Wednesday, October 2, 2013

မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်ဖြစ်လာပါက သယံဇာတတူးဖော်ရေးလုပ်ငန်းများတွင် အလွဲသုံးစားလုပ်မှုများ ပပျောက်နိုင်ဟု ဘဏ္ဍာရေးဒု-၀န်ကြီး ဆို

(Mizzima)

မြန်မာနိုင်ငံအနေဖြင့် တွင်းထွက်သယံဇာတတူးဖော်ရေး ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (EITI) အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံ ဖြစ်လာပါက တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင် အလွဲသုံးစားမှုများ ပပျောက် သွားနိုင်သည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုဝန်ကြီး၊ EITI လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်သိမ်းက
အောက်တိုဘာ ၁ ရက်တွင် ပြောသည်။

ဒု-၀န်ကြီးက ယင်းသို့ ပြောကြားခြင်းမှာ ရန်ကုန်မြို့ Strand ဟိုတယ်တွင် ပြုလုပ်သော တွင်းထွက်သယံဇာတများ တူးဖော်ရေး ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးဆိုင်ရာ အရပ်ဘက်လူမှုအဖွဲ့စည်းများ တွေ့ဆုံပွဲတွင် ဖြစ်သည်။


ဒု-၀န်ကြီးက “သယံဇာတ ပေါကြွယ်ဝတဲ့ နိုင်ငံတွေ ရှိကြပေမယ့် နိုင်ငံချမ်းသာပြီး ပြည်သူဆင်းရဲတယ်။ သယံဇာတ တူးဖော်ရေးလုပ်ငန်းတွေမှာ စီမံခန့်ခွဲတဲ့နေရာမှာညံ့တယ်။ အစိုးရဘက်က အလွဲသုံးစားလုပ် တာတွေရှိတယ်။ အဲတော့ သယံဇာတ ကျိန်ဇာသင့်နေတယ်။ EITI အဖွဲ့ဝင်နိုင်ငံဖြစ်သွားပြီဆိုရင် အရပ်ဘက်အဖွဲ့စည်းတွေရဲ့ ကဏ္ဍက မြင့်မားလာပြီး စောင့်ကြည့်လေ့လာမှုတွေ ရှိလာမှာဖြစ်တဲ့အတွက် အလွဲသုံးစားမှုတွေ ပျောက်ကွယ် သွားနိုင်တယ်”ဟု ဆိုသည်။

မြန်မာနိုင်ငံသည် EITI အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများတွင် လာရောက် ရင်းနှီးမြှုပ်နှံကြသော ပြည်ပကုမ္ပဏီများ၊ အစိုးရ အခွန်အခရရှိငွေများ၊ ပြည်သူ့အကျိုးစီးပွား ရှိမရှိ စသည်တို့ကို အရပ်ဘက်ဆိုင်ရာ အဖွဲ့စည်းများမှ လေ့လာစောင့်ကြည့်ခွင့် ရမည်ဖြစ်၍ EITI အဖွဲ့ ၀င်နိုင်ငံဖြစ်ခြင်းသည် ဒီမိုကရေစီ ဖော်ဆောင်နေသော နိုင်ငံအဖြစ် ပြယုဂ်လည်းဖြစ်ကြောင်း ၀န်ကြီးက ဆက်လက် ပြောကြားသည်။

တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှိရေးတွင် အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းများ အနေဖြင့် အရေးကြီးသောနေရာတွင်ရှိပြီး အဆိုပါလုပ်ငန်းများတွင် လာရောက်ရင်းနှီးမည့် ကုမ္ပဏီများကို
စောင့်ကြည့်ခြင်း၊ အစိုးရ၀န်ကြီးဌာနများကို စောင့်ကြည့်ရခြင်းများကို ပြုလုပ်ရမည်ဖြစ်၍ အရပ်ဘက် အဖွဲ့အစည်းများ ၏ လုပ်ပိုင်ခွင့်များကို နိုင်ငံတော်သမ္မတအနေဖြင့် ထုတ်ပြန် ကြေညာပေး သင့်ကြောင်း ECODEV မှ အုပ်ချုပ်မှု ဒါရိုက်တာ ဦးဝင်းမျိုးသူကလည်း ပြောသည်။

၎င်းက “အရပ်ဘက်အဖွဲ့စည်းတွေက လုပ်ပိုင်ခွင့်ရှိတယ်ဆိုပေမယ့် ထုတ်ပြန်ကြေညာတာတွေ မရှိတဲ့အတွက် တကယ်အောက်ခြေကို ဆင်းပြီးလုပ်တဲ့ အရပ်ဘက် အဖွဲ့အစည်းတွေ အခက်အခဲဖြစ်ရတယ်။ ဒါ ကြောင့် အရပ်ဘက် အဖွဲ့စည်းတွေရဲ့ ပါဝင်ခွင့် လုပ်ပိုင်ခွင့်ကို ထုတ်ပြန်ပေးဖို့လိုတယ်”ဟု ဆိုသည်။

ယင်းကဲ့သို့ EITI အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက တွင်းထွက်သယံဇာတ တူးဖော်ရေးလုပ်ငန်းများ ဆောင်ရွက်မည့် စီမံကိန်းရှိရာဒေသများကို ပထမအဆင့်အနေဖြင့် ဦးစားပေးလုပ်ငန်းများ ဆောင်ရွက်သင့်ပြီး အစိုးရနှင့် လာရောက် ရင်းနှီးမည့် ကုမ္ပဏီများ အလွဲသုံးစားမှုများ မပြုလုပ်နိုင်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများ၏ အရည်အသွေးကို
မြှင့်တင်ရန်လည်း လိုအပ်ကြောင်း ပွဲသို့ တက်ရောက်လာသည့် မုံရွာဒေသခံဦးစံလင်းက ပြောသည်။

၎င်းက “မြန်မာနိုင်ငံမှာ တည်ဆောက်ခဲ့တဲ့ စီမံကိန်းတွေဆိုရင် ဘာမှ စာရင်းဇယားချပြတာတွေမရှိတဲ့ စီမံကိန်းတွေ ချည်းပဲ။ ပြည်သူလည်း မသိရဘူး။ အရပ်ဘက်အဖွဲ့အစည်းလေးတွေ မသိရဘူး။ အဲဒီတော့ ပြဿနာ မျိုးစုံ ပေါ်လာ တယ်။ ဒါတွေကိုနမူနာယူပြီးတော့ EITI အဖွဲ့ဝင်ဖြစ်လာပြီဆိုရင် အားလုံးပွင့်လင်းစွာ လက်တွဲသွားဖို့လိုတယ်” ဟု
ပြောသည်။

တွင်းထွက်သယံဇာတ တူးဖော်ထုတ်လုပ်ရေး ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေးဆိုင်ရာ အရပ်ဘက် အဖွဲ့အစည်းများ အလုပ်ရုံဆွေးနွေးပွဲကို မြန်မာနိုင်ငံတွင်းရှိ အရပ်ဘက်အဖွဲ့အစည်း ၁၀၀ ကျော်နှင့် ဘဏ္ဍာရေးဝန်ကြီးဌာန တာဝန်ရှိ သူများ တက်ရောက်ခဲ့ပြီး အဆိုပါဆွေးနွေးပွဲကို အောက်တိုဘာ ၃ ရက်အထိ ပြုလုပ်သွားမည်ဖြစ်သည်။ မြန်မာနိုင်ငံ အနေဖြင့် EITI အဖွဲ့ဝင်နိုင်ငံအဖြစ် ပါဝင်နိုင်ရန် ဒီဇင်ဘာလတွင် လျှောက်ထားမည်ဖြစ်သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။