Sunday, May 11, 2014

ဦးသန်းရွှေ (သို့မဟုတ်) နေပြည်တော်မင်းသားကြီး – အပိုင်း (၈)



သန်းဝင်းလှိုင် (မိုးမခ)

နေပြည်တော် တည်ဆောက်
မြန်မာ့သမိုင်းတွင် သရေခေတ္တရာခေတ်၊ ပုဂံခေတ်၊ မြင်စိုင်း၊ ပင်းယ၊ စစ်ကိုင်းခေတ်၊ အင်းဝခေတ်၊ ဟံသာဝတီခေတ်၊ တောင်ငူခေတ်၊ ဖဆပလခေတ်၊ တော်လှန်ရေးကောင်စီခေတ်၊ မဆလခေတ် စသည့် ခေတ်အသီးသီးတွင် အုပ်စိုးခဲ့သော ဘုရင်များ၊ မင်းများ ၊ အကြီးအကဲများသည် မြန်မာ့သမိုင်းတွင် ထင်ရှားခဲ့သော သရေခေတ္တရာ၊ ပုဂံ၊ စစ်ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ဟံသာဝတီ (ပဲခူး) ၊ ရွှေဘို၊ အမရပူရ၊ မန္တလေး၊ ရန်ကုန်တို့တွင် မင်းနေပြည်တော်မြို့ကြီး တည်ဆောက်၍ စိုးစံခဲ့ကြသည်။


ကုန်းဘောင်ခေတ်၌ ဦးအောင်ဇေယျ ခေါ် အလောင်းမင်းတရားသည် ရတနာသိင်္ဃမြို့၊ ဒီပဲယင်းမင်းက စစ်ကိုင်းမြို့၊ မြေဒူးမင်းက ရတနာပူရ အင်းဝမြို့၊ ဗဒုံမင်းက အမရပူရမြို့ စစ်ကိုင်းဖလ်နန်းရှင်က ရတနာပူရ (ဒုတိယ)မြို့၊သာယာဝတီမင်းက    အမရပူရ(ဒုတိယ)မြို့၊မင်းတုန်းမင်းက ရတနာပုံမြို့တို့ကို တည်ဆောက်ခဲ့ သည်။

ထိုသို့ တည်ဆောက်ရာတွင် မြတ်စွာဘုရား ထားရှိတော်မူခဲ့သော ဗျာဒိတ်တော်အရ “ဇမ္ဗူဒိတ်၊ နိမိတ်ထွန်း၊ဇမ္ဗူဒီပါ လက်ျာတောင်ကျွန်း၊ သြဘာနိမိတ်ထွန်း” ဟု ယုံကြည်၍ မြို့တော်သစ်များကို တည်ဆောက်ခဲ့သလို အခြားအကြောင်းအရင်းများ ဖြစ်သည့် ဗေဒင်ကိန်းခန်းအရ ၊ လုံခြုံရေးအရ၊ ကုန်စည်ကူးသန်း ရောင်းဝယ်ရေးအရ၊ မြို့သစ်နေပြည်တော်သစ်များ တည်ဆောက်ခြင်း၊ ပြောင်းရွှေ့ခြင်းများကို ပြုလုပ်သည်ကို သမိုင်းတွင် အထင်အရှား တွေ့မြင်ရပေသည်။

ထိုသို့ နေပြည်တော်သစ် တည်ခြင်း၊ ပြောင်းရွှေ့ခြင်း လုပ်ရာ၌ ဖော်ပြပါ ဗျာဒိတ်၊ သိုက်၊ အတိတ်နိမိတ်၊ တဘောင်အိပ်မက်၊ စနည်း၊ ဘဝေါ စသည်တို့နှင့် အမြဲဆက်စပ်လျက် ရှိသည်ကို တွေ့ရသည်။ ထို့ပြင် ဗေဒင်၊ ယတြာ၊ အင်း၊ အိုင်၊ ခတဲ့ လက်ဖွဲ့ ဂါထာ မန္တန်များကိုပါ အသုံးချကြသည်။ ကာယသိဒ္ဓိ ခေါ် ဓားပြီး ၊ လှံပြီး ၊ တူမီးသေနတ်ပြီးခြင်း၊ ကိုယ်ခံဖြစ်သည့် လက်သိုင်း၊ ဓားသိုင်း၊ တုတ်သိုင်း၊ ကြိုးသိုင်း စသည့် အတတ်ပညာများကို အသုံးချခြင်း၊ လာဘ်လာဘရွှင်လန်းရန်၊ အရောင်းအဝယ် ကောင်းရန်၊ လူချစ်လူခင်များရန်၊ အပြောအဆိုကောင်းရန်၊ ဥာဏ်ပညာထက်မြက်ရန် ပီယဆေးများကိုလည်း ထိုးကြသည်။ ရတနာဒီပံ ဖယောင်းတိုင်လည်း ထွန်းကြသည်။ ကိုယ်ကာယပေါ်တွင် ပီယဆေးထိုးကြသည်။ အမျိုးသမီးများကလည်း ပီယဆေး ထိုးကြသည်။

အိမ်ဆောက် နန်းတည်မြို့ရွာရပ်ကွက်များ တည်ဆောက်ရာတွင် အင်းများ မြုပ်နှံကြသည်။ ထိုသို့ မြုပ်နှံခြင်းဖြင့် ဖုတ်၊ ပြိတ္တာ၊ တစ္ဆေ၊ သူရဲ၊ ကဝေ၊ စုန်း၊ သဘက်၊ ဘီလူး၊ မှင်စာ အခြားခြားသော မမြင်နိုင်သည့် ဘေးအန္တရာယ်များ၏ ရန်ကို ကာကွယ်တားဆီး ပေးနိုင်သည်ဟု ယုံကြည်ကြသည်။
ယင်းသို့ မင်းနေပြည်တော်တည်ခြင်း၊ ရွှေ့ပြောင်းခြင်း၊ ပျက်စီးခြင်းသည် ဗျာဒိတ်၊ သိုက်၊ အတိတ်၊ နိမိတ်၊ တဘောင်၊ အိပ်မက်၊ စနည်းဘဝေါများနှင့် ဆက်စပ်နေကြောင်း  မြန်မာရာဇ၀င် အသီးသီး၌ ပါရှိရာ ယခုနအဖခေတ်၌ နေပြည်တော်ကို ပျဉ်းမနားမြို့၌ တည်ခဲ့သည့်အကြောင်းမှာလည်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေအတွက် လုံခြုံရေး၊ ဗေဒင်ကိန်းခန်း၊ မိမိ၏ ဘုန်းတော် အာနုဘော် ကြီးမားစေရန်နှင့် မိမိအာဏာ တည်တံ့ရေးအတွက် ဖြစ်ကြောင်း သိသာလှပေသည်။ နအဖ စစ်အစိုးရသည် ပျဉ်းမနားမြို့၌ နေပြည်တော်သစ်ကို ၂၀၀၁ ခုနှစ်မှစ၍ လျှို့ဝှက်တည်ဆောက်ခဲ့သည့် အဆိုပါစီမံကိန်း၏ ကန်ထရိုက်များ အဖြစ် ဗိုလ်ချုပ်ကြီး သူရရွှေမန်း၏ သားဖြစ်သူ အောင်သက်မန်းပိုင် ဧရာရွှေဝါ ကုမ္ပဏီအပြင် အေးရှားဝေါလ်၊ ထူး၊ ယုဇန၊ တက်လမ်း၊ တက်ခမ်၊ ACE ၊ ဒဂုံအင်တာနေရှင်နယ်၊ မက်စ်မြန်မာ၊ ဒမ်းကိုး စသည့် ကုမ္ပဏီများ ပါဝင်ခဲ့သည်။ ထို့ပြင် တရုတ်နိုင်ငံပိုင် ကုမ္ပဏီများလည်း ပါဝင်ခဲ့သည်။

ထို့နောက် ၂ဝဝ၅ ခုနှစ် နိုဝင်ဘာလ ၆ ရက်နေ့ အစိုးရ၀န်ကြီးများ ရန်ကုန်ရုံးစိုက်ရာမှ နေပြည်တော်သို့ ပထမဆုံး ပြောင်းရွှေ့ခဲ့သည်။ ၂ဝဝ၅ ဒီဇင်ဘာလ ၅ ရက်နေ့တွင် နေပြည်တော် ၊ ပျဉ်းမနားတွင် တော်ဝင် သယ်ယူပို့ဆောင်ရေး ယာဉ်လိုင်း စတင်ပြေးဆွဲ၍ ၂ဝဝ၆ ခုနှစ်၊ မတ်လ ၁ ရက် နေ့တွင် မြန်မာနိုင်ငံ၏ မြို့တော် ၊ နေပြည်တော်၏ မြို့တော်ဝန်အဖြစ် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စည်ပင်သာယာရေး ၀န်ကြီး ဗိုလ်မှူးကြီး သိန်းညွှန့်အား ခန့်အပ်ခဲ့သည်။

၂ဝဝ၆ ခုနှစ်၊ မတ်လ ၂၇ ရက်တွင် (၆၁) ကြိမ်မြောက် တပ်မတော်နေ့ကို ပထမဆုံးအကြိမ်အဖြစ် နေပြည်တော် စစ်ရေးပြကွင်း၌ စတင်ကျင်းပခဲ့သည်။

ထိုနှစ် မတ်လ ၃ဝ ရက်နေ့မှာပင် ပျဉ်းမနား လယ်ဝေး၊ တပ်ကုန်း မြို့နယ်များပေါင်း၍ ပျဉ်းမနားခရိုင် ဖွဲ့စည်းပြီး နေပြည်တော်ကို မြန်မာနိုင်ငံ၏ အုပ်ချုပ်မှုမြို့တော်အဖြစ် သတ်မှတ်ခဲ့သည်။

၂၀၁၀ ခုနှစ်၊ သြဂုတ်လ ၂၀ ရက်နေ့တွင် ပြည်ထောင်စု မြန်မာနိုင်ငံ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီက အမိန့်ကြော်ငြာ စာ အမှတ် ၃၄/၂ဝ၁ဝ ဖြင့် ပြည်ထောင်စုနယ်မြေ ဖြစ်သည့် နေပြည်တော်တွင် ခရိုင်နှင့် မြို့နယ်များ သတ်မှတ်၍ ယင်းသတ်မှတ်ချက်အရ နေပြည်တော် ခရိုင် ပေါ်ပေါက်လာပြီး ၊ ၎င်းခရိုင်တွင် (၁) ဇေယျာသီရိမြို့နယ် (၂) ဇမ္ဗူသီရိမြို့နယ် (၃) ဒက္ခိဏ သီရိမြို့နယ် (၄) ဥက္ကရသီရိမြို့နယ်၊ (၅) ပုပဗ္ဗသီရိမြို့နယ် (၆) ပျဉ်းမနားမြို့နယ် (၇) လယ်ဝေးမြို့နယ် (၈) တပ်ကုန်း မြို့နယ် ဟူ၍ မြို့နယ် ၈ ခုဖြင့် ဖွဲ့စည်းခဲ့သည်။


အာဏာလွှဲပြောင်းပေးခြင်း

နအဖ ဥက္ကဌနှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ် ယခင်ပုံစံအတိုင်း ဆက်လက်အုပ်ချုပ်ရန် မဖြစ်နိုင်တော့သည့်အတွက် အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံနိုင်ငံများ အပါအ၀င် ကမ္ဘာ့နိုင်ငံများ၏ ဖိအားပေးမှုကြောင့် နအဖ ကြေညာချက် ၁/၂ဝဝ၈ ဖြင့် နိုင်ငံတော် ရှေ့ဆက်သွားမည့် မူဝါဒလမ်းစဉ် (၇) ရပ်နှင့် အညီ အကောင်အထည် ဖော်ဆောင်သွားမည် ဟု ကြေညာခဲ့လေသည်။

ထို့နောက် နှစ်ပေါင်း ၁၄ နှစ်ကြာ ရေးဆွဲနေသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အမြန်ဆုံး ရေးဆွဲကာ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ အတုအယောင်ကို ၂ဝဝ၈ ခုနှစ်၊ မေလ ၁ဝ ရက်နေ့တွင် မုန်တိုင်းဒဏ်ခံရသည့် (၄၇) မြို့နယ်မှအပ မြန်မာနိုင်ငံ တစ်ဝန်းလုံးတွင် ကျင်းပခဲ့သည်။ ဧရာဝတီတိုင်းအတွင်း ကျန်ရှိသည့်မြို့နယ် (၈) မြို့နယ်နှင့် ရန်ကုန်တိုင်းအတွင်းရှီ မြို့နယ်န (၄ဝ) တွင် မေလ ၂၄ ရက်နေ့တွင် ထပ်မံ ကျင်းပခဲ့သည်။

ထို့နောက် မေ ၂၆ ရက်နေ့တွင် မြန်မာပြည်တစ်ဝန်းလုံးတွင် ကျင်းပသည့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဖွဲ့စည်းပုံ အခြေခံဥပဒေမူကြမ်းကို အတည်ပြုပေး ထောက်ခံသည့် ရာခိုင်နှုန်းမှာ ၉၂ ဒသမ ၄၈ ရာခိုင်နှုန်း ရှိကြောင်း ကြေညာ၍ မေလ ၂၉ ရက်တွင် နအဖ ၇/၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုကြောင်း ပြဌာန်းလိုက်လေသည်။

ယင်းနောက် ၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ၂၀၁၀ ခုနှစ် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် ၊ တိုင်းရင်းသားလွှတ်တော် ကိုယ်စားလှယ် အသီးသီးအတွက် ပြည်ထောင်စု မြနမာနိုင်ငံ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ စတင် ကျင်းပခဲ့လေသည်။ ၂ဝ၁ဝ ခုနှစ် နိုဝင်ဘာလ ၇ ရက်မှ ၁၇ ရက်နေ့အထိ ရွေးကောက်ပွဲ ကော်မရှင်က အနိုင်ရရှိသော လွှတ်တော်ကိုယ်စားလှယ်များ၏ အမည်စာရင်းကို ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂ဝ၁၁ ခုနှစ်၊ မတ်လ ၃ဝ ရက်နေ့တွင် နအဖ ကြေညာချက် ၅/ ၂ဝ၁၁ ဖြင့် ပြည်ထောင်စုအဆင့် ပုဂ္ဂိုလ်များအား ၂၀၁၁ ခုနှစ် မတ် ၃ဝ ၌ လွှတ်တော်တွင် ကတိသစ္စာပြုပြီးနောက် နအဖ အစိုးရက ကျင့်သုံးလျက်ရှိသည့် ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ အာဏာ ၃ ရပ်ကို လွှဲပြောင်းပေးလိုက်ကြောင်း ကြေညာ၍ နအဖကို ဖျက်သိမ်းရန် ကြေညာခဲ့လေသည်။

ထိုနေ့မှာပင် ပြည်ထောင်စု လွှတ်တော် နာယက၏ ရှေ့မှောက်၌ နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်တင်မြှောက်ခံရသူ ဦးသိန်းစိန်၊ ဒုတိယသမ္မတအဖြစ် ရွေးချယ်တင်မြှောက် ခံထားရသူ ဖြစ်သည့် သီဟသူရ ဦးတင်အောင်မြင့်ဦး (နောင်တွင် ရေတပ်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဥာဏ်ထွန်းဖြင့် ပြောင်းလဲ) နှင့် ဒေါက်တာစိုင်းမောက်ခမ်းတို့ ကတိသစ္စာပြုခဲ့ကြသည်။

တစ်ဖန် ထိုနေ့မှာပင် ပြည်ထောင်စုအစိုးရအဖွဲ့နှင့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအဖွဲ့ကို ဖွဲ့စည်းခဲ့ကြောင်း ကြေညာခဲ့သည်။

အမျိုးသားကာကွယ်ရေးကောင်စီနှင့် လုံခြုံရေးကောင်စီ၌ အောက်ပါ ပုဂ္ဂိုလ်များ ပါဝင်ခဲ့သည် -
၁။ နိုင်ငံတော်သမ္မတ            - ဦးသိန်းစိန်
၂။ ဒုတိယသမ္မတ                - သီဟသူရ ဦးတင်အောင်မြင့်ဦး
(ယခု ဦးဥာဏ်ထွန်း)
၃။ ဒုတိယသမ္မတ                - ဒေါက်တာ စိုင်းမောက်ခမ်း
(ခ) မောင်အုန်း

၎။ ပြည်သူ့လွှတ်တော်ဥက္ကဌ            - သူရဦးရွှေမန်း
၅။ အမျိုးသားလွှတ်တော်ဥက္ကဌ        - ဦးခင်အောင်မြင့်
၆။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်        - ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
-     (နောင် ဗိုလ်ချုပ်မှူးကြီး)
၇။ ဒုတိယတပ်မတော်            - ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း ကာကွယ်ရေးဦးစီးချုပ်
- (နောင် ဒုတိယဗိုလ်ချုပ်မှူးကြီး)
၈။ ကာကွယ်ရေးဝန်ကြီးဌာန        - ဗိုလ်ချုပ် လှမင်း
၉။ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ၀န်ကြီး        - ဦး ဝဏ္ဏမောင်လွင်
၁၀။ ပြည်ထဲရေးဝန်ကြီးဌာန၊ ၀န်ကြီး        - ဒုတိယဗိုလ်ချုပ်ကြီး ကိုကို
၁၁။ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ၀န်ကြီး    - ဗိုလ်ချုပ် သိန်းဌေး
- (နောင် ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး) တို့ ဖြစ်သည်။


ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေ၏ လူယုံတော် နိုင်ငံတော် သမ္မတ ဦးသိန်းစိန်သည် ၁၉၄၅ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသ ပုသိမ်ခရိုင် ငပုတောမြို့နယ်တွင် အဘ ဦးမောင်ဖြိုး ၊ အမိ ဒေါ်ခင်ညွှန့်တို့မှ ဖွားမြင်ခဲ့သူ ဖြစ်သည်။ အခြေခံပညာကို ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် ကျုံကူးရွာ၊ မူလတန်းကျောင်း၊ ချောင်းဝရွာ အလယ်တန်းကျောင်းနှင့် ပုသိမ်မြို့၊အမှတ်(၁)အခြေခံပညာ အထက်တန်း ကျောင်းတို့၌ ပညာသင်ကြားခဲ့သည်။

ထို့နောက် စစ်တက္ကသိုလ် အပတ်စဉ် ၉ ၌ ပညာသင်ကြားခဲ့ရာ ၀ိဇ္ဇာဘွဲ့ (စစ်တက္ကသိုလ်) ရရှိခဲ့ပြီး၊ ၁၉၆၇ ခုနှစ်မှ ၁၉၇၃ ခုနှစ်အထိ ရှမ်း (၁) တွင် ဗိုလ်လ်ကြီး အဆင့်ဖြင့်လည်းကောင်း၊ ၁၉၈၂ အထိ ရမခ၊ ခလရ (၁၀၉) နှင့် ခလရ (၈၉) တို့တွင် ဗိုလ်မှူးအဆင့်ဖြင့်လည်းကောင်း၊ ၁၉၈၉ ခုနှစ်တွင် ဒုတိယဗိုလ်မှူးကြီးအဖြစ် ခလရ (၈၉)၊ နတခနှင့် ကက(ကြည်း) တို့တွင်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး၌ ရုံးလုပ်ငန်းအပြင်ဗိုလ်ချုပ်မှူးကြီး၏ အပါးတော် အမြဲ တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်သည်။

ဦးသိန်းစိန်သည်ဗိုလ်ချုပ်မှူးကြီး၏မြှောက်စားမှုကြောင့်၂ဝဝ၆မှစတင်၍ နယကအဖွဲ့ဝင် အဖြစ်လည်း ကောင်း၊အတွင်းရေးမှူး(၂)အဖြစ်လည်းကောင်း၊အတွင်းရေးမှူး(၁)အဖြစ်လည်းကောင်း၊ တာဝန်ထမ်းဆောင်ခဲ့ ကာ ၂ဝဝ၈ တွင် ခေတ္တ၀န်ကြီးချုပ်၊ ၂ဝဝ၈ အောက်တိုဘာလမှ စတင်၍ နိုင်ငံတော် ၀န်ကြီးချုပ်အဖြစ် ဆောင်ရွက်ခဲ့ရသည်။

၁၉၈၈ တွင် ကာကွယ်ရေးဦးစီးချုပ်၏ သူရဲကောင်း လက်မှတ်ကို ရရှိခဲ့သည်။ ၂၀၁၀ တွင် ကြံ့ဖွံ့ပါတီ၏ ဥက္ကဌတာဝန်ထမ်းဆောင်ကာ ၂ဝ၁ဝရွေးကောက်ပွဲတွင်ဇမ္ဗူသီရိမြို့နယ်၊ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အဖြစ် ရွေးကောက်တင်မြှောက်ခံရသည်။

၂၀၁၁ ခုနှစ် မတ်လ ၃၁ ရက်တွင် နိုင်ငံတော် သမ္မတဖြစ်လာခဲ့သူဖြစ်သည်။ ဗိုလ်ချုပ် သိန်းစိန်သည် လမ်းပြ မြေပုံ (၇) ချက် ရေးဆွဲပြီး အမျိုးသားညီလာခံ ကျင်းပချိန်၌ ညီလာခံ ဥက္ကဌအဖြစ် တာဝန်ပေးအပ် ခံရသည်။ သူသည် သဘောထား တင်းမာပြီး မောက်မာလှသည့် လက်ရှိထိပ်တန်းခေါင်းဆောင်များ အကြား၌ သဘောထားပျော့လွန်းသူ၊ ကြိုးဆွဲရာကမည့် ရုပ်သေးရုပ် တစ်ရုပ်အဖြစ် မှတ်ချက်ပေးခြင်း ခံရသည်။

သို့ကလို ရုပ်ပြကောင်း၍ ဗန်းဖုံးလှသောကြောင့် ဒီပဲယင်း လူသတ်သမား ဗိုလ်ချုပ်ကြီး စိုးဝင်း သေဆုံးသွားသောအခါ နိုင်ငံတကာဖိအားများကိုရင်ဆိုင်နိုင်ရန်အတွက် ဗိုလ်ချုပ်ကြီး သိန်းစိန်ကို ဗိုလ်ချုပ်မှူးကြီး သန်းရွှေက ၀န်ကြီးချုပ်အဖြစ် တင်မြှောက်ခဲ့သည်။

ဦးသိန်းစိန်သည်ဗိုလ်ချုပ်မှူးကြီး၏စကားမည်မျှနားထောင်သနည်းဆိုသော်ဝီကီလိခ်စ် ဖော်ထုတ်ဖွင့်ချခဲ့ သော သံတမန်ပေါက်ကြားစာများ အရ ၂ဝဝ၇ ခုနှစ် ရွှေဝါရောင် သံဃာ့အရေးအခင်းအပြီး အာဆီယံ အစည်းအဝေး၌ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ကိုယ်စား မစ္စတာ ဂန်ဘာရီအား မြန်မာ့အရေးနှင့် ပတ်သက်၍စကားပြောဆိုရန်အာဆီယံခေါင်းဆောင်များကခွင့်ပေးခဲ့လျှင်အစည်းအဝေးခန်းမှ သပိတ်မှောက် ထွက်ဖို့ ဖြစ်သည်။ ထို့ပြင် အမေရိကန်နိုင်ငံက ပြုလုပ်ထားသော ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှု လျော့ပါးရန် နိုင်ငံတကာကို လှည့်ဖျားရန် မှာကြားခဲ့သည်။ မှာကြားထားသည့်အတိုင်း ဦးသိန်းစိန်ကလည်း ဒဏ်ခတ်ပိတ်ဆို့ အရေးယူထားမှုကို လျော့ပါးစေရန် လက်တစ်လုံးခြား လှည့်ဖျားနိုင်ခဲ့သည်။

ထို့ကြောင့်လည်း စင်္ကာပူနိုင်ငံ၌ အလွန်လှပသော သစ်ခွပန်း အမည်ကို ဦးသိန်းစိန်အား ဂုဏ်ပြုသည့် အနေဖြင့် ‘ဒမ်ဒရိုဗီယမ် သိန်းစိန်’ ဟု မှည့်ခေါ်ခဲ့သည်။ သူသည် အာဆီယံအဖွဲ့၌ အောင်မြင်စွာ စည်းရုံးနိုင်ခဲ့သူ ဖြစ်ပြီး န၀တ၊ နအဖ စစ်အစိုးရအဖွဲ့ဝင် ဗိုလ်ချုပ်များအနက် အမေရိကန်ပြည်ထောင်စုသို့ ပထမဆုံး ခြေချနိုင်ခဲ့သူလည်း ဖြစ်သည်။

ထို့ပြင် သမ္မတ ဦးသိန်းစိန်သည် ထိပ်တန်းစစ်ဗိုလ်ချုပ်များ အနက် အဂတိလိုက်စားမှု အနည်းဆုံးဟု ဆိုကြသည်။ သူ့သားသမီးများကလည်း ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်း၊ သီဟသူရ တင်အောင်မြင့်ဦးတို့ သားသမီးများလို စီးပွားရေးကိစ္စ၌ နာမည်ပျက် မရှိချေ။ ယင်းကြောင့် သူ့ဇနီး ဒေါ်ခင်ခင်ဝင်း၏ လက်သုံးစကားမှာ အန်တီတို့က ပိုက်ဆံရှိတာ မဟုတ်ဘူး၊ အစိုးရပေးတဲ့ အိမ်မှာ နေရတာ ဟု ဖြစ်သည်။

ယနေ့ မြန်မာနိုင်ငံ၏ သမ္မတ ဦးသိန်းစိန်၏ ပြည်ထောင်စုအစိုးရအဖွဲ့၌ ၀န်ကြီးဌာနပေါင်း (၄၀) ခု ရှိ၍ ၀န်ကြီး၊ ဒုဝန်ကြီး အပါအ၀င် ၀န်ကြီးပေါင်း ၉၆ ဦးရှိသည်။ သမ္မတ၊ ဒုတိယသမ္မတ (၂) နှင့်ဆိုလျှင် အစိုးရ အဖွဲ့ဝင်ပေါင်း ၉၉ ဦး ရှိသည်။

ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်ခုဖြစ်ပြီး ကမ္ဘာ့လူဦးရေ အများဆုံးရှိသော တရုတ်ပြည်သူ့သမ္မတ နိုင်ငံပင်လျှင် ၀န်ကြီးဌာန (၂၆) ခုနှင့် ၀န်ကြီး ၂၆ ဦးသာ ရှိသည်။ ထိုနည်းတူစွာ အမေရိကန်ပြည်ထောင်စုတွင် ၀န်ကြီးဌာန (၁၇) ခုနှင့် ၀န်ကြီးအရေအတွက် (၂ဝ) ဦးသာ ရှိသလို ဗြိတိန်နိုင်ငံ၌ ဝန်ကြီးဌာန ၂ဝ၊ ဝန်ကြီးပေါင်း (၄၇) ဦးသာ ရှိ၍ ကမ္ဘာ့ဒုတိယလူဦးရေ အများဆုံးနှင့် ဖွံ့ဖြိုးပြီး အိန္ဒိယနိုင်ငံသည်ပင် ၀န်ကြီးဌာန (၃၁) ခုနှင့် ၀န်ကြီး အရေအတွက် (၃၁) ဦးသာ ရှိသည်။

မြန်မာနိုင်ငံကဲ့သို့ စီးပွားရေးချွတ်ခြုံကျ၍ အရှေ့တောင်အာရှတွင် စီးပွားရေး ၊ လူမှုရေး၊ ပညာရေး အောက်ဆုံးအဆင့်သို့ ရောက်ရှိနေသော မြန်မာနိုင်ငံ၌ အစိုးရအဖွဲ့ဝင်ပေါင်း ၉၉ ဦး ရှိနေသောကြောင့် ကမ္ဘာပေါ်တွင် ၀န်ကြီးအရေအတွက် အဖောင်းပွဆုံးနိုင်ငံ ဖြစ်နေသည်မှာ အမြင်မတော် ဆင်တော်နှင့် ခလောက်ဆိုသလို ဖြစ်နေပေသည်။

လက်ရှိမြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံးလိုလို ဆင်းရ့ကျပ်တည်းနေသည့် အချိန်၌ အစိုးရအဖွဲ့ဝင်များ၏ မြင့်မားသည့်လစာများကို ခံစားနေခြင်းသည် တိုင်းပြည်ဘဏ္ဍာကို အကျိုးမဲ့ ဖြုန်းတီးရာလည်း ရောက်ပေသည်။

လက်ရှိအစိုးရအဖွဲ့၌ သမ္မတ တစ်ဦး၊ ဒုတိယသမ္မတနှစ်ဦး ၊ ပြည်ထောင်စုဝန်ကြီး ၄၀ ဦး၊ ဒုတိယ၀န်ကြီး ၅၆ ဦး ရှိသည်။ ယင်းအရေအတွက်သည် ပြည်နယ်နှင့်တိုင်း ၀န်ကြီးချုပ်များ၊ ၀န်ကြီးများနှင့် အခြားပြည်ထောင်စု အဆင့် ပုဂ္ဂိုလ်များကိုပါ ထည့်ပါက ၀န်ကြီးအဆင့် ဦးရေ ၅၅ ဦး ခန့် ရှိသည်။

လက်ရှိ ပြည်ထောင်စုအစိုးရအဖွဲ့ဝင်များ၏ တစ်လအတွက် ကုန်ကျငွေမှာ -
(က) သမ္မတ                = ၅ဝ x ၁
သိန်း ၅ဝ
(ခ) ဒုတိယသမ္မတများ            = ၄ဝ x ၂
သိန်း ၈ဝ
(ဂ) ၀န်ကြီးအဆင့်                = ၃ဝ x ၄၀
သိန်း ၁၂ဝဝ
(ဃ) ဒုတိယ၀န်ကြီး            = ၂ဝ x ၅၆
သိန်း ၁၁၂ဝ


စုစုပေါင်း တစ်လအတွက် ကုန်ကျငွေပေါင်း ၂၄၅ဝ သိန်း ရှိသည်။ အဆိုပါ ကုန်ကျငွေသည် ပြည်နယ်နှင့် တိုင်းဒေသကြီးများ အစိုးရအဖွဲ့ဝင်များ၊ အခြားဝန်ကြီးအဆင့် ပုဂ္ဂိုလ်များ၊ လွှတ်တော်ကိုယ်စားလှယ်ပေါင်း ၁၀၀၀ နီးပါး၏ ကုန်ကျငွေ မပါသေးပေ။ ယင်းတို့ပါ ထည့်တွက်ပါက လစဉ် ကုန်ကျငွေ သိန်း ၃၅၀၀ အထက်၌ ရှိပေမည်။


ထို့ ပြင် ဦးသန်းရွှေ၏ပင်စင်လစာငွေမှာ သမ္မတလစာထက်ကျော်လွန်၍ တစ်လလျှင်ကျပ်သိန်း ၁ဝဝရယူနေသည့်အပြင်နိုင်ငံရေးဆုကြေးငွေသိန်း၂၃ဝဝရယူထားသလိုဒုတိယဗိုလ်ချုပ်မှူးကြီးမောင်အေး သည် တစ်လလျှင်ပင်စင်ကျပ်သိန်း ၈ဝခံစား၍ ၊နိုင်ငံရေးဆုကြေး ငွေ ၁၈၄ဝ ရယူခဲ့သည်ဟုသိရပေသည်။ဤသို့ ဆိုလျှင် ကျွန်းသစ်၊သဘာဝဓါတ်ငွေံ၊ကျောက်မျက်ရတနာစသည့်နိုင်ငံတော်သယံဇာတပစ္စည်းများရောင်းချမှုမှဖဲ့ ယူထား သောငွေများအပါအဝင် ဦးသန်းရွှေတစ်ဦးတည်းပင်လျှင် ဒေါ်လာဘီလျံနှင့်ချီ၍ ချမ်းသာကြွယ်ဝနေကာဆယ် သက်စားမကုန်အောင် လောဘရမ္မက်တက်နေသောကြောင့် နိုင်ငံနှင့်ပြည်သူလူထုတရပ်လုံးဆင်းရဲမွဲတေနေ သည်မှာ မဆန်းလှပေ။

ယင်းသို့ နိုင်ငံတော်၏ ဘဏ္ဍာငွေများထဲမှ လစဉ် ပုံမှန် အစိုးရအဖွဲ့ဝင်များသည် မြင့်မားသည့် လစာနှင့် အခြားအခွင့်အရေးပေါင်းစုံ ခံစားနေကြသော်လည်း သန်း ၆၀ နီးပါးရှိ ပြည်သူလူထု၏ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး၊ ယဉ်ကျေးမှု အစ ရှိသည်တို့ကို တိုးတက်အောင် ဘာတစ်ခုမျှ ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ခြင်းမရှိဘဲ စံစားနေကြသည်မှာစိတ်သန့်ပါ၏လားဟု အစိုးရအဖွဲ့ဝင်တိုင်း မိမိကိုယ်ကို ပြန်မေးသင့်ပေသည်။

ယခုအခါ ၂ဝ၁၄ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ လျှပ်စစ်မီတာခများတိုးမြှင့်ကောက်ခံကောက်ခံမည်ဟု ဦးသိန်းစိန် အစိုးရအဖွဲ့၏တင်ပြမှုကို ၂ဝ၁၄ မတ်လ ၁၉ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။

အစိုးရက လက်ရှိ ကောက်ခံနေသော လျှပ်စစ်ဓာတ်အားနှုန်းထားများမှာ အိမ်သုံး တစ်ယူနစ်လျှင် ၃၅ ကျပ်၊ စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်၊ အစိုးရသုံး တစ်ယူနစ်လျှင် ၃၅ ကျပ်၊ နိုင်ငံခြားငွေဖြင့် တစ်ယူနစ်လျှင် USD ဝ ဒသမ ၁၂ ဖြင့် ကောက်ခံနေမှုအား ဧပြီ ၁ ရက် နေ့မှစ၍ပြင်တင် သတ်မှတ်ထားသည့် နှုန်းထားများအတိုင်း တိုးကောက်ရန် အတည်ပြုခဲ့သည်။

ထိုသို့ အစိုးရက တိုးမြှင့်ကောက်ခံသည့် လျှပ်စစ်ဓာတ်အားခတွက် ပြည်ထောင်စုလွှတ်တော်၏ အတည်ပြုဆုံးဖြတ်ချက်ကို မဲခွဲဆုံးဖြတ်ရာတွင် NLD အပါအ၀င် အတိုက်အခံပါတီများမှ ကိုယ်စားလှယ် ၁၈ ဦးသာ မတ်တပ်ရပ် ကန့်ကွက်ခဲ့ကြရာ ကန့်ကွက်သူ နည်းသဖြင့် လွှတ်တော်က အတည်ပြုခဲ့သည်။

မြန်မာနိုင်ငံတွင် ရေအားလျှပ်စစ်ဖြင့် ထုတ်လုပ်မှုမှာ ၈၀ ရာခိုင်နှုန်း ရှိကြောင်း အရင်းမှာ ၁၅ ကျပ်ခန့်သာ ရှိကြောင်း၊ အိမ်တစ်ယူနစ်လျှင် ၃၅၊ စက်မှုသုံး တစ်ယူနစ်လျှင် ၇၅ ကျပ်နှင့် ရောင်းချနေသောကြောင့် မည်သည့်အတွက်မှ အရှုံးမပေါ်နိုင်ကြောင်း၊ နိုင်ငံတော်မှ အရှုံးခံ ထုတ်လုပ်နေရခြင်း ဟု ဆိုကာ သုံးစွဲခ တိုးမြှင့် ကောက်ခံနေခြင်းသည် ပြည်သူများ ရေရှည်တွင် အကျိုးရှိစေရန် ဆိုသည်ထက် လျှပ်စစ်ကဏ္ဍတွင် ၀င်ရောက်လုပ်ကိုင်မည့် ကုမ္ပဏီများအား အကာအကွယ်ပေးခြင်းသာ ဖြစ်သည်။ ထို့ပြင် အိမ်နိးချင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက ဓာတ်အားသုံးစွဲခမှာ များပြားနေသဖြင့် ကုန်ထုတ်လုပ်မှုတွင် ယှဉ်ပြိုင်နိုင်စွမ်းလည်း ရှိမည် မဟုတ်ပေ။

နိုင်ငံတော်၏ သယံဇာတကို ပြည်သူများကိုယ်တိုင် မသုံးစွဲရဘဲ စစ်အစိုးရတစ်ဖြစ်လဲ လက်ရှိအစိုးရသည် မိမိကိုယ်ကျိုးအတွက် အခြေခံက ပြင်ပသို့ ထုတ်လုပ်ရောင်းစားနေသည့်အတွက် ပြည်သူလူထုသည် ၀န်ထုပ်ဝန်ပိုး တစ်ခုအနေဖြင့် ခံစားနေရပေသည်။ အစိုးရသည် မီတာခကိုသာ တိုးမြှင့် ကောက်ခံနေသော်လည်း လျှပ်စစ်မီး မှန်မှန်လာမှု အပေါ်တွင်တော့ တာဝန်ယူမှု၊ တာယန်ခံမှုလည်း မရှိချေ။ တိုးမြှင့်ကောက်ခံသော နှုန်းထားအရ လုပ်ငန်းရှင်ကြီးများအား အစိုးရက သက်သာစေရန် စက်မှုသုံး ယူနစ် ၃ သိန်းနှင့်အထက် ဆိုလျှင် ၁ဝဝ ကျပ် နှုန်းထားသာ သတ်မှတ်ထားပေသည်။

မြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား အများအပြား သုံးစွဲရသော နိုင်ငံပိုင် စက်ရုံအလုပ်ရုံများကို အစိုးရနှင့် နီးစပ်သော လုပ်ငန်းရှင်ကြီး ခရိုနီကြီးများ ၊ နယ်ပယ်စုံ လုပ်ကိုင်နေသော ခရိုနီ ကုမ္ပဏီ အုပ်စုကြီးများကသာ အများစု ရယူလုပ်ကိုင်နေသည်။

ထို့အတွက် ယခုအတည်ပြုလိုက်သော နှုန်းထားများအရ ဆိုလျှင် အရင်းအနှီး အခြေခံ အဆောက်အအုံ နည်းပညာ လုံလောက်မှု မရှိဘဲ ကိုယ်စွမ်းကိုယ်စနှင့် ရုန်းကန်ရပ်တည်နေရသော အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းများသာ ပိုမိုထိခိုက်မည်ဖြစ်ပြီး ယင်းအသေးစား အလတ်စား စက်မှုလုပ်ငန်းမှ ထွက်ရှိသော စားသောက်ကုန်များ အပါအ၀င် လူသုံးကုန် ပစ္စည်းများကို မှီဝဲသုံးဆောင်နေသော အောက်ခြေ ပြည်သူလူထုသည်သာ ကုန်းဈေးနှုန်းကြီးမြင့်ဒဏ်ကို ပိုမို ခံစားရမည် ဖြစ်ပေသည်။

လက်ရှိအစိုးရသည် အစစ်အမှန် ဒီမိုကရေစီကို ပြောင်းလဲနေသည်ဆိုပါက ပြည်သူ့ဆန္ဒကို အလေးထားဖို့ လိုသလို ပြည်သူလူထုကိုလည်း စောင့်ရှောက်ရန် တာဝန်ရှိပေသည်။

သမ္မတ ဦးသိန်းစိန်သည် တက်ခါစ၌ စာနယ်ဇင်းများကို စတုတ္ထမဏ္ဍိုင်အဖြစ် လုပ်ဆောင်စေရမည် ဟူ၍ ကတိပြု ပြောကြားခဲ့သော်လည်း ၂ဝ၁၄ မတ် ၁၉ ရက်က သမ္မတဦးသိန်း လက်မှတ်ရေး၍ ပြဋ္ဌာန်းလိုက်သော သတင်းမီဒီယာဥပဒေနှင့် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်း ဥပဒေနှစ်ရပ်သည် စာနယ်ဇင်းသမားများကို အခြားသော မျှော့ကြိုး ဥပဒေများဖြင့် အရေးယူနိုင်သည့် အခြေအနေ ရှိနေဆဲ ဖြစ်လေသည်။

ထို့ပြင် နိုင်ငံတကာ ဂျာနယ်လစ်များ ကာကွယ်စောင့်ရှောက်ရေးအဖွဲ့ (C.P.J) ၏ အမှုဆောင် ညွှန်ကြားရေးမှူး Joel Simon က ၂၀၁၄ မတ်လ ၁၇ ရက်က သမ္မတထံ မေတ္တာရပ်ခံစာ ပေးပို့ခဲ့သည်။ ပေးစာ၌ မြန်မာနိုင်ငံ၌ စာနယ်ဇင်း လွတ်လပ်ခွင့် တဖြည်းဖြည်း ဆုံးရှုံးလာပြီး ယခင်အစိုးရ လက်ထက် စာနယ်ဇင်းများအပေါ် ဖိနှိပ်မှုများနှင့် ဆင်တူလာသည်ကို ပြသနေကြောင်း၊ သမ္မတကြီး၏ အစိုးရအနေဖြင့် နိုင်ငံခြား သတင်းဌာနများ၏ သတင်း တင်ပြမှုများကိုလည်း လျှော့ချရန် ကြိုးပမ်းချက်အနေဖြင့် နိုင်ငံခြား သတင်းသမားများ၏ ဗီဇာသက်တမ်း လျှော့ချခြင်းနှင့် ပဋိပက္ခ ဖြစ်ပွားရာဒေသများသို့ သွားရောက်ခွင့် ပိတ်ပင်ခြင်းကဲ့သို့သာ လုပ်ရပ်များကို လုပ်ဆောင်နေကြောင်း၊ ထို့ကြောင့် လက်ရှိပြဌာန်းရန် သမ္မတကြီး၏ အတည်ပြုချက် စောင့်ဆိုင်းနေသော မီဒီယာဥပဒေကို စွန့်ပယ်ရန်နှင့် သတင်းသမားများကို  နှောင့်ယှက်သော၊ ခြိမ်းခြောက်သော၊ ထောင်ဒဏ်ချမှတ်နိုင်သော အခြားဥပဒေများကို ဖျက်သိမ်းရန်နှင့် အကြောင်းပြန်ချက်ကို စောင့်ဆိုင်းနေကြောင်း ရေးသားပေးပို့ခဲ့သည်။

သို့သော် C.P.၏ တောင်းဆိုထားသော ပယ်ချရန် တိုက်တွန်းခဲ့သော အချက်များကို လျစ်လျူရူ၍ မတ်လ ၁၉ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်သည် ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို လက်မှတ်ရေးထိုး၍ ပြဌာန်းလိုက်သည်။

ထို့ပြင်ဂျာနယ်လစ်များနှင့်ဂျာနယ်လစ်အဖွဲ့အစည်းများကန့်ကွက်နေသည့်ကြားမှ ပြည်သူထိခိုက်စေမည့် အများပြည်သူဝန်ဆောင်မှု မီဒီယာ ဥပဒေကြမ်းကို လွှတ်တော်သို့ တင်သွင်းထားသည်။

လက်ရှိ မြန်မာနိုင်ငံတွင် ပြည်သူလူထု ၃၅ ရာခိုင်နှုန်းကျော်သည် စံမမီသည့် အိမ်ရာများ၊ ကျူးကျော် အိမ်ရာများ၌  နေထိုင်နေခဲ့ကြသည်။  လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရနှင့် ပေါင်းစားနေသော ခရိုနီကြီးများ၏ လောဘဇောတိုက်မှုကြောင့် ပြည်သူလူထုသည် ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင် စားသောက်နေထိုင်ခဲ့သော မိမိပိုင် လယ်ယာများ မတရား သိမ်းပိုက် အနိုင်ကျင့်ခံရပြီး အိုးမဲ့၊ အိမ်မဲ့၊ လယ်မဲ့၊ ယာမဲ့ ပေါများလာကာ ဒုက္ခဆင်းရဲ ကျရောက်ခဲ့ရသည်။  ကျူးကျော်နေသည်ဟု ဆိုကာ ဖြိုချ၊ ထိုးလှဲ ခံရမှုကြောင့် ဘ၀ပျက်သူလည်း မနည်းလှပေ။ မကြာခင် ရက်ပိုင်းအတွင်း ၂ဝ၁၄ မတ်လ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ၊ ယင်းမာပင်မြို့နယ် အုံတုံပင်ကျေးရွာရှိ ထန်းတက်တောင်သူများကို ဘိုးစဉ်ဘောင်ဆက် လုပ်ကိုင်စားသောက် နေသော ယင်းတို့ ထမင်းအိုးဖြစ်သည့် ထန်းပင်များကို သက်ဆိုင်ရာ အာဏာပိုင်များက မတရားသိမ်းပိုက်၍ ထန်းပင်များကို ထိုးလှဲခံရမှုကြောင့် လုပ်ကိုင်စားသောက်စရာ မရှိတော့ဘဲ မုံရွာ-ပုသိမ် လမ်းမကြီးနံဘေး၌ တောင်းရမ်းစားသောက်မှု စတင်ပြုလုပ်ခဲ့ကြသည်။  ယခုအခါ မြန်မာနိုင်ငံသည် အာဆီယံ အလှည့်ကျ ဥက္ကဌ တာဝန်ယူနေသည့် အချိန်အခါလည်းဖြစ်ရာ နိုင်ငံတကာ မျက်နှာစာ၌ အရှက်ရစရာ ဖြစ်သလို တိုင်းပြည်၏ ဂုဏ်သိက္ခာလည်း နှစ်ပြားမတန် ကျဆင်းခဲ့ရတော့သည်။

ယခင် စစ်အစိုးရလက်ထက်မှ သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ်၊ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ နိုင်ငံပေါင်း ၁၆ နိုင်ငံနှင့် နိုင်ငံတကာ ငွေကြေးအဖွဲ့အစည်း (၃) ခုသို့ ပေးရန် အကြွေးပေါင်း အမေရိကန်ဒေါ်လာသန်းပေါင်း ၉၅၉၃ ဒသမ ၈၉၄ ရှိကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဒေါက်တာ လင်းအောင်၏ ပြောကြားချက် ၂၀၁၄ ခုနှစ် မတ်လ ၂၁ ရက် ထုတ် ပုဂ္ဂလိက သတင်းစာများတွင် ပါရှိခဲ့သည်။  ထို့ပြင် နိုင်ငံ၏ လိုငွေဖြည့်ဆည်းရန်အတွက် အစိုးရငွေတိုက် စာချုပ်နှင့် အစိုးရငွေတိုက် လက်မှတ်များ ထုတ်ရောင်းချမှုများမှ ပြည်တွင်းကြွေးမြီ ၂၀၁၃ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ကျပ် ဘီလျံ ၁၀၈၂၄၅ ရှိကြောင်း ၊ သမ္မတ ဦးသိန်းစိန် အစိုးရ၏ ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က မတ်လ ၂၁ ရက်နေ့တွင် ပြည်ထောင်စုလွှတ်တော်သို့ ဝန်ခံသွားခဲ့သည်။

ထို့ကြောင့် မြန်မာနိုင်ငံအနေဖြင့် ၂၀၁၃ ခုနှစ် ပြည်တွင်းပြည်ပ ကြွေးမြီကျပ် ဘီလျံ ၂ဝ၂၂၆ ပေးရန် ရှိကြောင်း သိရသည်။ အဆိုပါ ပြည်တွင်း ကြွေးမြီ အခြေအနေအရ ပြည်တွင်းကြွေးမြှီနှင့် ဂျီဒီပီ အချိုးမှာ ၁၅ ဒသမ ၉ ရာခိုင်နှုန်းရှိရာ ပြည်တွင်းပြည်ပ ကြွေးမြီနှင့် ဂျီဒီပီအချိုးခန့်မှန်းခြေ ၃၇ ရာခိုင်နှုန်း ရှိပေသည်။

ဤသို့ ကြွေးမြီများ ခေါင်ခိုက်နေသော်လည်း ပညာရေးအသုံးစရိတ်သည် ၂ဝ၁၃-၂ဝ၁၄ ဘဏ္ဍာရေး နှစ်တွင် ကျပ် ၉၀၈ ဘီလျံသာရှိ၍ ကျန်းမာရေးအတွက် ၂ဝ၁၃-၂ဝ၁၄ တွင် ကျပ် ၄ဝဝ ကျော် ဘီလျံသာ ရှိသည်။

ထို့ပြင် ပြည်သူလူထု အစိုးရအပေါ် မကျေနပ်ချက်များ နှိပ်ကွပ်ရန်အတွက် အဓိကရုဏ်းနှိမ်နှင်းရေး ယာဉ်များအပါအ၀င်  အဓိကရုဏ်း နှိမ်နှင်းစီမံကိန်းများအတွက် ပြည်ပမှ ချေးငွေ အမေရိကန်ဒေါ်လာ ၁၅၃၃ ဒသမ ၆၉၂ သန်းနှင့် ပြည်ပမှ အကူအညီရငွေ အမေရိကန်ဒေါ်လာ ၂၁၈ ဒသမ ၉၈၇ သန်း ရယူသုံးစွဲနေကြောင်း သိရှိရသည်။

သမ္မဦးသိန်းစိန် လက်ထက်၌ ခွင့်ပြုထားသော ပုဂ္ဂလိကဘဏ် ၂၂ ဘဏ် ရှိသည့်အနက် ၁၂ ဘဏ်မှာ ထိပ်တန်း အခွန်ဆောင် စာရင်းတွင် ပါဝင်ခြင်း မရှိသလို ဘဏ်၌ မတည်ထားသည့် ငွေများလည်း ငွေဖြူ ဖြစ်မဖြစ် ပွင့်လင်းမြင်သာ မရှိချေ။

မည်သို့ဆိုစေ ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေသည် လက်ရှိအခြေအနေ၌ ကိုယ်ယောင်ဖျောက်၍ မြန်မာနိုင်ငံရေး ကန့်လန့်ကာ နောက်ကွယ်သို့ ရောက်သွားသော်လည်း လက်ရှိအစိုးရ၏ ယန္တရားကို ချုပ်ကိုင်ထားဆဲပင် ဖြစ်သည်။ သို့သော် ၂၀၁၃ ခုနှစ်၊ ဇန်န၀ါရီလ ၁၆ ရက်က ဧရာဝတီ သတင်းဌာနနှင့် ကြံ့ဖွံ့ပါတီ ဒုဥက္ကဌ ဦးဌေးဦးနှင့် သီးသန့်တွေ့ဆုံစဉ် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေ လက်ရှိအခြေအနေ နိုင်ငံရေးကို စိတ်ဝင်စားဆဲဖြစ်၍ လက်ရှိနိုင်ငံရေးကို မျက်ကွယ်ပြုမထားသော်လည်း နောက်ကွယ်မှ ကြိုးကိုင်နေခြင်း မရှိဟု ဆိုသည်။


လက်ရှိဒီမိုကရေစီ အပြောင်းအလဲ တစ်ခုလုံးသည် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စနစ်တကျ စီစဉ်ဆောင်ရွက်ခဲ့သောကြောင့် ၂ဝ၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲ၌ တရားမျှတမှု အနိုင်ရသူများအား တရားဝင် အာဏာလွှဲပြောင်းပေးမှု၊ ပြည်သူလူထု လိုလားသော လူထုခေါင်းဆောင်အား သမ္မတင်မြှောက်ခွင့် အပါအ၀င် တည်ငြိမ်အေးချမ်းစွာ ချောချောမွေ့မွေ့ ဖြတ်သန်းနိုင်ဖို့ အခြေအနေအားလုံးသည် ဗိုလ်ချုပ်မှူးကြီး၏ လက်ထဲတွင်သာ ရှိနေပေသည်။

အဘယ်ကြောင့်ဆိုသော် လက်ရှိအစိုးရအဖွဲ့၌နေသော ပုဂ္ဂိုလ်အခြေအနေများ၌ သဘောထား တင်းမာသူ၊ ပျော့ပြောင်းသူအားလုံးကို သူကိုယ်တိုင် စနစ်တကျ ရွေးချယ်နေရာချထားပေးကာ  စီမံခန့်ခွဲ ထားသောကြောင့် ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် အလွန်တရာ အကဲဆတ်သော အနေအထားတွင် တည်ရှိနေပြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေသည် သူယုံကြည်စိတ်ချ၍ သူနှင့် သူ့မိသားစုအား ဘဝအာမခံချက်ပေးမည်သူကိုသာ သမ္မတအဖြစ် (၀ါ) နိုင်ငံတော် အုပ်ချုပ်ခွင့်အာဏာကို လွှဲပြောင်းပေးမည်ဖြစ်ကြောင်း သုံးသပ်လိုက်ရပါသည်။

မည်သို့ဆိုစေ ယခုအခါ မြန်မာပြည်သူများ၏ ထောက်ခံမှုနှင့် ချစ်ခင်မှုအများဆုံး ရရှိထားသည့် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည်သည် ၂၀၁၅ ပါတီစုံ အထွေထွေ ရွေးကောက်ပွဲ၌ တရားမျှတစွာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိပြီး မြန်မာနိုင်ငံ၏ သမ္မတဖြစ်လာရေး ပြည်သူတစ်ရပ်လုံးက မျှော်လင့်နေကြသည်။

သို့သော် ၂ဝ၁၅ ခုနှစ် ရွေးကောက်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်လာရေးအတွက် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း (၃) ၌ ပါဝင်သည့် နိုင်ငံတော်အကြီးအကဲ ကဏ္ဍ၌ နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတ၏ အရည်အချင်းများကို ကန့်သတ်ထားသော ပုဒ်မ ၅၉ (က) (ခ) (ဂ) (ဃ) (င) (စ) (ဆ) အချက် (၇) ချက်ကို ပြုပြင်ရန် လိုသလို ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရန်အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အားလုံး၏ ၇၅ ရာခိုင်နှုန်း သဘောတူညီရမည့် ပုဒ်မ ၄၃၆ (က) ကိုလည်း ပြင်ဆင်ပေးရန် လိုပေသည်။

ထို့ကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) သည် အများပြည်သူအားလုံး မျှော်လင့်တောင့်တနေသော ဒေါ်အောင်ဆန်းစုကြည်သမ္မတဖြစ်ရေးအတွက်အဟန့်အတားဖြစ်နေသောပုဒ်မများကိုပြင်ဆင်ရန် ဆောင်ကြဉ်း ပေးနိုင်ပါက မြန်မာနိုင်ငံရေးသမိုင်းတွင် ဒီမိုကရေစီဖခင်ကြီး အဖြစ် ပြည်သူတစ်ရပ်လုံးက ကမ္ပည်းထိုးပေးမည်မှာ မလွဲပါကြောင်း ဆန္ဒပြုလိုက်ပါသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။