြီးတစ်ကြီး ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဤဝက်ဘ်ဆိုဒ် တစ်နေရာမှာ တင်ပြခဲ့သလို သူကိုးကွယ်တဲ့ ဗေဒင် နက္ခတ်ဆရာရဲ့ ပြောကြားချက်အရ နိုင်ငံတော်သမ္မတအဖြစ် ရည်မှန်းနိုင် မမှန်းနိုင်နဲ့ စိတ်ကူးယဉ်နိုင်သလားဆိုတာ ပြောလို့မရနိုင်တဲ့ အခြေအနေမှာ ရှိပါတယ်။ ဒီလိုဆိုရင် နိုင်ငံရေး အကြပ်အတည်းကြောင့် တပ်မတော် နောက်ကြောင်း ပြန်လှည့်မှာကို နိုင်ငံရေး အကဲခတ်များက စိုးရိမ်တကြီး ဖြစ်လာနိုင်ပါတယ်။ ဒါပေမဲ့ နိုင်ငံရေး လက်ရှိ အခြေအနေ အခင်းအကျင်းကို မှန်မှန်ကန်ကန် သုံးသပ်ကြည့်ရင် ဆိုးဝါးမှု တစုံတရာ မရောက်သေးတာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ အာဏာ ရယူလိုမှု တစ်ခုတည်းနဲ့ တပ်မတော်နဲ့ သူ့သမိုင်းကြောင်း အမဲစက် ထပ်တင်ရဲမှာတော့ မဟုတ်ကြောင်း စစ်ဖက်နီးစပ်သူများက သုံးသပ်ပါတယ်။


ကြီးနှစ်ကြီးဖြစ်တဲ့ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ ပွတ်တိုက်မှု ဖြစ်ရတဲ့ အကြောင်းရင်းဟာ လွှတ်တော်က ဥပဒေ ပြဌာန်းခွင့် တဖက်သတ် အသာစီးပေးထားရာ အပြန်အလှန် ဟန်ချက်ညီ ထိန်းညှိခြင်းနဲ့ တရားဥပဒေ စိုးမိုးမှု အားနည်းလာရခြင်း ဖြစ်ပါတယ်။ မြန်မာ့ ဒီမိုကရေစီအရေး ပွဲဦးထွက် လှပေမဲ့ လွှတ်တော် ယိုင်နဲ့လာမှု အရိပ်အယောင်တော့ ပေါ်ထွက်လာပါတယ်။ လွှတ်တော်ဟာ ဥပဒေပြုဖို့ တာဝန်ထက် ကျော်လွန်ပြီး အာဏာပိုင် အဖွဲ့အစည်းတွေရဲ့ လုပ်ပိုင်ခွင့်ကို ဝင်ရောက် စွက်ဖက်မှန်းမသိ စွက်ဖက်လာတာကို တွေ့ရပါတယ်။ အလားတူ အခြေခံဥပဒေ ခုံရုံးကို လွှတ်တော်က စွဲချက်တင် ဖြုတ်ချခဲ့ခြင်းကြောင့် တရားရေးမဏ္ဍိုင် ချိနဲ့သွားပြီး ဥပဒေ စိုးမိုးမှု လစ်ဟာကာ အပေါက်ကြီးလာပြီ ဖြစ်ပါတယ်။ ဒီလို ဖြစ်သွားနေတာကို တစ်ဖက်နဲ့တစ်ဖက် အချိန်မှီ ချင့်ချိန်ပြီး ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်မယ်ဆိုရင် ကြိုဆိုရမှာ ဖြစ်သော်လည်း ဆက်လက်ပြီး မိမိ အာဏာပြရေး၊ ရွေးကောက်ပွဲ အနိုင်ရရေး၊ မိမိ ဂုဏ်သိက္ခာ အမှတ် ရယူရေးတို့အတွက် ဆက်လုပ်မယ် ဆိုရင်တော့ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းတို့ ပွတ်တိုက်မှုမှ မီးထွက်လာမဲ့သဘော တွေ့မြင်လာရပါတယ်။

နောက်ဆုံး ဆုံးဝါးမှုဖြစ်စဉ် ဖြစ်လာနိုင်တာက လွှတ်တော်ရဲ့ ပါဝါကို လီဗာကုန် ဇွတ်တရွတ် တင်လာခဲ့ရင် သမ္မတ ဦးသိန်းစိန်တစ်ယောက် ထွက်ရင်ထွက်၊ ပြုတ်ရင်လည်းပြုတ် ဖြစ်လာဖို့ အလားအလာ ရှိလာနိုင်ပါတယ်။ အဲဒီလို ကြိုးပမ်းခဲ့ရင်တော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်လည်း အငြိမ်နေမှာ မဟုတ်တော့ဘဲ အရေးပေါ်ကာလ သတ်မှတ်လို့ အာဏာသိမ်းပြီး ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပပေးကာ ထိုင်းစစ်တပ်လိုဘဲ လူထုထံ ပြန်အပ်သွားရင်တော့ ကောင်းမယ်လို့ စိတ်ကူး မျှော်လင့်မိပါတယ်။ ကြီးအိုကြီးဖြစ်တဲ့ ဦးသန်းရွှေကိုတော့ ခွင့်တောင်းရမှာ ဖြစ်ပါတယ်။


ဒါပေမယ့် စစ်ဖက်နီးစပ်သူ အချို့ကတော့ သမ္မတဟာ ဦးသိန်းစိန်က ဦးရွှေမန်းပြောင်းလည်း ဘာမှသိပ်ထူးခြားလာမှာ မဟုတ်ဘူး အတူတူဘဲလို့ ထင်မြင်ယူဆ နေသူများလည်း ရှိပါတယ်။ ဒီလိုပွတ်တိုက်မှုတွေဟာ နိုင်ငံရေးမဟာဗျူဟာမြောက် ကစားကွက်ဖြစ်ပြီး ပြည်ခိုင်ဖြိုး အချင်းချင်း ပေါ်လွင်ထင်ရှားအောင် လုပ်တာလို့ စစ်ဘက်နီးစပ်သူ တစ်ဦးက သုံးသပ်ပါတယ်။ ဦးရွှေမန်းဟာ ဇာတ်စကားနဲ့ ပြောရရင်တော့ ပြည်သူတွေ ကြိုက်နှစ်သက်လာအောင် လုပ်နေတဲ့ ဗီလိန် မင်းသားကြီးပေါ့လို့ ဆိုပြန်ပါတယ်။ ဒါကြောင့် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ကြီးနှစ်ကြီးရဲ့ ပါဝါနှစ်ခုကို မျက်ခြေမပြတ် စောင့်ကြည့်နေသင့်ကြောင်း တင်ပြလိုပါတယ်။

ဦးသိန်းစိန်ဟာ စီမံခန့်ခွဲရေး အာဏာရှိပြီး Staff Duty ရုံးလုပ်ငန်း ကျွမ်းကျင်သူ တစ်ယောက် ဖြစ်ပါတယ်။ သူရဦးရွှေမန်းဟာ ဥပဒေပြုခွင့် အာဏာရှိပြီး စစ်တပ်အခေါ် Commander ဖြစ်ခဲ့တာကြောင့် စစ်သားပီပီ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆုံးဖြတ် လုပ်တတ်တဲ့သဘော ရှိပါတယ်။ သူတို့တွေရဲ့ ကျွမ်းကျင်မှုအရ ရုံးလုပ်ငန်း ကျွမ်းကျင်သူကို လွှတ်တော်ဥက္ကဋ္ဌ ပေးသင့်ပြီး ဆုံးဖြတ်နိုင်စွမ်း ပိုမိုလုပ်ရတဲ့ သမ္မတရာထူးကို Commander လုပ်တဲ့သူအား လုပ်ငန်း သဘောသဘာဝအရ ပေးရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ဦးသန်းရွှေအနေနဲ့ ဦးသိန်းစိန်အား လွှတ်တော်ဥက္ကဋ္ဌ တာဝန်မပေးဘဲ သူရဦးရွှေမန်းကိုသာ တာဝန်ပေးအပ်မှုကို ဘာလို့လုပ်ခဲ့တယ် ဆိုတာကတော့ စဉ်းစားစရာ ဖြစ်လာပါတယ်။ အခြေခံ ဥပဒေအရ အသွင်ကူးပြောင်းရေး ကာလမှာ နိုင်ငံကို တွန်းတွန်းတိုက်တိုက် ဆွဲတင်လို့ ရအောင် သမ္မတအား လွှတ်တော်ထက် ပါဝါအာဏာ ပိုပေးထားပေမဲ့ လက်ရှိ အခြေအနေအရ ဥပဒေပြုရေးအာဏာဟာ စီမံခန့်ခွဲရေး အာဏာအပေါ်မှာ အပေါ်စီး ဒီဂရီ ရရှိထားပါတယ်။ ဥပဒေပြုပြီးမှ စီမံခန့်ခွဲရေး လုပ်ရတာ ဖြစ်ပါတယ်။ ဦးသိန်းစိန်နောက်မှာ တပ်မတော်နဲ့ ကြံ့ခိုင်ရေးမှ တပည့်လက်သားအချို့ ရှိနေပြီး ပြည်သူလူထုအချို့က သူရ ဦးရွှေမန်းထက်လည်း ပိုကြိုက်နေကြပါတယ်။ သူရဦးရွှေမန်း နောက်ကွယ်မှာတော့ ကြံ့ခိုင်ရေး ပါတီဝင်များ ရှိပေမဲ့ ခန့်မှန်းရ ခက်ပါတယ်။ ဒါကြောင့် ပြည်တွင်းပါဝါအား နှိုင်းယှဉ်ရင် ဦးသိန်းစိန်က ဦးရွှေမန်းထက် သာပါတယ်။

ပြောစရာ ရှိတာက တပ်မတော်က ဦးရွှေမန်းကို ဘာလို့ မထောက်ခံသလဲလို့ မေးရင် ကိုယ်ကျိုးစီးပွား ထိပ်တန်းတင်တဲ့ မူအရ ယနေ့ တပ်မတော်ကို ဖြည့်ဆည်းပေးနိုင်သူဟာ သမ္မတဖြစ်နေတာကြောင့် သမ္မတကို ကပ်ရမယ်ဆိုတဲ့ နိယာမကြောင့် ဖြစ်ပါတယ်။ သူရဦးရွှေမန်းက တပ်မတော်ကို ဘတ်ဂျက် အနည်းငယ် ဖြတ်တောက်ရန်သာလွဲလို့ ပံ့ပိုးပေးမှု မလုပ်ပေးနိုင်သလို နှောင့်ယှက်လို့လည်း မရနိုင်ပါ။ (ကာ/လုံ) ဥက္ကဋ္ဌရဲ့ တာဝန်ကို သမ္မတက တာဝန်ယူထားလို့လည်း ဖြစ်ပါတယ်။ အဓိက အချက်တစ်ချက် အနေနဲ့ တပ်မတော် ခေါင်းဆောင်တွေအနေနဲ့ ဦးသိန်းစိန်ဘက် သိသိသာသာ ပြောင်းလဲလိုက်တာဟာ သူတို့ရဲ့ အထက်အရာရှိတွေ မူ မှန် မမှန် အနည်းကပ် အသိဆုံးမို့လို့ ပြောင်းလဲသွားတယ်လို့ မြင်ပါတယ်။ ဒါကြောင့် ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းကို ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မှန်မှန်ကန်ကန် ချဉ်းကပ်သင့်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ပုဒ်မ (၅၉) (ခ) ပြင်ဆင်ရန် ကိစ္စကို မလိုအပ်တော့ဘဲ အခြေအနေတရပ် ဖန်တီးနိုင်ပါတယ်။ အငြိမ်းစား တပ်မတော် အရာရှိကြီး တစ်ဦးရဲ့ အကြံပြု တင်ပြလာချက်အရ ဗိုလ်ချုပ်ကြီးတွေ လုပ်ပေးချင်ရင် လူခင်ရင် မူပြင်တယ်ဆိုတဲ့ အတိုင်း သုံးစွဲနေကျဖြစ်တဲ့ လက်ရှိ ပုဒ်မ (၅၉) (ခ) လွှမ်းမိုး ပယ်ဖျက်မှု မလုပ်ဘဲ ခေတ်နဲ့ မညီသေးဘူးဆိုကာ ခေတ္တဆိုင်းငံ့ထားပြီး ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေကဲ့သို့ အာဏာ တည်တဲ့အမိန့်ဖြင့် အရေးကြီးအဆို တင်သွင်းသွားလို့ ရပါတယ်။

အဲဒီ အဆို တင်သွင်းမှုမျိုးကို လုပ်ပိုင်ခွင့် ရှိတဲ့ သူတွေကတော့ သမ္မတနဲ့ သူရဦးရွှေမန်းတို့အပြင် (ကာ/လုံ) နဲ့ လွှတ်တော်တွေမှာ ပါဝါ Mandate ရထားတဲ့ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဘဲ ဖြစ်ပါတယ်။ တပ်မတော်ဘက်က ဒုသမ္မတအဖြစ် တင်ပေးတဲ့သူဟာ ရွေးကောက်ပွဲ ဝင်ရန်မလိုဘဲ တိုက်ရိုက် ဖြစ်လာတဲ့ အခွင့်အရေး ရှိတာမို့ အဆင့် တော်တော်များများ ဖြတ်ကျော်သွားနိုင်ပါတယ်။ တပ်ချုပ်က ဒေါ်အောင်ဆန်းစုကြည်ကို တင်မယ်ဆိုတော့ စာဖတ်သူ အချို့က လက်ခံချင်မှ လက်ခံပါမယ်။ မြန်မာ့နိုင်ငံရေး အခင်းအကျင်းဟာ ခက်ခဲသိမ်မွေ့ နက်နဲရှုပ်ထွေးသလို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအပြီး သမ္မတ ခန့်မှန်းချက်ဟာ ဦးရွှေမန်း ဖြစ်မလာဘဲ ဦးသိန်းစိန် ဖြစ်လာတဲ့ နမူနာဖြစ်စဉ်ကို ကြည့်ရင် ခန့်မှန်းရ ခက်နေပါကြောင်း တင်ပြလိုပါတယ်။ ဒါပေမဲ့ လက်ရှိ နိုင်ငံရေး အခင်းအကျင်းအပေါ် ခံစားရှုမြင်ကြတဲ့ တပ်မတော်သားရဲ့ အမြင်ကို လက်ရှိ စစ်ရုံးမှာ တာဝန်ထမ်းဆောင်နေတဲ့ အရာရှိကြီးတစ်ဦးက အခုလို ဖေါ်ထုတ် တင်ပြလိုက်ပါတယ်။

ကျွန်တော်တို့က တာဝန်ပေးအပ်လို့ နိုင်ငံရေးကို မလွှဲမရှောင် လုပ်နေရတာပါ။ မြန်မာ့နိုင်ငံရေး သမိုင်းကြောင်းအရ အုပ်စု/ပါတီစွဲ၊ ဝါဒစွဲ၊ ဘာသာစွဲ၊ လူမျိုးစွဲတွေကြောင့် တိုက်ပွဲတွေဖြစ်ကာ ပြည်သူလူထု ဒုက္ခဆင်းရဲ ရောက်ကုန်ကြပြီး တပ်မတော်မှ ပြည်သူလူထုကို အသက်ပေး ကာကွယ်ခဲ့တဲ့ အစဉ်အလာကောင်းတွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ အာဏာသိမ်းပြီး ပြည်သူ့ထံ ပြန်မအပ်မိတော့ဘဲ စစ်အာဏာရှင်စနစ် ထူထောင်ခဲ့လို့ တပ်မတော်ဟာ နံမည်ပျက်ခဲ့ရတယ်။ ဒါကြောင့် တပ်မတော်သားတွေ နိုင်ငံရေးကို စိတ်ကုန်နေတယ်။ ဘယ်သူမှ မလုပ်ချင်ကြဘူး။ ဒို့တာဝန် အရေးသုံးပါး ထိခိုက်မှာ စိုးရိမ်လို့၊ တနည်းအားဖြင့် အာဏာ ပြန်မသိမ်းချင်တော့လို့ ၂၅ ရာခိုင်နှုန်း ယူထားတာပါ။ စစ်သားဟာ လုပ်အားပေးဆိုတဲ့ ပေါက်တူးကိုတောင် ကိုင်ချင်တာ မဟုတ်ဘဲ ပြည်ပရန် ကျူးကျော်စစ်ကိုဘဲ တိုက်ချင်တာပါ။ တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးတလျှောက် နှစ်အတော်ကြာ အုပ်ချုပ်ခဲ့တာကြောင့် သွေးနဲ့ ချွေးနဲ့ ရင်းပြီး ရခဲ့တဲ့ ပြည်တွင်းပြည်ပ အတွင်းရေး အတွေ့အကြုံနဲ့ အုပ်ချုပ်ရေး ယန္တရား အတွေ့အကြုံတွေကို မျှဝေပေးလိုပါတယ်။ ရုတ်တရက် အရပ်သားတွေ လက်ထဲ စွပ်ကနဲ အာဏာအပ်လိုက်ရင် ပြည်ထောင်စု ပြိုကွဲကာ အများကြီး ခက်ခဲသွားနိုင်တာကြောင့် အထောက်အကူ ပေးထားတဲ့ သဘောပါ။ တိုင်းရင်းသားတွေရဲ့ ဖယ်ဒရယ်ရပြီး တိုင်းပြည်မှ ခွဲမထွက်ဘူးဆိုတဲ့ ကတိကဝတ် ရပြီဆိုရင်၊ တစ်ခုတည်းသော တပ်မတော် ဖြစ်လာပြီဆိုရင် ကျွန်တော်တို့ မိမိဖာသာ မိမိ အဆိုပြုပြီး ဘားတိုက်ကို တားချိန်တောင် မရဘဲ ပြန်သွားမှာပါ။ အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့ စည်းလုံးညီညွတ်မှု ရှိလာပြီဆိုရင် အင်ဒိုနီးရှားထက် ကျွန်တော်တို့ ပိုပြီးတောင် စောပြီးပြန်ပါလိမ့်မယ်။ ကျွန်တော်တို့ တပ်မတော်သားတွေဟာ ပြည်သူ့ရဲ့ သားသမီးတွေ ဖြစ်နေတာကြောင့် ပြည်သူကို ထာဝစဉ် ကာကွယ်စောင့်ရှောက်လိုပြီး ကျွန်တော်တို့ လိုချင်တာက အာဏာထက် ပြည်သူရဲ့ မေတ္တာတရားဘဲ ရချင်ပါတယ်လို့ ပြောသွားပါတယ်။

ဒါကြောင့် ကြီးသုံးကြီးထဲက တစ်ဦးဦးဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား စေတနာ အရိုးခံဖြင့် မှန်မှန်ကန်ကန် လက်တွဲကာ ပေါ်ထွန်းလာစေဖို့ ဆုတောင်း တင်ပြပေးလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။