Thursday, October 25, 2012

နိုင်ငံတော်ရဲ့လုံခြုံရေးကွန်ယက်အပေါ် ဆွေးနွေးခန်း - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


 တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်

အခုတလော အုပ်ချုပ်ရေးယန္တရားအဖွဲ့အစည်းများ၊ SB နဲ့ စရဖကဲ့သို့သော ထောက်လှမ်းရေးအဖွဲ့အစည်းများရဲ့ ထောက်လှမ်းရေး သတင်းများကို နိုင်ငံတော်သမ္မတရုံးနဲ့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးများသို့ Reports တင်ခိုင်းနေရာမှ အမျိုးသားထောက်လှမ်းရေးအဖွဲ့လို အသွင်သဏ္ဍာန်မျိုး ဖွဲ့စည်းမည်ဖြစ်ကြောင်း သတင်းများ ပေါ်ထွက်လျက်ရှိပါတယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေးကွန်ယက် ပေါက်ပြဲနေမှု ရှိနေပြီလားဆိုတာရယ်၊ အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဖွဲ့စည်းရေး အမှန်တကယ် လိုအပ်မှု ရှိ/မရှိ ဆိုတာကို ပြည်တွင်းရှိ တပ်မတော်အရာရှိဟောင်းများနဲ့ စည်းလုံးခြင်းရဲ့အင်အား ၀က်ဘ်ဆိုဒ် အယ်ဒီတာအဖွဲ့တို့ ဆွေးနွေးခန်းကို တင်ပြသွားပါမယ်။

အယ်ဒီတာ။ သတင်းစိစစ်ဆဲအရ ယခင်နအဖ ဥက္ကဌဟောင်းရဲ့ တပည့်ဖြစ်ခဲ့တဲ့ ဗိုလ်မှူးချုပ်စိုးရှိန်ဟာလည်း အမျိုးသားထောက်လှမ်းရေးအဖွဲ့ ဖွဲ့ခဲ့လျှင် ပါဝင်ကောင်း ပါဝင်မည်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အမျိုးသားထောက်လှမ်းရေးအဖွဲ့ကို ကြီးကြပ်ဖွဲ့ပေးမယ်ဟု သတင်းများ ပေါ်ထွက်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး အဖွဲ့ရဲ့ လုပ်ငန်းတာဝန်တွေကို ရှင်းပြပေးပါဦး ဗိုလ်မှူးကြီး။


ဗိုလ်မှူးကြီး။ အဲဒီအဖွဲ့ဟာ လုပ်ထုံးလုပ်နည်းများ၊ ညွှန်ကြားချက်များ၊ မူဝါဒများကို  အစိုးရအား ထိန်းသိမ်းအကြံပြုပေးရပြီး ဘက်ပေါင်းစုံမှ တက်လာတဲ့ သတင်းများအပေါ် သုံးသပ်ကာ နိုင်ငံတော်လုံခြုံရေးအတွက်  မဟာဗျူဟာတွေကို နိုင်ငံတော်အကြီးအကဲက ချမှတ်ပေးနိုင်ဖို့ အဓိက ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

အယ်ဒီတာ။National Intelligence Bureau လို့ခေါ်တဲ့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ဟာ ယခင်အစိုးရများ လက်ထက်က ဒီမိုကရေစီ ဘက်တော်သားများနဲ့ အတိုက်အခံများကို နှိပ်ကွပ်ရာမှာ နာမည်ကြီးလှတဲ့ အဖွဲ့အဖြစ် သတင်းဆိုး ကျော်ကြားခဲ့တယ်ဆိုတော့ လက်တွေ့နယ်ပယ်မှာ ဘယ်လိုကွာဟနေလို့လဲ။

ဗိုလ်မှူးကြီး။ အမှန်တကယ်တော့ နိုင်ငံတကာရှိ NIB လိုမျိုး ထောက်လှမ်းရေး အဖွဲ့အစည်းတွေကတော့ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ နိုင်ငံခြားမှ မြောက်ကိုရီးယား ကွန်မန်ဒိုများ ကျူးကျော်ဝင်ရောက်သည့် ဖြစ်စဉ်လိုမျိုး အကြမ်းဖက်မှုမှ ကာကွယ်ရေး၊ နိုင်ငံတကာနှင့် ဆက်စပ်ဆောင်ရွက်ရေး၊ နိုင်ငံတကာရှိ အစိုးရအဖွဲ့အစည်းများနဲ့ ခေါင်းဆောင်များရဲ့ မူဝါဒနဲ့အတွင်းရေး သတင်းများကို ထောက်လှမ်းရန်အတွက်သာ ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမဲ့ အတိုက်အခံအဖွဲ့တွေဟာ စစ်အာဏာရှင်တွေရဲ့ ထိုင်ခုံကို ကိုင်လှုပ် ထိပါးနေတာကြောင့် ဆူပူအကြမ်းဖက်သမားလို့ ခေါင်းစဉ်တပ်ပြီး ပြည်သူလူထု တည်ငြိမ်မှုကို မလိုလားတဲ့ အသွင်မျိုး ဖန်တီးကာ နှိပ်ကွပ်တဲ့ ယန္တရားအဖွဲ့အစည်း ဖြစ်သွားတာပေါ့ဗျာ။

အယ်ဒီတာ။NIB အဖွဲ့ ဖွဲ့စည်းဖြစ်ပေါ်လာတဲ့ သမိုင်းကြောင်းနဲ့ ဖွဲ့စည်းပုံကို ရှင်းပြပေးပါဦး ခင်ဗျား။

ဗိုလ်မှူးကြီး။NIB ဥက္ကဌအဖြစ် ယခင်အစိုးရများ လက်ထက်က ပြည်ထဲရေးဝန်ကြီးမှ တိုက်ရိုက် ကိုင်တွယ်ခဲ့သလို တချို့အခြေအနေမျိုးမှာ သမ္မတက လိုအပ်ချက်အရ လူပုဂ္ဂိုလ်တစ်ဦးကိုသာ NIB ဥက္ကဌအဖြစ် တာဝန်ပေးတဲ့ သမိုင်းအစဉ်အလာလည်း ရှိခဲ့ပါတယ်။ NIB ဥက္ကဌများအဖြစ် ယခင်က ဦးလေးမောင်၊ စစ်ဘက်လက်ထောက် မျက်မှန်ကြီး ဗိုလ်မှူးချုပ်တင်ဦး၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်မင်းဂေါင်၊ စစ်အာဏာသိမ်းပြီး န၀တအစိုးရ လက်ထက်တွင် ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ဘုန်းမြင့် စသည်တို့က အသီးသီး တာဝန်ထမ်းဆောင်ခဲ့ကြပါတယ်။ NIB အဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့တွေကတော့ တပ်မတော်ထောက်လှမ်းရေး (MIS)(ယခုဆိုရင် စစ်ဖက်ရေးရာလုံခြုံရေး)၊ SB အထူးရဲသတင်း တပ်ဖွဲ့၊ CID မှုခင်းရဲတပ်ဖွဲ့၊ BSI (အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန)၊ Immagration (လ၀က)၊ Custom (အကောက်ခွန်ဦးစီးဌာန) တို့ ပါဝင်ကြပါတယ်။ NIB ထဲမှာ သြဇာအာဏာ အကြီးဆုံးကတော့ MI ဖြစ်ပြီး MI ကို ကိုင်ထားတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ ပြည်ထဲရေးဝန်ကြီးထက် ရာထူးကွာဟ ကြီးမြင့်နေတာကြောင့် NIB ဥက္ကဌဖြစ်တဲ့ ပြည်ထဲရေးဝန်ကြီးဟာ စာရွက်ပေါ်မှာသာရှိကာ NIB ရုံးအဖွဲ့မှူး ရဲမှူးကြီးဇော်ထွန်းအောင်ဟာ ဗိုလ်ချုပ်ကြီးခင်ညွန့်ရဲ့ အလွတ်သဘော ကွပ်ကဲမှုကို ခံယူခဲ့ရပါတယ်။ အဲဒီတုန်းကလည်း ၀န်ကြီးချုပ်ဖြစ်နေတဲ့ ဗိုလ်ချုပ်ကြီးခင်ညွန့်ဟာ တပ်မတော်ထောက်လှမ်းရေးမှူးချုပ် တာဝန်ကို ပူးတွဲထမ်းဆောင်ချင်တာမို့ နိုင်ငံတကာနှင့် ထိုစဉ်က ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးတို့က ဘ၀င်မကျ ဖြစ်ခဲ့ရတယ်။ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအရလည်း ၀န်ကြီးချုပ်နှင့် တွဲကိုင်လို့ရတဲ့ အနေအထား အစဉ်အလာ မည်သည့်နိုင်ငံမှ မရှိခဲ့ဖူးဗျ။ ဗိုလ်ချုပ်ကြီး ခင်ညွန့်နဲ့ ထောက်လှမ်းရေးတစ်ဖွဲ့လုံးကို နှိပ်ကွပ်အရေးယူလိုက်လို့ နိုင်ငံတော်လုံခြုံရေး ကွန်ယက်လည်း ပေါက်ပြဲသွားကုန်တယ်ဗျ။ SB ဆိုတဲ့ ရဲသတင်းတပ်ဖွဲ့တွေဟာ ယခင်က MI ကို ဆရာတစ်ဆူလို ကိုးကွယ်နေရာမှ မျက်ကန်းဘ၀ ရောက်ရှိခဲ့ရတယ်။

အယ်ဒီတာ။ယခု သမ္မတဦးသိန်းစိန် အစိုးရလက်ထက်မှာ အဲဒီ NIB အဖွဲ့ ဖွဲ့မယ်ဆိုတဲ့ သတင်းမှန်ကန်ခဲ့မယ်ဆိုရင် ဗိုလ်မှူးကြီးအနေနဲ့ အမှန်တကယ်လိုအပ်မှု ရှိ/မရှိ သုံးသပ်ပေးပါခင်ဗျာ။

ဗိုလ်မှူးကြီး။ တကယ်တော့ နိုင်ငံတော်သမ္မတဖြစ်ဖြစ်၊ ၀န်ကြီးချုပ်ဖြစ်ဖြစ်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ဖြစ်ဖြစ် သတင်းလက်ဦးမှုဆိုတာ အရေးအကြီးဆုံး ဖြစ်တယ်ဗျ။ အစိုးရသစ်ဖွဲ့ပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလမှာ လူတန်းစားပေါင်းစုံ မြန်မာပြည်ထဲ ၀င်ရောက်လာတာမျိုးရှိတယ်။ အဲဒီလူတန်းစားတွေမှာ ဒုစရိုက် မာဖီးယား ဂိုဏ်းသားများ ပါလာနိုင်သလို အကြမ်းဖက် အဖွဲ့အစည်းတွေကလည်း အသွင်ယူပြီး ရောက်လာနိုင်တယ်ဗျ။ အခုတလောက ဘင်္ဂလီကိစ္စနဲ့ KIA ကိစ္စတွေမှာ သတင်းနောက်ကျမှုကြောင့် လုံခြုံရေးတပ်များ ၀င်ရောက်ထိန်းသိမ်း ကိုင်တွယ်မှု အားနည်းချက် ဖြစ်ပေါ်တာတွေ၊ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ လုပ်တိုင်း တိုက်ပွဲတွေ ဖြစ်နေတာတွေဟာ သတင်းကွင်းဆက်ပြတ်မှု၊ သတင်းဖော်ထုတ်မှု အားနည်းတာတွေကြောင့်ပဲ ဖြစ်တယ်။ ဘယ်နိုင်ငံမဆို သူတို့နိုင်ငံ လုံခြုံရေးအတွက် အဝေးစည်း၊ အပြင်စည်း၊ အတွင်းစည်း လုံခြုံရေးအထပ်ထပ် ကာထားတဲ့ ထောက်လှမ်းရေးကွန်ယက် အနည်းနဲ့အများ ထားကြတာမို့ NIB ဖွဲ့ဖို့ လိုအပ်ပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။