Thursday, February 13, 2014

တပ်မတော် ရင်ဆိုင် ကြုံတွေ့နေရတဲ့ နိုင်ငံရေးစစ်မျက်နှာ

(စည်းလုံးခြင်းရဲ့အင်အား)
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်
ယနေ့ မြန် မာ့နိုင်ငံရေး အခြေ အနေ တွင် ကြီးလေးကြီးများ ဖြစ်ကြတဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်း၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒေါ်အောင်ဆန်းစုကြည်တို့ဟာ အလုပ်ရုံ ဆွေးနွေးပွဲ၊ အခမ်းအနားပွဲ၊ သင်တန်းဆင်းပွဲ စတာတွေမှာ သူတို့ရဲ့ လိုလားချက်တွေကို အသီးသီး ထုတ်ဖေါ်ပြောကြားလာတာ တွေ့ရပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေ ပြုပြင်ဖို့ အစိုးရနဲ့ တပ်မတော်တို့ အနေနဲ့ စိတ်ပါဝင်စားမှု မရှိဘူးဆိုရင် လူထုအားနဲ့ပြင်ဖို့ ကြိုးစားမယ်လို့တောင် ဆိုလာပါတယ်။ အဲဒီလို ထုတ်ဖေါ် ပြောကြားချက်ကို လေ့လာကြည့်ရင် တစ်ဦးနှင့်တစ်ဦး ရှေ့မတိုးသာ နောက်မဆုတ်သာ လိပ်ခဲတည်းလင်း ဖြစ်နေတယ်လို့ စစ်ဖက်နီးစပ်သူများက မြင်ပါတယ်။ ဒါကြောင့် ဤဝက်ဘ်ဆိုဒ် အနေနဲ့ အလုပ်ရုံ ဆွေးနွေးပွဲသဏ္ဍာန် ပြုလုပ်ပြီး တပ်မတော်ဘက်က ရင်ဆိုင်ကြုံတွေ့နေရတဲ့ နိုင်ငံရေး စစ်မျက်နှာမှာ ရွေးချယ်ရတော့မဲ့ နည်းဗျူဟာများ၊ ဖြစ်နိုင်ချေ အလားအလာများအား သုံးသပ်ထားချက်များကို စုစည်းကာ တင်ပြ လိုက်ရပါတယ်။


ဆွေးနွေးပွဲမှာ တင်ပြကြတဲ့ ပထမ နည်းဗျူဟာကတော့ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုနေတဲ့ လေးပွင့်ဆိုင် တွေ့ဆုံရေးအပေါ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကြီး (၂) ကြီး ဖြစ်တဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့အား အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးခေါ်ဖို့ အလွတ်သဘော တောင်းဆိုသင့်တယ်လို့ တင်ပြပါတယ်။ အဲဒီ အစည်းအဝေး ကျင်းပဖြစ်ရင် ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုလာနိုင်တဲ့ ဘယ်လို အခြေခံဥပဒေတွေကို ချက်ချင်း ပြင်ဆင် လိုက်လျောခွင့် ပေးမယ်၊ ဘယ်အခြေခံ ဥပဒေတွေကိုတော့ နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး အခြေအနေ တည်ငြိမ် အေးချမ်းလာပြီးမှ ပေးမယ်၊ ဆိုင်းငံ့ထားတဲ့သဘော ဖြစ်မယ်၊ ဘယ်အခြေခံ ဥပဒေတွေကိုတော့ ယခုရော နောင်ရော ပြင်မပေးနိုင်ဘူး စသည်ဖြင့် ညှိနှိုင်းပြီးမှ တွေ့ဆုံရေး ဆွေးနွေးပွဲကို သွားရမှာ ဖြစ်ပါတယ်။


(၆၈) နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည် တက်ရောက်နေစဉ်
နောက်တစ်ဦး တင်ပြတဲ့ ဒုတိယ နည်းဗျူဟာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြီးတစ်ကြီးဖြစ်တဲ့ အားလျော်စွာ သူ့ရဲ့Power ကို သုံးပြီးတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အလွတ်သဘော တွေ့ဆုံပြီးမှ ကြီးနှစ်ကြီးကို ပြန်လည် တင်ပြတာ ဖြစ်ပါတယ်။ ဒါပေမဲ့ လက်တွေ့နယ်ပယ်မှာ စစ်တပ်ထုံးစံအရ ဒီနည်းဗျူဟာကိုသုံးဖို့ အလားအလာ နည်းတယ်လို့ မြင်နိုင်ပါတယ်။ ဒီနည်းလမ်းသုံးဖို့က ဗိုလ်ချုပ်မှူးကြီး အနေနဲ့ သတ္တိမွေးဖို့လိုကြောင်း အကြံပြု တင်ပြပါတယ်။ စစ်တပ်ထုံးစံအရ စီနီယာနဲ့ Power ကြီးစဉ်ငယ်လိုက်အရ ဦးသိန်းစိန်နဲ့ ဦးရွှေမန်းတို့ရဲ့ အရှိန်အဝါ လွှမ်းမိုးနေမှုကို သိပ်ပြီး ရှိန်နေစရာ အလေးထား ဂရုပြုရန် မလိုအပ်တော့ဘဲ တိုင်းပြည်ရဲ့အနာဂါတ် လှပဖို့ကိုသာ ဦးစားပေး သင့်တယ်လို့ တင်ပြလာပါတယ်။ အနီးစပ်ဆုံး ဖြစ်စဉ်နမူနာကို တင်ပြလာတာကတော့ ဗိုလ်ချုပ်မှူးကြီး စောမောင် လက်ထက်တုန်းက ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပခဲ့ရာမှာ တရားမျှတပြီး ဘက်မလိုက်ဖို့ တပ်မတော်သားတွေကို မှာကြားခဲ့တာကြောင့် သန့်ရှင်း လွတ်လပ်တဲ့ ရွေးကောက်ပွဲ ဖြစ်လာပြီး နိုင်ငံတကာနဲ့ မြန်မာနိုင်ငံက လူထုတစ်ရပ်လုံး အံ့သြဝမ်းသာ ဖြစ်ခဲ့ရဖူးပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်က Power Line-up အရ နံပါတ်ဝမ်း ဖြစ်နေလို့ လုပ်ရဲတယ်လို့ တွေးစရာ ရှိပါတယ်။ ဒါပေမဲ့ သူဟာ အဲဒီအချိန်တုန်းက ရင်ဆိုင်နေရတဲ့ စစ်မျက်နှာမှာ စီနီယာဗိုလ်ချုပ်တွေ၊ မဆလအသွင်ပြောင်း တဆညပါတီမှ စီနီယာဗိုလ်ချုပ်တွေ၊ အတိုက်အခံ အားကောင်းနေတဲ့ အချိန်နဲ့ ပြည်တွင်းပြည်ပ နိုင်ငံတကာဖိအား သက်ရောက်မှု ပြင်းထန်နေတဲ့အပြင် ဦးနေဝင်း၊ ဦးစန်းယု၊ ဦးစိန်လွင် စတဲ့ သမ္ဘာဂျိုးကြီးများရဲ့ အရှိန်အဝါလည်း ရှိသေးတာကြောင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ လက်ရှိအခြေအနေနဲ့ နှိုင်းယှဉ်ရင် ပိုလို့တောင် လုပ်ရကိုင်ရ ခက်ခဲတဲ့ အနေအထား ဖြစ်ပါတယ်။ ဗိုလ်ချုပ်မှူးကြီး စောမောင်တစ်ယောက် မွန်းကြပ်ပြီး ရူးသွပ်သလို ဖြစ်သွားခဲ့ရတာ မှတ်မိကြပါလိမ့်မယ်။

ဒီနည်းဗျူဟာကိုသုံးဖို့ အထက်လူကြီးဆိုတဲ့ ကြီးနှစ်ကြီးက ငြိုငြင်တာထက် တပ်မတော်နဲ့ ပြည်သူလူထုက အချစ်တွေပိုလို့ တိုးသွားနိုင်တာမို့ သတ္တိရှိရှိ လုပ်ကိုင်ဖို့ လိုတယ်လို့ သုံးသပ်ပါတယ်။


ဒီမိုကရေစီ ဖေါ်ဆောင်ပေးခဲ့တဲ့ ဖိလစ်ပိုင်မှ ဗိုလ်ချုပ်ကြီး ဖီဒယ်လ် ရာမို့စ်
တတိယ နည်းဗျူဟာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ကြီးနှစ်ကြီးဖြစ်တဲ့ ဦးသိန်းစိန်၊ ဦးရွှေမန်းတို့ရဲ့ ဦးဆောင်မှု ကဏ္ဍကို ခံယူပြီး အသာမှေးလိုက်သွားတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ဒါပေမဲ့ ကြီးနှစ်ကြီးဟာ တုံဏှိဘာဝေ ခပ်မဆိတ် နေတတ်တဲ့ အကျင့်နဲ့ ယခင် စစ်အာဏာရှင်တွေရဲ့ စရိုက်လက္ခဏာအတိုင်း မပွင့်တပွင့် ရှိလွန်းနေတာမို့ အခန့်မသင့်ရင် ကြားညှပ်သွားနိုင်သလို အန္တရာယ် ရှိနိုင်ပါတယ်။ သူတို့ မနိုင်တဲ့ဝန်ကို အချိန်မရွေး တပ်မတော်အား ထိုးချနိုင်တယ်ဆိုတာ သတိပြုရပါမယ်။

စတုတ္ထ နည်းဗျူဟာကတော့ ယခင်အစိုးရ လက်ထက်ကလို ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည်ကို ထားသလိုမျိုး Buffer သုံးတဲ့နည်းလမ်း ဖြစ်ပါတယ်။ တပ်မတော် ဖြစ်နေတာကြောင့် ဝန်ကြီးကို သုံးလို့မရဘဲ ယခင် ကကလှမ်းမှ ဌာနမှူး ဗိုလ်မှူးချုပ် သန်းထွန်းလိုမျိုးကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆက်သွယ် ဆောင်ရွက်ရန် တာဝန်ပေး ခဲ့ဖူးတာကြောင့် ယနေ့ဆိုရင် စရဖ (ကကလှမ်း အသွင်ပြောင်း) မှ ဗိုလ်ချုပ် ကျော်ဆွေကို တာဝန်ပေးနိုင်ပါတယ်။ ဒါပေမဲ့ ယနေ့ မီဒီယာလောကမှာ ပွင့်လင်းလာပြီး သတင်းထောက်တွေလည်း မှိုလိုပေါက်လာတာကြောင့် ဒီလို ညှိနှိုင်းဆောင်ရွက်နေဆဲ ကာလမှာ အချိန်မတန်သေးရင် အထူး လျှို့ဝှက်လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်ရင် ကြီး နှစ်ကြီး မသိအောင် လုပ်နိုင်လေ ပိုကောင်းလေလို့ သုံးသပ်ပါတယ်။ ဆက်ဆံရေး တာဝန်ပေးခံရသူက အတိုင်းအတာ တစ်ခုထက် ကျော်လွန် အောင်မြင်ခဲ့ရင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အဖို့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လျှို့ဝှက် တွေ့ဆုံဖို့တောင် မလိုအပ်တော့ဘဲ လက်ဆွဲပြီး ကြီးနှစ်ကြီးထံ ခေါ်ဆောင် သွားရဲဖို့ သတ္တိမွေးမြူခဲ့ပါက ဒီမိုကရေစီ ဖေါ်ဆောင်ရေးမှာ အဓိက သူရဲကောင်း ဖြစ်သွားနိုင်တယ်လို့ ဆွေးနွေး တင်ပြသွားပါတယ်။



ဒီမိုကရေစီ ဖေါ်ဆောင်ပေးခဲ့တဲ့ အင်ဒိုနီးရှားမှ ဗိုလ်ချုပ်ကြီး ဆူစီလို ဘန်ဘာယို ရိုဒိုယူနို
ပဉ္စမ နည်းဗျူဟာကတော့ တပ်မတော်က နှုတ်ထွက် ပင်စင်ရယူသွားတဲ့ ဗိုလ်ချုပ်များအနက် အပြစ်အနာအဆာ တတ်နိုင်သမျှ ကင်းရှင်းပြီး တပ်မတော်ကလည်း ကြည်ညို လေးစားလောက်အောင် လုပ်ပြသွားနိုင်ခဲ့တဲ့သူ ဖြစ်တဲ့အပြင် စစ်အာဏာရှင်တွေကို ထောက်ပြရဲတဲ့ သတ္တိရှိသော ဗိုလ်ချုပ်တွေကို ရွေးထုတ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရွေးထုတ်တဲ့ ဗိုလ်ချုပ်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဦးစွာ တွေ့ဆုံ သဘောတူညီမှု ရရှိရန် အရေးကြီးပြီး သူ့လူ ကိုယ့်ဘက်သားအဖြစ် သုံးတာကြောင့် အထူးလျှို့ဝှက် လုပ်ဆောင်ရမဲ့နည်းလမ်း ဖြစ်ပါတယ်။ သတိထားရမှာက NLD ရဲ့ EC များ၊ အမာခံလူများနဲ့ အဆင်ပြေအောင် နားလည်မှုရှိအောင် ယုံကြည်မှုရှိရှိ သည်းခံ ပူးပေါင်း ဆောင်ရွက်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်က ရပ်တည်ပေးရပါမယ်။ အဲဒီဗိုလ်ချုပ်က တပ်မတော်ရဲ့ အထာ၊ ဓလေ့စရိုက်၊ အတွင်းရေးသဘော၊ လုပ်ငန်းတာဝန်တွေကို NLD အား ရှင်းပြဖို့နဲ့ တပ်မတော်အား ထိန်းညှိဖို့ ဖြစ်ပါတယ်။ အဲဒီ နည်းဗျူဟာရဲ့ အဓိက ရည်မှန်းချက်ကတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ တပ်မတော်ကို ခွဲထုတ်ရေးပင် ဖြစ်ပါတယ်။ အထက်ဖေါ်ပြပါ နည်းဗျူဟာများကို ဤဝက်ဘ်ဆိုဒ်က ကြီးမှူးကျင်းပတဲ့ ဆွေးနွေးပွဲမှာ အသီးသီး တင်ပြခဲ့ကြတာ ဖြစ်ပါတယ်။

အမျိုးသား နိုင်ငံရေးကဏ္ဍမှာ တပ်မတော်ဟာ အမြဲတန်း ပါဝင်ရမယ်လို့ ဆိုထားတာကြောင့် စစ်တိုက်တာထက် ပိုပြီး ခက်ခဲတဲ့ နိုင်ငံရေး စစ်မျက်နှာမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တစ်ယောက်ဟာ စဉ်းစား သုံးသပ် ချင့်ချိန်ကာ ဒီမိုကရေစီ ဖေါ်ဆောင်ရေးမှာ နည်းဗျူဟာ မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့ တိုက်တွန်း တင်ပြလိုက်ရပါတယ်။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။