Monday, October 7, 2013

ကလေးစစ်သား သုံးစွဲမှုကြောင့် မြန်မာ့တပ်မတော်ကို အမေရိကန် စစ်ရေး မကူညီသေး

(Irrawaddy)

မြန်မာနိုင်ငံနှင့် စစ်တပ် ချင်း ဆက် သွယ်ပူးပေါင်းမှုကို တိုးမြှင့်ရန် ကတိပြု ထားပြီး ဖြစ်သော အမေရိ ကန်နိုင်ငံက သမ္မတ ဦးသိန်းစိန်၏ အစိုးရ ကို လက်နက်ကိုင် ပဋိပက္ခများတွင် ကလေး စစ်သားများ သုံးစွဲခဲ့ခြင်း အတွက် စစ်ရေး အကူအညီပေးခြင်းကို ဆက်လက် ပိတ်ဆို့ထား မည် ဖြစ်ကြောင်း ယခင် အပတ်က ထုတ်ပြန်ကြေညာ သည်။

ကလေး စစ်သား ကာကွယ် တားဆီးရေး ဥပဒေ (Child Soldiers Prevention Act) အရ ၂၀၁၄ ခုနှစ် အတွင်း အမေရိကန် ၏ စစ်ရေး အထောက်အပံ့ကို ရရှိနိုင်မည် မဟုတ် သည့် နိုင်ငံ ၅ နိုင်ငံစာရင်း တွင် မြန်မာနိုင်ငံလည်း ပါဝင်နေသည်။ ထို ဥပဒေသည် ကလေး စစ်သား သုံးစွဲကြောင်း တွေ့ရှိရသည့် အစိုးရများကို လုံခြုံရေး အကူ အညီပေးခြင်းနှင့် စစ်ဖက် ဆိုင်ရာ ပစ္စည်းများ ရောင်းဝယ်ခြင်းကို တားမြစ် ကန့်သတ်သည့် ဥပဒေဖြစ်သည်။


တားမြစ်ကန့်သတ်လိုက်သည့် နိုင်ငံများမှာ မြန်မာ၊ ရ၀မ်ဒါ၊ ဗဟိုအာဖရိက သမ္မတနိုင်ငံ၊ ဆူဒန်နှင့် ဆီးရီးယား တို့ ဖြစ်ကြသည်ဟု အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ Marie Harf က ဆိုသည်။

ကလေးစစ်သား ကာကွယ်တားဆီးရေး ဥပဒေ (Child Soldiers Prevention Act) အရ အမေရိကန် အစိုးရသည် အစိုးရ လက်နက်ကိုင်တပ်များ သို့မဟုတ် အစိုးရ အထောက်အပံ့ခံ လက်နက်ကိုင်အဖွဲ့များတွင် ကလေးစစ်သား စုဆောင်း သုံးစွဲမှု ရှိ မရှိကို ဖော်ထုတ်ရမည်ဖြစ်သည်။ ၂၀၁၃ ခုနှစ်တွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးဌာနက ထုတ်ပြန်ခဲ့သော လူကုန်ကူးမှု နှစ်ပတ်လည် အစီအရင်ခံစာတွင် ကလေးစစ်သား စုဆောင်းအသုံးပြုနေသည့် နိုင်ငံ ၁၀ နိုင်ငံရှိသည်ဟု စာရင်းသွင်းဖော်ပြထားသည်။

သို့သော်လည်း သမ္မတ အိုဘားမားက ၎င်း တို့ထဲမှ ၅ နိုင်ငံကို ပိတ်ဆို့ ကန့်သတ်ခြင်းမှ အပြည့်အ၀ သို့မဟုတ်၊ တပိုင်းတစ ကင်းလွတ်ခွင့် ပြုခဲ့သည်ဟု Marie Harf က ပြောသည်။ ကင်းလွတ်ခွင့် ရရှိခဲ့သော ၅ နိုင်ငံမှာ ချတ်ဒ်၊ ဒီမိုကရက်တစ် ကွန်ဂို သမ္မတနိုင်ငံ၊ ဆိုမာလီယာ၊ တောင်ဆူဒန် နှင့် ယီမင်တို့ ဖြစ်ကြသည်။ မြန်မာ အပါအ၀င် ကျန် ၅ နိုင်ငံမှာ ကင်းလွတ် ခွင့် မရရှိခဲ့ပေ။

ကန့်သတ်မှုသည် ၂၀၁၄ ခုနှစ်တွင် သက်ရောက်မည်ဖြစ်ပြီး အမေရိကန် မှ နိုင်ငံခြားစစ်တပ်များ ကို ကူညီလေ့ကျင့်ပေးသော နိုင်ငံတကာ စစ်ဖက် ပညာရေးနှင့် လေ့ကျင့်ရေး အစီအစဉ် (IMET)နှင့် အမေရိကန် စစ်သုံးပစ္စည်းများနှင့် နည်းပညာများ ၀ယ်ယူရန်အတွက် ငွေကြေးထောက်ပံ့သည့် နိုင်ငံခြားစစ်ဖက်ဆိုင်ရာ ဘဏ္ဍာရေး ထောက်ပံ့ရေး အစီအစဉ် (FMF) ကဲ့သို့ အထောက်အပံ့များကို တားမြစ်ထားသည်။

မြန်မာနိုင်ငံကို ဘာကြောင့်ကင်းလွတ်ခွင့် မရရှိသနည်းဟု မေးသည့်အခါ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက “ မြန်မာနိုင်ငံက ကလေးစစ်သား ကိစ္စနဲ့ ပတ်သက်ပြီး စတင် ဆွေးနွေးနိုင်အောင်လို့ လုပ်ဆောင်နေပါပြီ” ဟုဖြေသည်။

“ငါးနှစ်ကျော်ကြာ ညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးတဲ့ နောက် ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံက ကုလသမဂ္ဂရဲ့ ကလေးစစ်သား တား ဆီးကာကွယ်ရေး အစီအစဉ်မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒါကြောင့် ကျမတို့ကလည်း ဒီကိစ္စနဲ့ ပတ်သက်လို့ သံတမန် ရေးအရ မြန်မာအစိုးရနဲ့ ဆက်လက်တိုးမြှင့် ဆောင်ရွက်သွားပါမယ်” ဟု Marie Harf ကပြောကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာန ၏ ၀က်ဘ်ဆိုက်တွင် ဖော်ပြထားသည့် သတင်းစာရှင်းလင်းပွဲ မှတ်တမ်းတွင် တွေ့ရှိရသည်။

ရ၀မ်ဒါ အပါအ၀င် တားဆီးကန့်သတ်မှုစာရင်းဝင် နိုင်ငံအချို့သည် (IMET) နှင့် (FMF) အကူအညီ အနည်းငယ်ရရှိခဲ့ ဖူး သော်လည်း မြန်မာနိုင်ငံသည် ယင်းကဲ့သို့ အကူအညီမျိုး ရရှိမည်ဟု သူ မယုံကြည်ကြောင်း Marie Harf က ပြောသည်။

အမေရိကန်နိုင်ငံတွင် ကလေးစစ်သား ကာကွယ်တားဆီးရေး ဥပဒေ (Child Soldiers Prevention Act) စတင် သက် ရောက်ခဲ့သည့် ၂၀၀၉ ခုနှစ်ကထဲက မြန်မာနိုင်ငံသည် တားဆီးကန့်သတ်မှုစာရင်းဝင် နိုင်ငံဖြစ်ခဲ့သည်။

၂၀၁၁ ခုနှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် ပြုပြင်ပြောင်းလဲရေး အစိုးရတက်လာပြီးနောက်ပိုင်းတွင် ပြုလုပ်ခဲ့ သည့် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများကို အသိအမှတ်ပြုသည့် အနေဖြက့် အမေရိကန်နိုင်ငံက စီးပွားရေး ပိတ်ဆို့ကန့်သတ် မှုများ အားလုံးနီးပါးကို ဆိုင်းငံ့ပေးထားလိုက်သော်လည်း မြန်မာစစ်တပ်၏ လူ့အခွင့် အရေးချိုးဖောက်မှု သတင်းများက ဆက်လက် ထွက်ပေါ်နေဆဲဖြစ်သည့် အတွက် လက်နက်ကုန်သွယ်မှုကို ဆက်လက်ပိတ်ဆို့ထားခဲ့သည်။

သို့သော်လည်း တိုက်ခိုက်ရေး မဟုတ်သည့် စစ်ရေးသင်တန်းများပေးခြင်းဖြင့် မြန်မာနိုင်ငံကို ကူညီလိုကြောင်း သမ္မတ အိုဘားမား အစိုးရက ထုတ်ဖော်ပြောကြားခဲ့သည်။ ၁၉၈၈ ခုနှစ်တွင် မြန်မာစစ်အစိုးရက ဒီမိုကရေစီ အရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုသူများကို ရက်စက်စွာဖြိုခွဲခဲ့ပြီး နောက်ပိုင်းတွင် အမေရိကန်က စစ်ရေးအကူအညီ ပေးခြင်းများကို ရပ်တန့် ဖြတ်တောက်ခဲ့သည်။

၁၉၈၈ ခုနှစ် မတိုင်မီ ၈ နှစ်ကာလအတွင်းတွင် အမေရိကန်က မြန်မာနိုင်ငံကို စစ်လက်နက်ပစ္စည်း အမေရိကန်ဒေါ်လာ ၄.၇ သန်းဖိုး ရောင်းချပေးခဲ့ပြီး မြန်မာ စစ်အရာရှိ ၁၆၇ ဦးကို အမေရိကန် စစ်ကျောင်းများတွင် သင်တန်းများ တက်ရောက် ခွင့်ပေးခဲ့သည်ဟု အေပီ သတင်းဌာန၏ အဆိုအရသိရသည်။

မြန်မာနိုင်ငံ၌ နိုင်ငံရေးနှင့် စီးပွားရေး ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်နေချိန်တွင် အမေရိကန် အစိုးရက မြန်မာ စစ်တပ်ကို ပို၍ အတတ်ပညာကျွမ်းကျင်သည့် စစ်တပ် ဖြစ်လာစေရန် စစ်တပ်ချင်းဆက်ဆံရေးကို ပိုမို တိုးတက် လာအောင် လုပ် ဆောင်ခြင်းဖြင့် ကူညီလိုကြောင်း ပြောကြားခဲ့သည်။

အမေရိကန် စစ်တပ်မှ ဥပဒေရေးရာ ကျွမ်းကျင်သူများ မြန်မာနိုင်ငံ သို့ သြဂုတ်လအတွင်းက ၂ လတာကာလအတွင်း ဒုတိယအကြိမ်မြောက် အဖြစ်ရောက်ရှိလာခဲ့ပြီး မြန်မာစစ်တပ်ကို လူ့အခွင့် အရေး နှင့် တရားဥပဒေ စိုးမိုးရေး ဆိုင်ရာလေ့ကျင့်ရေး သင်တန်းများပေးရန် ဖြစ်နိုင်မှု အခြေအနေများကို လေ့လာ သုံး သပ်ခဲ့ကြသည်။

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Derek Mitchell ကလည်း မြန်မာစစ်တပ် အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် နေပြည်တော်တွင် တွေ့ဆုံပြီး စစ်တပ်အတွင်း ဥပဒေလိုက်နာ ကျင့်သုံးမှု အခြေ အနေများကို ဆွေးနွေးခဲ့သည်။

အမေရိကန်အစိုးရ၏ ကူညီရေး အစီအစဉ်များသည် ဖြေးဖြေးမှန်မှန်သွားနေပြီး လက်နက်ကိုင်တိုက်ခိုက်ရေး နှင့် မသက် ဆိုင်သော်လည်း အချို့ အမေရိကန် လွှတ်တော်အမတ်များနှင့် လူ့အခွင့်အရေး လှုပ်ရှားသူများက စစ်တပ်ချင်းဆက်ဆံ ရေးကို တည်ထောင်ခြင်းအားဖြင့် ကလေးစစ်သားများကို ဆက်လက်အသုံးပြုနေကာ ပြီးခဲ့သည့် ၂ နှစ်တာကာလအတွင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များကို ဆက်လက်တိုက်ခိုက်နေခြင်းကြောင့် ပြည်သူ ၁၀၀၀၀၀ ကျော်ကို အိုးအိမ်စွန့်ကာ ထွက်ပြေးတိမ်းရှောင်နေရစေသော မြန်မာစစ်တပ်ကို နိုင်ငံတကာက အသိအမှတ်ပြုလိုက်သလို ဖြစ်သွားမှာကို စိုးရိမ် ကန့် ကွက်မှုများလည်း ရှိနေသည်။

စစ်ဖက်ဆိုင်ရာ အကူအညီပေးမှုများကို ထိန်းချုပ် ကန့်သတ်လိုက်ခြင်းသည် အမေရိကန်က လက်ရှိဆောင်ရွက်နေသော စစ်တပ်ချင်း ဆက်ဆံရေး အပေါ်တွင် မည်သို့သက်ရောက်မှု ရှိနိုင်ကြောင်း မှတ်ချက်ပြုပေးနိုင်ရန် ယခင်အပတ်က ရန်ကုန်မြို့ရှိ အမေရိကန် သံရုံးကို ဆက်သွယ်မေးမြန်းသော်လည်း ပြန်လည်ဖြေကြားမှု မပြုခဲ့ပါ။

ယခင်စစ်အစိုးရ လက်ထက်က မြန်မာစစ်တပ်သည် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် များနှင့် ဖြစ်ပွားသည့် စစ်ပွဲများတွင် ကလေးစစ်သားများကို အသုံးပြုခြင်းအတွက် နာမည်ပျက်ခဲ့ရသည်။

သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်သို့ ရောက်သည့် အခါ အဆိုပါ ပုံရိပ်ဆိုးကို ပယ်ဖျက်နိုင်ရန် ကြိုးစားသည့် အနေဖြင့် အသက် မပြည့် သေး သည့် စစ်သား ဒါဇင်နှင့် ချီ၍ ပြန်လွှတ်ပေးခဲ့သည်။ သြဂုတ်လအတွင်းက စစ်တပ်က ရန်ကုန်မြို့လယ်တွင် ကြော်ငြာ ဆိုင်းဘုတ်ကြီးများ စိုက်ထူ၍ ကလေးစစ်သား အသုံးပြုမှုဆန့်ကျင်ရေး လှုပ်ရှားမှု ကို ပြသခဲ့သည်။

သြဂုတ်လ အတွင်းတွင် မြန်မာစစ်တက်က ကလေးစစ်သား ၆၈ ဦးပြန်လွှတ်ပေးခဲ့သည်ဟု ကုလသမဂ္ဂအဖွဲ့၏ အဆိုအရ သိ ရသည်။ ဇူလိုင်လအတွင်းတွင်လည်း စစ်မှုထမ်းရန်နှင့် အခြားတာဝန်များ ထမ်းဆောင်ရန် အတွက် စုဆောင်းထားသော ကလေးငယ် နှင့် အသက်မပြည့်သေးသည့် လူငယ် ၄၂ ဦးကို ပြန်လွှတ်ပေးခဲ့ကြောင်းလည်း သိရသည်။

သို့သော်လည်း ကလေးစစ်သားများ နှင့် ပတ်သက်သော အကြောင်းအရာ အသစ်များလည်း ဆက်လက်၍ သတင်းများ ထွက်ပေါ်နေသည်။ ရန်ကုန်မြို့တွင်းတွင် ဆိုင်းဘုတ်ကြီး စိုက်ထူခဲ့သည့် သြဂုတ်လ အတွင်း တချိန်ထဲလောက်မှာပင် မိသား စု နှစ်စုက ၎င်းတို့၏ ကလေးငယ် နှစ်ဦးကို စစ်တပ်က ကလေးစစ်သား အဖြစ်ခေါ်ဆောင်သွားသည်ဟု သတင်းစာ ရှင်းလင်းပွဲပြုလုပ်၍ လူသိရှင်ကြား စွပ်စွဲခဲ့ သေး သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။