Thursday, October 18, 2012

ဦးသန်းရွှေရဲ့ တပည့်မွေးဗျူဟာ - အပိုင်း (၆)

(စည်းလုံးခြင်းရဲ့အင်အား)


စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးဟောင်း သန်းရွှေဟာ တပည့်များကို ဘယ် လိုနေရာပေး ဆွဲတင်လာခဲ့တယ်၊ တပည့်များရဲ့ တပ်တွင်း ဆက်ဆံရေး အနေအထား အခြေအနေတွေ ဘယ်လိုရှိတယ် ဆိုတာတွေကို စာဖတ်ပရိတ်သတ် အများစုက သိချင်နေကြပါတယ်။

ဦးသန်းရွှေရဲ့ တပည့်ရင်း ဂျူနီယာအကျဆုံး သူတွေကတော့ ဒုဗိုလ်ချုပ် ကြီး အုန်းမြင့်၊ ဗိုလ်ချုပ်ဝေလွင်နဲ့ ဗိုလ်မှူးချုပ်စိုးရှိန်တို့ပဲ ဖြစ်ကြပါတယ်။ တပ်မ (၈၈) မှာ ဦးသန်းရွှေ တပ်မမှူးဖြစ်စဉ်အခါက ဦးအုန်းမြင့်ဟာ စစ်ဦးစီးမှူး (ဒုတိယတန်း) အဖြစ် တာဝန် ထမ်းဆောင်ခဲ့ဖူးသူဖြစ်ပြီး ဗိုလ်ချုပ်နေ၀င်းက မှတ်မိအောင် သူ့ကို ဦးသန်းရွှေနဲ့ ချိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။ ကချင်ပြည်နယ်မှာ မပခတိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင် ခဲ့တုန်းကလည်း အဂတိလိုက်စားမှု အများအပြားရှိခဲ့ပြီး စီးပွားရေးအကြီး အကျယ် သောင်းကျန်းခဲ့ပေမဲ့ ရာထူးမပြုတ်ပဲ လက်ရှိ အစိုးရအဖွဲ့မှာ တောင် ၀န်ကြီးအဖြစ် ပါလာပါသေးတယ်။


ဗိုလ်ချုပ်ဝေလွင်ကတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်မှာ ဒုတိုင်းမှူးအဖြစ် တာဝန် ထမ်းဆောင်နေရာက နေပြည်တော်တိုင်း စစ်ဌာနချုပ်ရဲ့ တိုင်းမှူး အဖြစ် တပ်မမှူးတောင် မဖြစ်လိုက်ရပဲ တဆင့်မြင့်ရာထူး တိုးပေးလိုက် တာ ဖြစ်ပါတယ်။ ဦးသန်းရွှေက ထောက်လှမ်းရေးတစ်ဖွဲ့လုံးကို ဖြုတ်၊ ထုတ်၊ သတ်ခိုင်းပြီး အိန္ဒိယနိုင်ငံသို့ ဘုရားဖူးသွားချိန်မှာ ဗိုလ်ချုပ် ဝေလွင်အား ယုံကြည်စိတ်ချရသူနဲ့ သစ္စာရှိသူအဖြစ် သတ်မှတ် တာဝန် ပေးအပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီနောက် စစ်ထောက်ချုပ်အဖြစ် ထပ်မံတာ ၀န်ပေးခဲ့ကြောင်း စစ်ဖက်နီးစပ်သူများက သတင်း ပေးပို့လာပါတယ်။ နောက်ဆုံးတပည့်ကတော့ ဦးသန်းရွှေရဲ့ စစ်ဘက်လက်ထောက်ဖြစ်တဲ့ ဗိုလ်မှူးချုပ်စိုးရှိန် (OTS-64) ဖြစ်ကြောင်း၊ ယခင် စစ်ဘက်လက် ထောက်ဖြစ်တဲ့ ဗိုလ်ချုပ်နေ၀င်းက လက်ဆင့်ကမ်း လွှဲပေးသူဖြစ်ကြောင်း၊ သူ့ရဲ့ဇနီး ဒေါ်အေးအေးစန်းဟာ ထွက်ရပ်ပေါက် ပုဂ္ဂိုလ်များကို ပွဲတင်ပြီး အမြဲပွဲပေးကြောင်း၊ ရွှေကြည်မုန့်ကို ကိုယ်တိုင်လုပ်ပြီး အမြဲဆွမ်းတင် ကြောင်း၊ အဓိပ္ပါယ်မှာ ဦးသန်းရွှေ ကြည်အောင် ရွှေကြည်ကပ်ရခြင်း ဖြစ်ကြောင်း၊ ဗေဒင်ယတြာများကို အစွမ်းကုန် ယုံကြည် ပြုလုပ်သူဖြစ် ကြောင်း၊ မြောက်ဥက္ကလာသူဖြစ်ပြီး စီးပွားရေးသမားများကို လိုင်းသွင်း ပေးကြောင်း၊ ကာရာအိုကေ စားသောက်ဆိုင်ကြီးများကဲ့သို့ စီးပွားရေး လုပ်ငန်းများမှာ သူမရဲ့ယောက်ျား အမည်ပေါက်ဖြင့် ရှယ်ယာဝင်ခိုင်းကာ အမြတ်ယူတတ်ကြောင်း၊ ဦးသန်းရွှေက ဗိုလ်မှူးချုပ်စိုးရှိန်အား ပြင်ပခရီး သို့ သွားလေရာ နေရာတိုင်းသို့ ခေါ်သွားတတ်ကြောင်း၊ ကိုစိုးရှိန်ဟာ နေရာတိုင်းမှာ ဦးသန်းရွှေအနီးကပ် ဖေးမကူညီ ဆောင်ရွက်ပေးတတ် ကြောင်း၊ ၀န်ကြီးများ၊ ဗိုလ်ချုပ်များက တပ်ချုပ်ကြီးအိမ်သို့ လက် ဆောင် ပေးတိုင်း ဗိုလ်မှူးချုပ်စိုးရှိန်အတွက် ဆိုပြီး ဖားကာ ထဲ့ပေးရတဲ့ အထိ ဦးသန်းရွှေ၏ ယုံကြည်မှုကို ရရှိသူဖြစ်ကြောင်း စစ်ဖက်နဲ့နီးစပ်သူများက ဆိုပါတယ်။

ဒုဗိုလ်ချုပ်ကြီး ခင်မောင်သန်းကတော့ စစ်ဦးစီးဗိုလ်မှူးကြီး (စစ်ဆင်ရေး) အဖြစ် န၀တ မတက်ခင်ကပင် ရယူထားခဲ့ပြီး စစ်ရုံးရောက်လာတဲ့ ဒုတပ်ချုပ် ဦးသန်းရွှေအား အထောက်အကူပေးခဲ့သူ ဖြစ်ပါတယ်။ သူ့အား တပ်ချုပ် ဗိုလ်ချုပ်မှူးကြီးဟောင်း စောမောင်က မကျေနပ်ဖြစ်ကာ စစ်ရုံး မှာ မမြင်ချင်ဘူးလို့ ဆိုပါတယ်။ ဒါ့ကြောင့် သူ့အား ဦးသန်းရွှေက တပ်မ (၈၈) ရဲ့ ဒုတပ်မမှူးအဖြစ် ခေတ္တနှစ်သိမ့်ပေးခဲ့ပြီး ဦးသန်းရွှေ တပ်ချုပ် ဖြစ်လာချိန်မှာတော့ စစ်ရုံးကို ပြန်ခေါ်ထားခဲ့ပါတယ်။ သူဟာ ခလရ (၈၉) တပ်ရင်းမှူးဖြစ်ခဲ့ပြီး တပ်ရင်းမှူးတာဝန် လွှဲပြောင်းပေးခဲ့ရတဲ့ ဗိုလ်ချုပ် သိန်းစိန်ကိုပါ စစ်ရုံးသို့ လက်ဆင့်ကမ်း ခေါ်ယူခဲ့တာမို့ ဦးသန်းရွှေရဲ့ တပည့်ဖြစ်စေခဲ့ပါတယ်။ သူ့ကို ရန်ကုန်တိုင်း စစ်ဌာနချုပ်ရဲ့တိုင်းမှူး နောက်တော့ ကစထမှူးဖြစ်တဲ့အထိ ရာထူးတိုးပေးခဲ့ပါတယ်။ သူ့ရဲ့ဇနီးကလည်း အိမ်တော်ကြီးမှာ တံခါးမရှိ၊ ဓားမရှိ လွတ်လွတ် လပ်လပ် ၀င်ထွက်ခွင့် အလိုအလျှောက် ရခဲ့သူ ဖြစ်ပါတယ်။


ဦးသန်းရွှေရဲ့ ခြံပေါက်တပည့်ရင်းတွေထဲမှာ မပါပေမဲ့ မွေးစားတပည့် တစ်ဦး ပေါ်ပေါက်လာပြီး တပည့်ရင်းတွေထက် လက်ဇောင်းထက်သွား သူကတော့ ဦးအောင်သောင်းပဲ ဖြစ်ပါတယ်။ သူဟာ ခလရ (၇) တပ်ရင်း မှူး၊ ထိုမှ နမခ စစ်ဗျူဟာမှူးနဲ့ မကွေးတိုင်း တ၀တဥက္ကဌ ဖြစ်လာခဲ့ပါ တယ်။ ၄င်းမှ ကုန်သွယ်ရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီးနဲ့ မွေး/ရေ၀န်ကြီး၊ စက်မှု(၁) ၀န်ကြီးများအဖြစ် အဆင့်ဆင့် ကူးပြောင်းခဲ့ရာမှ ဦးသန်းရွှေကို အစွမ်းကုန် ဖားနိုင်ခဲ့သူ ဖြစ်ပါတယ်။ ကျောင်းဆရာမှ စစ်တပ်ထဲ ရောက် လာသူပီပီ စာတတ်သူလို့ စစ်ဘက်အသိုင်းအ၀ိုင်းက ဆိုပါတယ်။ စက်မှု (၁) လက်အောက်ခံ စစ်ကိုင်းချည်မျှင်နဲ့ အထည်စက်ရုံမှူးကို အထူး တာဝန်ပေးကာ အိမ်တော်ကြီး စားဖိုချောင်အတွက် သီးနှံပင်၊ ဟင်းသီး ဟင်းရွက်များ၊ ကောင်းပေ့အစားအစာများ တင်သွင်းခွင့်ရတဲ့အထိ လုံးပန်းနိုင်ခဲ့သူ ဖြစ်ပါတယ်။

အဂတိလိုက်စားမှုမှာ ကမ်းကုန်လို့ သူ့အား ဖြုတ်ဖို့ကြိုးစားနေတဲ့ ထောက် လှမ်းရေး တပ်ဖွဲ့ရန်ကို ကာကွယ်ဖို့အတွက် သူ့ရဲ့သားကို ဒုတပ်ချုပ်ကြီး ရဲ့သမီးနဲ့ ပေးစားကာ လုံခြုံရေး တည်ဆောက်ခဲ့ပါတယ်။ သူဟာ ဦးသန်း ရွှေကို ရှေ့တန်းစစ်မြေပြင် စခန်းတစ်နေရာမှာ ကယ်တင်ခဲ့သယောင်၊ ကျောင်းဆရာပီပီ အာဘောင်အာရင်း သန်သန်နဲ့ ပြောဆိုခဲ့ကြောင်း၊ ဦးသန်းရွှေရဲ့ လက်ကိုင်တုတ် ကြံ့ဖွံ့ပါတီမှာ တက်တက်ကြွကြွနဲ့ လှုပ်ရှား မှုပြုခဲ့ကြောင်း၊ ဗိုလ်ချုပ်မှူးကြီးအား ဘုရားသဖွယ် ဦးခိုက်ကန်တော့ကာ ယုံကြည်အောင် အမြဲပြောဆို နေရာယူခဲ့ကြောင်း၊ ငပွကြီးလုပ်ကာ အတိုက်အခံတွေကို နှိပ်ကွပ်ပြရင်းလည်း နေရာယူခဲ့ကြောင်း၊ သူ့ရဲ့ သားများ စီးပွားရေး သောင်းကျန်းမှုတွေကို လူသိမခံအောင် သိုသို သိပ်သိပ် လုပ်ဆောင်တတ်ကြောင်း၊ ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ် မောင်ဦးတို့က ဖမ်းဝရမ်းထွက်ထားတဲ့ ဦးအောင်သောင်းရဲ့သားပိုင် ဆန် Export သယ်ဆောင်လာတဲ့ သင်္ဘောကို ပြန်လည် ရုတ်သိမ်းခဲ့စေတဲ့ အထိ ဇောင်းထက်ကြောင်း၊ အစိုးရတစ်ဖွဲ့လုံးက သူ့အား လူလည်ကြီးလို့ ခေါ်ကြကြောင်း စသဖြင့် စစ်ဖက်နီးစပ်သူများက သုံးသပ်ပေးပို့လာပါ တယ်။

အချုပ်ဆိုရသော် တပ်ချုပ်ကြီး ဦးသန်းရွှေဟာ တပည့်များကို အစွမ်းကုန် မြှောက်စားမွေးမြူကာ အုပ်စုဖွဲ့စေပြီး သူ့ရဲ့လုံခြုံရေးနှင့် အသက်ခန္ဓာ တည်မြဲရေးအတွက် လုပ်ဆောင်ခဲ့ကြောင်း၊ စစ်အာဏာရှင်စနစ် နှစ်ကြာရှည်အောင် ထိန်းနိုင်ခဲ့သလို ရာထူးတိုးပေးရာမှာလည်း စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်းအတိုင်း ကြည့်မနေတော့ပဲ အထူးကိစ္စရပ်ဆိုတဲ့ စကားလုံး သုံးနူန်းကာ ဥပဒေရဲ့အထက်မှာ နေထိုင်တတ်သူဖြစ်ကြောင်း၊ နိုင်ငံနှင့် တပ်မတော်ကို အုပ်ချုပ်ရာမှာ သူ့ရဲ့အာဏာ တည်မြဲရေးအတွက် သူ့ရဲ့တပည့်များကို ၀ိုင်းရံစေကာ သူတို့ အပြစ်တစ်စုံတစ်ရာ ရှိရင်တောင် သက်သာခွင့်ပေးခဲ့ပြီး အာဏာရှင်တစ်ဦးပီပီ စွမ်းဆောင်နိုင်ခဲ့ကြောင်း၊ ကန့်လန့်ကာ နောက်ကွယ်ကို ၀င်သွားပြီဖြစ်ပေမဲ့ စစ်အာဏာရှင်စနစ်ရဲ့ ဆိုးကျိုးတွေကို သိမြင်ပြီး နိုင်ငံခေါင်းဆောင် ဖြစ်ခဲ့သူပီပီ ပြုပြင်ပြောင်း လဲရေးကို အမှန်တကယ် အားပေးစေလိုကြောင်း စသဖြင့် စစ်ဖက်နဲ့ နီးစပ်သူများက သုံးသပ် တင်ပြသွားကြပါတယ်ခင်ဗျား။


No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။