Tuesday, February 11, 2014

ဒီမိုကရေစီ ဇာတ်တော်ကြီးနဲ့ တုန့်ပြန်သံ

(စည်းလုံးခြင်းရဲ့အင်အား)
ဒေါ်အောင်ဆန်းစုကြည်
 ဒေါ်အောင်ဆန်း စုကြည်ဟာ အခြေခံ ဥပဒေ ပြင်ဆင်ရေး အတွက် သမ္မတ၊ ပြည်ထောင် စု လွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ် စတဲ့ ကြီး သုံးကြီး ကို လေးပွင့် ဆိုင် တွေ့ ဆုံဆွေးနွေး ဖို့ တောင်းဆိုခဲ့ပါတယ်။ အဲဒီ တောင်းဆိုမှု အပေါ် ကြီးသုံးကြီးတွေ အနေနဲ့ ဘယ်လို သဘော ထား ရှိနေကြ တယ် ဆိုတာကို ဤဝက်ဘ်ဆိုဒ် အမာခံ စစ်ဖက် နီးစပ်သူ တစ်ဦးနှင့် အာဏာ ပိုင် အဖွဲ့အစည်း တစ်ခုမှ ဗိုလ်မှူး ချုပ် တစ်ဦး တို့ ဂေါက်ရိုက်ကြရင်း စကား စမြည် ပြောဆိုကြ ရာက သိရှိ လာတဲ့ အတွင်းရေး စိတ်နေ သဘောထားများ ကို အခုလို ပေးပို့ လာပါတယ်။


စစ်ဖက်နီးစပ်သူ ။ ။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးပွင့်ဆိုင် တောင်းဆိုမှုအပေါ် သမ္မတကြီး၊ လွှတ်တော်ဥက္ကဋ္ဌကြီးတို့က လအတန်ကြာ မလှုပ်မယှက် ရေငုံနှုတ်ပိတ် ဖြစ်နေကြတယ်။ နောက်မှ အခြေခံဥပဒေ ပြင်ဆင်ရေး ကော်မတီ တာဝန်မပြီးသေးလို့ ဆိုတာရယ်၊ ဦးရွှေမန်းထံမှ တိုက်တွန်းပေးမယ် ဆိုတာရယ် အသံထွက်လာတာ ကြားရပါတယ်။ ကြီးလေးကြီး အရင်ဦးဆုံး ညှိနှိုင်းသဘောတူညီချက် ရရှိဖို့က အရေးကြီးတယ် မဟုတ်ဘူးလား။ အဲဒီ သဘောတူညီချက်အရ ပြင်ဆင်လိုတဲ့ ဥပဒေတွေကို ကော်မတီထံ ပေးပို့ပြီး စကားလုံး အနက်အဓိပ္ပာယ်၊ ဥပဒေ အသုံးအနှုန်းတွေကို ဝေါဟာရ ကျွမ်းကျင်တဲ့ ဥပဒေပညာရှင်တွေနဲ့ အသေးစိတ် ညှိနှိုင်းရေးဆွဲပြီး လွှတ်တော်ကို တင်ရင် ပိုပြီး မကောင်းဘူးလား။ မြန်သွားတာပေါ့။ ၂၀၁၄ ခုနှစ် အာဆီယံဥက္ကဋ္ဌကို မြန်မာနိုင်ငံက ရယူထားတာကြောင့် လွှတ်တော်က စလို့ ဘယ်အဖွဲ့အစည်းမဆို အားလပ်ကြမှာ မဟုတ်ဘူးလေ။ ဒါနဲ့ဘဲ ၂၀၁၅ ခုနှစ် ရောက်တော့မယ်။

ဗိုလ်မှူးကြီး။ ။ ခင်ဗျားက ဒီမိုတွေဘက်က အမြင်နဲ့ ပြောနေတာကိုး။ သူတို့ဘက်က ပြန်စဉ်းစားကြည့်ပေါ့။ အစိုးရနဲ့ လွှတ်တော်တို့ရဲ့ Power Line-up အရ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ထိပ်ပိုင်း သုံးဦးစလုံးက စုပြုံပြီး တွေ့မယ်ဆိုရင် လုပ်ထုံးလုပ်နည်းအရ ဘောင်မဝင်ဘူး။ ရှင်းရှင်းပြောရရင် Pride & Role ကျတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လူထုခေါင်းဆောင်အနေနဲ့ မမြင်ဘဲ သာမန် လွှတ်တော် ကိုယ်စားလှယ်တစ်ဦး အနေနဲ့ပေါ့။ နောက်ပြီး ကော်မတီရဲ့ လက်ရှိ အလုပ်ကိုလည်း ဝင်စွက်ဖက်သလို ဖြစ်နေမယ်။ Personal လူပုဂ္ဂိုလ်အနေနဲ့ လက်မခံသေးတဲ့ သဘောပေါ့။ NLD ပါတီလိုင်းက တင်လာတဲ့ဘက်ကိုတော့ သူတို့ မဖြစ်မနေ စဉ်းစား ဆောင်ရွက်ပေးရမယ်။ ကော်မတီက ပြုစု သုံးသပ် အတည်ပြုပြီးမှ ကြီးသုံးကြီးက ဒေါ်အောင်ဆန်းစုကြည်ကို တွေ့ချင်တွေ့မယ်။ ဒါပေမဲ့ စုပြုံပြီးတော့ မတွေ့နိုင်ဘူး။ တစ်ဦးချင်း တွေ့ချင်တွေ့မယ်။ ဒါမှမဟုတ် တစ်ဦးပြီးမှတစ်ဦး တွေ့မယ်။ တစ်ဦးနဲ့လည်း ပြီးချင် ပြီးသွားနိုင်တယ်။

အဆိုပါ ဗိုလ်မှူးချုပ်ရဲ့ တုန့်ပြန်ပြောဆိုချက် အတွင်းရေးစကားသံကို ရွှေမန်း သိန်းအောင် ဇာတ်သဘင် ဖော်ကျူးခဲ့တဲ့ တပ်မတော် အရာရှိကြီး (ငြိမ်း) တစ်ဦးအား ဤဝက်ဘ်ဆိုဒ်မှ ပေးပို့ သဘောထား တောင်းခံခဲ့ရာ သူက ယခုလို ရှင်းပြပါတယ်။

ရွှေမန်းသိန်းအောင် ဇာတ်သဘင် ဖေါ်ကျူးခဲ့တဲ့ သတင်းအား ဒီနေရာမှာ ပြန်လည် ဆက်စပ် ကြည့်နိုင်ပါတယ်။

“ခင်ဗျားတို့ ပေးပို့လိုက်တဲ့ ဂေါက်ကွင်းက ဗိုလ်မှူးချုပ်ရဲ့ ပြောဆိုချက်က ဖြစ်နိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လေးပွင့်ဆိုင် တောင်းဆိုချက်ကို လက်ခံလိုက်ရင် သူမကို အတိုင်းထက်အလွန် နေရာပေးလိုက်သလို ဖြစ်သွား နိုင်တယ်လို့ သူတို့ ယူဆမယ်။ ဒေါ်အောင်ဆန်းစုကြည်လည်း လွှတ်တော်ထဲ ရောက်နှင့်ပြီးသားမို့ တရားဝင် ဆွေးနွေးလို့ ရသားဘဲလို့ သူတို့ ပြောမှာဘဲ။ ကျွန်တော် ရေးသား ပေးပို့လိုက်တဲ့ ရွှေမန်း သိန်းအောင် ဇာတ်သဘင် သရုပ်ဖေါ်ကို စာဖတ်ပရိသတ်တွေ သဘောကျတယ်ဆိုလို့ ကျေးဇူးတင်ပါတယ်”။
ဒါကြောင့် ပရိသတ်များ ထပ်မံ တောင်းဆိုချက်အရ လက်ရှိ နိုင်ငံရေး ဇာတ်ခုံ အခင်းအကျင်း ဖြစ်လာနိုင်မဲ့ အခြေအနေကို ဆက်လက် ပုံဖေါ်ပေးပါရန် မေတ္တာရပ်ခံခဲ့ရာ သူက ယခုလို အာဝဇ္ဇန်းရွှင်ရွှင် ပြောဆိုသွားပါတယ်။


ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးရွှေမန်း
 
“တစ်ထောင့်တစ်ညပုံပြင် နားထောင်နေရတာ ငြီးငွေ့မသွားစေဖို့ ပျော်ရွှင်သွားအောင် တိုင်းရင်းသားတွေကို သူတို့ပြန်သွားရင် ကားလက်ဆောင် စီစဉ်ပေးလိုက်မယ်ဆိုပြီး ဟာဒယရွှင်ဆေး တိုက်ကျွေးနေတဲ့ MPC ဦးအောင်မင်းက ပြောလိုက်ပေမယ့် ကားအစား ပါမစ်စာရွက်သာ ပေးလိုက်နိုင်လို့ စိတ်ပျက်သွားပုံ ရပါတယ်။ တိုင်းရင်းသားတွေကို ဟောပြောနေတဲ့ တစ်ထောင့်တစ်ညပုံပြင် ဇာတ်ဝင်ခန်းအား ပရိသတ်များ ငြီးငွေ့လာလို့ တခန်းရပ်ပြီးတော့ ဒီမိုကရေစီ ဇာတ်တော်ကြီးကို စတင် လာပါတော့တယ်။ ရှေးဦးစွာ ရှေ့ထွက်မင်းသားကြီး ကိုရွှေမန်းနဲ့ ခေါင်းဆောင်မင်းသမီး မမစုတို့ ကပြ အသုံးတော်ခံရာမှာ မင်းသားကြီး ကိုရွှေမန်းက ပြည်သူ့အတွက် ဆိုပြီးတော့ စတင် ဟစ်ကြွေး သီဆိုလိုက်ပါတယ်။ ဆက်လက်ပြီး င့ါနောက်ကြောင်းကို အချိန်မရွေး အစစ်ခံရဲတယ်ဆိုပြီး သီဆိုပြန်ရာမှာတော့ သူ့အသံက ရုတ်တရက် ထစ်ငေါ့သွားပါတယ်။ အကြောင်းကတော့ ကိုရွှေမန်းအဖို့ ရုပ်သေးရုပ် မင်းသား ဖြစ်နေရာ သူ့လက်နဲ့ သူ့ခြေတွေကို ကြိုးနဲ့ဆွဲချည်ထားသလို ဇာတ်ခုံကန့်လန့်ကာ နောက်ကွယ်က သူ့ရဲ့မဟေသီ မခင်လေးသက်က ဇက်ကြိုးဆွဲထားလို့ ဖြစ်ပါတယ်။ ပြည်သူ့အတွက်လို့ ဆိုလိုက်တာနဲ့ သူ့မဟေသီက သတိပေးတဲ့အနေနဲ့ ကြိုးကို တင်းလိုက်သလို ငါ့နောက်ကြောင်း အစစ်ခံရဲတယ်လို့ သီဆိုလိုက်တိုင်းမှာ မဟေသီက ဒေါကန်ပြီး ခပ်တင်းတင်း ဆွဲလိုက်တဲ့ အတွက်ကြောင့် သူ့အသံဟာ ထစ်ငေါ့ ရပ်ဆိုင်းသွားတာ ဖြစ်ပါတယ်။ သူ့မဟေသီက ပါလေရာ ငပိချက် ဆိုလေတိုင်း သူ့ရဲ့ လင်တော်မောင်ကို စိတ်မချလို့ ဇာတ်ကတဲ့ နေရာမှာတောင် လိုက်လာပြီးတော့ စင်မြင့်ပေါ်ကို တင်မလွှတ်မှီ ကြိုးနဲ့ချည်ထားပြီးမှ နောက်က ထိန်းထားတာမို့ ကိုရွှေမန်းခမျာ အသံကို အားယူပြောဖို့ ထစ်ငေါ့နေရတာကြောင့် အပြောကတော့ ရွှေမန်းပါဘဲ ဆိုရိုးစကားကို ပြင်ရမလို ဖြစ်နေပါတယ်”။

ဒေါ်အောင်ဆန်းစုကြည်နဲ့အတူ ဦးသိန်းစိန်
 
“ဒါနဲ့ဘဲ နောက်ပိုင်းမင်းသားကြီး ကိုသိန်းစိန်နဲ့ မမစုတို့ နှစ်ပါးသွားအက အလှည့်ကို ရောက်ပြန်ပါတယ်။ ကိုသိန်းစိန်ဟာ ကနေရင်း ဇာတ်ပွဲအောက်ကို ရောက်နေတဲ့ ပရိသတ်ထဲက ဆရာဝန်ကြီးနဲ့ သူ့ရဲ့မဟေသီ မခင်ခင်ဝင်းတို့ကို မကြာမကြာ လက်ကာပြီး ပြသနေရှာပါတယ်။ အကြောင်းကတော့ ဆရာဝန်ကြီးက ၂၀၁၅ ခုနှစ်ကျရင် ကိုသိန်းစိန် အနေနဲ့ ကျန်းမာရေးအရ ဇာတ်သဘင် လောကက ထွက်မယ်လို့ ကြေညာထားတာမို့ ဆေးစစ်တာမျိုး ကြိုတင် လုပ်နိုင်ရန် နှလုံးစက်နှင့် သွေးပေါင်ချိန် တိုင်းတာမျိုး Pre Medical Checkup လုပ်ချင်နေရာ ကိုသိန်းစိန်က ခဏနေဦးလို့ ဆရာဝန်ကို လက်ကာပြီး တားနေတာ ဖြစ်ပါတယ်။ ဆိုလိုတာက ပရိသတ်တွေ လက်ခုပ် လက်ဝါးတီးပြီး တခဲနက် ဆက်လက် အားပေးရင် ၂၀၁၅ ခုနှစ်မှာ ဇာတ်သဘင်က မထွက်သေးဘဲ ဆက်လက်ပြီး ကပြ အသုံးတော်ခံမယ်လို့ ကိုသိန်းစိန် ရည်ရွယ်ထားဟန် တူပါတယ်။ နောက်ထပ် လက်ကာပြတာ ခံရတဲ့ သူ့မဟေသီကျတော့ ခံယူချက်တစ်မျိုး ရှိပါတယ်။ ဂုဏ်ထူးဆောင် နယက လုပ်နေသူပီပီ ယနေ့ခေတ် မိန်းမများဟာ ယောင်္ကျားများနဲ့ တန်းတူ စီးပွားရှာ နေရတာမို့ တန်းတူရည်တူ ယောင်္ကျားများလည်း နောက်ဖေးမီးဖိုချောင်ဝင်ပြီး ထမင်းဟင်း ချက်တတ်ရမယ်ဆိုတဲ့ ခံယူချက်မျိုး ထားရှိနေတယ်။ ဒါကြောင့် သူမက ယောင်္ကျားတို့ တတ်အပ်တဲ့ အဌာရသ (၁၈) ရပ်အစား (၁) ရပ် ထပ်ဆောင်းပြီး (၁၉) ရပ် ရှိတယ်လို့ သတ်မှတ်ထားတာပေါ့။ ၂၀၁၅ ခုနှစ် ကိုသိန်းစိန် ဇာတ်သဘင်မှ အနားယူရင် မုန့်ဟင်းခါးရောင်းပြီး ရိုးရိုးသားသား စီးပွားရှာစားတော့မယ်လို့ သတင်းထွက်ထားတာ ရှိတယ်လေ။ ဒါနဲ့ဘဲ သူ့ရဲ့မဟေသီဟာ လင်တော်မောင် ထမင်းဟင်း ချက်တတ်ဖို့ရယ်၊ မုန့်ဟင်းခါး ချက်တတ်ဖို့ရယ် သင်တန်းပေးဖို့ လာခေါ်တာကို လက်ကာပြတာ ဖြစ်နေတာပေါ့။ ကိုသိန်းစိန်က မုန့်ဖတ်တွေကို မြင်ယောင်ရင်း နဖူးက ဇောချွေးစတွေ ထွက်လာတော့ ပရိသတ်အနေနဲ့ ဇာတ်ကပြီး မောလို့ ထွက်လာတာဘဲလို့ မြင်ကြတယ်လေ။ အဲဒါ သူတို့နှစ်ဦးကို ကိုသိန်းစိန်က မကြာခဏ လက်ကာပြနေလို့ ပရိသတ်တွေလည်း အားမလို အားမရ ဖြစ်နေကြတယ်။ မင်းသားကြီးနှစ်ဦးနဲ့ ခေါင်းဆောင်မင်းသမီးကြီး မမစုတို့ရဲ့ နှစ်ပါးသွား အကကို ပရိသတ်တွေက မအီမလည် ဖြစ်နေကြရာက နှစ်ပါးသွားအက ကျွမ်းကျင်တဲ့ နောက်ထပ် မင်းသား မရှိတော့ဘူးလားလို့ အော်ဟစ် တောင်းဆိုကြတယ်”။

ဦးသိန်းစိန်နဲ့ ဇနီး ဒေါ်ခင်ခင်ဝင်း
 
“အဲဒီအခါ ရွာစားကြီး ကိုမင်းအောင်လှိုင်ဟာ သူ့ရဲ့ ဆိုင်းဝိုင်းကြီးနဲ့ Computer Keyboard Auto ခလုတ်ကို နှိပ်ပြီးတော့ စိတ်မရှည်တော့တဲ့ ပုံစံနဲ့ ဇာတ်ခုံပေါ် ပြေးတက်လိုက်ပါတယ်။ ကိုမင်းအောင်လှိုင်ဟာ ရုပ်ချောပြီး ငယ်ရွယ်နုပျိုတယ်လို့ အများက ချီးမွမ်းကျတာမို့ သူ့ရဲ့ မဟေသီလည်း စိုးရိမ်စိတ်ပိုပြီးတော့ နည်းနည်း ရုပ်ရင့်သွားအောင် မျက်မှန်တပ်ခိုင်းထားတာကြောင့် ဇာတ်ခုံပေါ် မျက်မှန် တပ်လျက်ကြီး ပါသွားလေရဲ့။ ဇာတ်ကတဲ့ နေရာမှာ အားရပါးရ ခုံကလိုက်တာ သူ့ရဲ့ မျက်မှန်လည်း ပြုတ်ကျသွားတော့ ကဗျာကယာနဲ့ ပြန်ကောက်ပြီး ဇာတ်ခုံအောက်ကို ပစ်ပေးလိုက်ပါတယ်။ နောက်ဆုံးတော့ မင်းသမီး မမစု လက်ကို ဆွဲပြီးတော့ စည်းချက် ညီညီ ကပြ အသုံးတော်ခံပါတော့တယ်။ ဇာတ်သိမ်းပိုင်းကို ဒီလို ကပြလိုက်ရတာက ၂၀၁၃ ခုနှစ် တပ်မတော်နေ့ အခမ်းအနားကို ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြားလိုက် ကတည်းက ဗိုလ်ချုပ်အောင်ဆန်းကို ရိုသေလေးစားတဲ့ အနေနဲ့ရယ်၊ ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ခင်မင်ရင်းနှီးလိုစိတ် ယုံကြည်မှု တစုံတရာ လိုလားတဲ့ အရိပ်လက္ခဏာ တပ်မတော် ခေါင်းဆောင်တွေရဲ့ မျက်နှာပေါ်မှာ ပုံရိပ် တွေ့မြင်ခဲ့ရပါတယ်။ ယခုနှစ် တပ်မတော်နေ့ကျရင်လည်း ဒေါ်အောင်ဆန်းစုကြည်ကို တပ်ချုပ်အနေနဲ့ တရားဝင် ဖိတ်ကြားဦးမှာမို့ တရားဝင် တွေ့ဆုံလို့ အခွင့်အလမ်း ရှိနေသလို မျှော်လင့်ချက် ရောင်ခြည်နဲ့အတူ ပွဲကိုလည်း ဒီမှာတင် တခါတည်း ပြီးသွားနိုင်ကြောင်း တင်ပြလိုက်ရပါတယ်”။

ဦးမင်းအောင်လှိုင် (ဗိုလ်ချုပ်မှူးကြီး)
 
ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်တို့ အမြန်ဆုံး ဒီထက်ပိုမို ပြေလည် နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းရင်း နိဂုံးချုပ်လိုက်ရပါတယ်။



No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။