Thursday, May 29, 2014

မင်းအောင်လှိုင်၏ အာဏာနီတည်ဆောက်ရေးအန္တရာယ်

(နေ့သစ်)

အာဏာနီ တည်ဆောက်ရေး ဆိုလို့ တချိန်က ပဲခူးရိုးမမှာ ဗကပတွေရဲ့ အာဏာနီ တည်ဆောက်ရေးလို့ မထင်လိုက် ပါနဲ့။ ဒီစကားလုံးဟာ ဗမာ့တပ်မတော်ထဲမှာ ထိပ်ပိုင်းရာထူးကြီးတွေ ရထားတဲ့ ဗိုလ်ချုပ်တွေက ကိုယ့်ရာထူးနေရာ ခိုင်မြဲအောင်၊ နောက်ထပ် ထိပ်တကာထိပ်နေရာတွေကို တက်နိုင်အောင် အခြေခံကောင်းတည်ဆောက်တာ၊ ဂွင်ဖန်၊ အင်အားစု၊ ဆရာမွေး၊ တပည့်လက်သားစုဆောင်း၊ ကိုယ့်လူမဟုတ်သူကို ချောင်ထိုးတာတွေကို ခေါ်တဲ့ဝေါဟာရ ဖြစ်နေပါပြီ။
ဒီလုပ်ရပ်ကို ဗကပရဲ့ အာဏာနီတည်ဆောက်ရေး စကားလုံးမပေါ်ခင် အစောပိုင်းကတည်းက စစ်တပ်ထဲမှာ လုပ်နေ ခဲ့ပေမဲ့ အခု နောက်ပိုင်းကျမှ ဗကပစကားလုံးကို ဗမာစစ်တပ်ထဲ တရားမဝင်ယူမွေးစားလိုက်တာ ဖြစ်တယ်။

 
ဗိုလ်ချုပ်နေဝင်းဟာ ဗမာပြည်ရဲ့ ပထမဆုံးအာဏာရှင်ဖြစ်လာဖို့ နှစ်ပေါင်းများစွာ အာဏာနီတည်ဆောက်ခဲ့ရပါတယ်။ ဗိုလ်ချုပ်စောကြာဒိုး၊ ဗိုလ်ချုပ်စမစ်ဒွန်း၊ ဗိုလ်ချုပ်ကျော်ဇော၊ ဗိုလ်ချုပ်အောင်ရွှေ၊ ဗိုလ်ချုပ်မောင်မောင်စသဖြင့် သီးခြား အရည်အချင်းရှိတဲ့ ဗိုလ်ချုပ်တွေ ဗိုလ်မှူးကြီးတွေကို နည်းလမ်းအမျိုးမျိုးနဲ့ ဖယ်ထုတ်ခဲ့တယ်။ ကိုယ့်သြဇာခံမယ့် ဗိုလ်တွေကို ရွေးပြီး အဆင့်မြင့်ရာထူးတွေ ပေးခဲ့တယ်။ ဗိုလ်နေဝင်းဟာ သူ တပ်ရင်းမှူးလုပ်ခဲ့တဲ့ သနက-၄ ကို အခြေခံပြီး အာဏာနီတည်ဆောက်ခဲ့တာ ဖြစ်တယ်။ အာဏာနီ ပိုခိုင်သထက်ခိုင်အောင် ၁၉၆၂ ခု နောက်ပိုင်းမှာလည်း စိတ်မချရသူတွေ၊ လက်ရုံးချင်းယှဉ်လာနိုင်သူတွေကို တောက်လျှောက်ဖယ်ပြီး သစ္စာရှိလူရင်းတွေကို ရာထူးတင်ပေးခဲ့ တယ်။ ဒီလိုနဲ့ ဗိုလ်ချုပ်အောင်ကြီး၊ ဗိုလ်ချုပ်တင်ဦး ၂ ဦးတို့လဲ အိမ်နိမ့်ဘဝ ရောက်ပြီး ကျော်စိုး၊ အေးကို၊ စိန်လွင်တို့ လက်စောင်းထက်ခဲ့တယ်။

မလွှဲမရှောင်သာတဲ့အခြေအနေအရ ကန့်လန့်ကာနောက် ဝင်ခဲ့ရပေမဲ့ ဗိုလ်နေဝင်းဟာ အာဏာနီကို ဆက်တည် ဆောက်ခဲ့တယ်။ ၁၉၉၂-၁၉၉၃ ကာလအထိ အာဏာနီကို ထိန်းနိုင်ခဲ့ပေမဲ့ သူကိုယ်တိုင်ရွေးခဲ့တဲ့ ဗိုလ်စောမောင် ဂေါက်တာကို အကြောင်းပြုပြီး ဗိုလ်သန်းရွှေဟာ အာဏာနီကို စတည်ဆောက်လာနိုင်ခဲ့တယ်။ နေဝင်းရဲ့ အာဏာနီကို မှီခိုနေရင်းနဲ့ ကိုယ်ပိုင်အာဏာနီကို တစတစထူထောင်လာတာ ဖြစ်တယ်။ စစချင်းမှာ အာဏာထက်တဲ့ စီနီယာ တိုင်းမှူးတွေကို မလိမ့်တပတ်နဲ့ ဝန်ကြီးရာထူးပေးပြီး သူခိုးကြီးတွေဖြစ်အောင် လမ်းဖွင့်ပေးလိုက်တယ်။ သူ့လူရင်းဖြစ် တဲ့ တပ်မ ၈၈ မှာ တာဝန်ထမ်းဆောင်ဖူးသူ အရာရှိတွေကို အရေးကြီးနေရာတွေမှာ တင်ပေးခဲ့တယ်။

၁၉၉၇ ခုမှာ စီနီယာတိုင်းမှူးတဖြစ်လဲ ဝန်ကြီးတွေ၊ ၂၀၀၂ မှာ ဗိုလ်နေဝင်းနဲ့ အဆက်အနွယ်တွေ၊ ၂၀၀၄ မှာ ခင်ညွန့်နဲ့ ထောက်လှမ်းရေးတွေကို ဖြုတ်ပစ်ပြီး အာဏာနီတည်ဆောက်မှု ပြီးပြည့်စုံလာတယ်။ တဖက်မှာတော့ မောင်အေး၊ ရွှေမန်းတို့ကို သီးသန့်အာဏာနီ မတည်ဆောက်နိုင်အောင် လုပ်ပိုင်ခွင့်ကန့်ထားနိုင်ခဲ့တယ်။ ၂၀၀၈ မှာတော့ သန်းရွှေ ရဲ့ အာဏာနီကို အခြေခံဥပဒေနဲ့ ရာသက်ပန်ကျားကန်ပေးလိုက်တယ်။ လုပ်ပိုင်ခွင့်အကန့်အသတ်တွေဘဲ ပေးထားတဲ့ အစိုးရ လွှတ်တော် စစ်တပ် သုံးခုစလုံးဟာ ဗိုလ်ချုပ်မှူးကြီးဟောင်းသန်းရွှေရဲ့ အာဏာနီကို မကျော်နိုင်စေဖို့ လုပ်ထားတာ ဖြစ်တယ်။

ရွှေမန်းဟာ သမတရာထူးမှန်းခဲ့ရာက ဗိုလ်သန်းရွှေရဲ့ အကွက်ရွှေ့မှုအောက်မှာ ထမင်းလုပ် ပြုတ်ကျခဲ့ရတော့ နိုင်ငံ တကာအသိအမှတ်ပြု ထိပ်ဆုံးရာထူးရချင်လွန်းလို့ ရူးမတတ်ဖြစ်နေရှာတယ်။ ဒါကြောင့် လူအထင်ကြီးအောင် သမတ အစိုးရ နဲ့ ရန်ဖြစ်ပြ၊ ဒေါ်စုနဲ့ပူးပြ၊ ၈ ပူးနဲ့လုံးပြ၊ နိုင်ငံတကာအကြိုက်ဘင်္ဂါလီချစ်ပြနေပေမဲ့ တပ်ထဲမှာ အာဏာနီ မတည် ဆောက်နိုင်တော့ ဘာမှအရာမထင်ဘဲ ဗိုလ်သန်းရွှေနဲ့တပ်ရဲ့ အမြင်ကပ် အော့နှလုံးနာမှုကိုဘဲ ခံနေရတယ်။ မြောက် ကိုးရီးယားကိစ္စမှာ ကုလနဲ့ အမေရိကန်ကျေနပ်အောင် တရားခံအဖြစ် ဗိုလ်သန်းရွှေနဲ့ မင်းအောင်လှိုင်တို့က ထိုးချတာ ခံရမယ့် အလားအလာလဲ ရှိနေတယ်။ တဖက်မှာလဲ မိသားစုရဲ့ ခရိုနီအပုပ်နံ့ကြောင့် ပြိုင်ဖက်ခရိုနီတွေကလဲမကြည်၊ ပြည်သူလူထုထဲမှာလဲ ထောက်ခံမှုမရရှာဘဲ ဖွတ်သက်ပြည့်ပင်စင်ဘဲ သွားရတော့မယ့်အခြေအနေ ရောက်နေတယ်။

ဒါပေမဲ့ သန်းရွှေဟာ နေဝင်းရဲ့အာဏာနီကို ကျော်လွှားပြီး ကိုယ်ပိုင်အာဏာနီတည်ဆောက်နိုင်ခဲ့သလို မင်းအောင် လှိုင်ကရော သန်းရွှေရဲ့အာဏာနီကို ဖောက်ထွက်ပြီး သီးသန့်အာဏာနီ တည်ဆောက်လာနိုင်မလား။

မင်းအောင်လှိုင်ဟာ တပ်ချုပ်အာဏာရပြီးတာနဲ့ မကြာခင် သူ့စိတ်ကြိုက်တိုင်းမှူးတွေ အရွှေ့အပြောင်းလုပ်တာ၊ ကစထ မှူးတွေ ခန့်တာ ပြောင်းတာတွေလုပ်ခဲ့တယ်။ သူ့အတွက် အာဏာနီတည်ဆောက်တာဖြစ်ပေမဲ့ သမတသိန်းစိန် နဲ့ လွှတ်တော်ရွှေမန်းကို ထိန်းဖို့လုပ်သလိုလို အကြောင်းပြခဲ့တော့ ဦးသန်းရွှေရဲ့ အာဏာနီကိုကျော်ဖို့ မရည်ရွယ်တဲ့ သဘော ဖြစ်နေတော့ တပ်ချုပ်ဟောင်းကြီးက ကြည်ဖြူခဲ့တယ်။ တကယ်တော့ ဒီ့နောက်ပိုင်း တပ်ထဲနဲ့ လွှတ်တော် အစိတ်သားထဲ အပြောင်းအရွှေ့ ရာထူးတိုးဖြုတ်အားလုံးဟာ မင်းအောင်လှိုင်တဦးတည်းရဲ့ အာဏာနီတည်ဆောက် ရေးဘဲ ဖြစ်တယ်။ မလိုချင်တဲ့ စီနီယာတွေ၊ အထူးသဖြင့် DSA-19, 20 လို အပတ်စဉ်တူတွေကို သံအမတ် စစ်သံမှူး စတဲ့တာဝန်တွေနဲ့ အပြင်ထုတ်ပစ်ခဲ့တယ်။ တချို့ကိုလဲ အရပ်ဖက်ဝန်ကြီးဌာန ချောင်ဂလောင်တွေထဲ ပို့ပစ်ခဲ့တယ်။

တကယ်တော့ မင်းအောင်လှိုင်အပါအဝင် အခုနောက်ပိုင်းဗိုလ်ချုပ်တွေဟာ တိုက်ပွဲကြီးတွေ စစ်ဆင်ရေးကြီးတွေ မရှိတော့တဲ့ အပစ်အခတ်ရပ်စဲရေးကာလမှာ လူဖြစ်လာတာ (တနည်းအားဖြင့် ဗိုလ်ဖြစ်လာတာ) တွေမို့လို့ စစ်ပွဲစွမ်း ဆောင်ချက်ပြစရာ လောက်လောက်လားလား မရှိကြပါဘူး။ ဒါကြောင့် အထက်ကိုတက်ဖို့ အထက်မှာခိုင်ဖို့ဆိုတာ ကိုယ်ပိုင်အရည်အချင်းတော်ဖို့ထက် တခြားတော် ၃ တော်ဖြစ်တဲ့ အဖားတော်၊ ဆွေမျိုးတော်၊ ဇာတာတော်ဖို့က ပိုအရေးပါတဲ့ခေတ် ဖြစ်နေတော့ အာဏာနီတည်ဆောက်ရေးကို ပိုအလေးထားလုပ်နေရတယ်။

ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၁၁ မှာ သူ့ရဲ့အာဏာနီကို ဗိုလ်သိန်းစိန်၊ ဗိုလ်ရွှေမန်း၊ ဗိုလ်ခင်အောင်မြင့်၊ ဗိုလ် တင်အေးနဲ့ ဗိုလ်မင်းအောင်လှိုင်တို့ငါးယောက်ကို ဖြန့်ခွဲပေးလိုက်ပေမဲ့ ဒီလိုဖြန့်ခွဲလိုက်ခြင်းကပင်လျှင် ဘယ်သူ့ဆီမှာမှ အဓိကအာဏာနီ ရှိမနေနိုင်ဘဲ သူ့ဆီမှာဘဲ အဓိကရှိနေအောင် လုပ်ထားတာ ဖြစ်တယ်။ ၅ ယောက်ထဲမှာတော့ တပ်ကိုင်ထားတဲ့ ဗိုလ်မင်းအောင်လှိုင်က အာဏာနီ အများဆုံးရထားပြီး နောက်ထပ်လည်း အာဏာနီတည်ဆောက် ရေးကို ပါးပါးနပ်နပ်နဲ့ တောက်လျှောက်လုပ်နေခဲ့တယ်။

၈၈ မတိုင်မီ မဆလခေတ် နဲ့ ၈၈ နောက်ပိုင်း နဝတခေတ် နအဖခေတ်တွေမှာလိုဘဲ တပ်ထဲ မထားချင်တော့တဲ့ အရာရှိ ကြီး လတ် ငယ်တွေကို နယ်ဘက်အစိုးရဌာနတွေထဲ သွင်းချင်သလိုသွင်းနေတာ၊ ဝန်ကြီးရာထူးကအစ ရွေးကော်နဲ့ ထွေအုပ်အလယ် စည်ပင်နဲ့ရဲအဆုံး မိုးကျရွှေကိုယ်စစ်ဗိုလ်တွေနဲ့ တမိုးလုံးဖျောက်ဆိပ်ဖြစ်နေတာတွေကို ဒီမိုကရေစီ အစိုးရဖြစ်ပြီဆိုတဲ့ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း တပ်ချုပ်အသစ် မင်းအောင်လှိုင်ကလည်း ဘယ်သူ့မှဂရုစိုက်စရာ မလိုဘဲ လုပ်နေဆဲဖြစ်တယ်။ စစ်သူနာပြုအမျိုးသားတွေကို သူ့တယောက်တည်းသဘောနဲ့ ပြန်တမ်းဝင်အရာရှိ ခန့် တာလိုမျိုး၊ ပင်စင်နီးအရာခံဗိုလ်တွေကို ပြန်တမ်းဝင်ခန့်တာ မခန့်တာလိုမျိုး မင်းအောင်လှိုင်ရဲ့ အာဏာနီ တည် ဆောက်ရေးလုပ်ကွက်တွေ အများကြီးရှိသေးတယ်။

တပ်ချုပ်ဆိုတာ တပ်မှာ အမြင့်ဆုံးအမိန့်ပေးသူ အဆုံးအဖြတ်ပေးသူဖြစ်ပေမဲ့ လုပ်ထုံးလုပ်နည်းအရ တခြားသက်ဆိုင် ရာထိပ်တန်းဗိုလ်ချုပ်တွေ ပညာသည်တွေနဲ့ ညှိနှိုင်းတိုင်ပင်ရမှာကို မလုပ်ဘဲ ငါတကော ကောပြီး ဆုံးဖြတ်နေတာ အင်မတန်အန္တရာယ်ကြီးလှတယ်။

အရပ်ဖက်အစိုးရပိုင်းလုပ်ရမယ့် နိုင်ငံတကာဆက်ဆံရေး အလုပ်တွေကိုလဲ မင်းအောင်လှိုင်က မျက်နှာပြောင်တိုက် ဝင်လုပ်နေတာဟာ ဒီအာဏာနီတည်ဆောက်ရေးဘဲ ဖြစ်တယ်။ အာဏာရှင်စနစ်ကိုမှကြိုက်တဲ့ တရုတ် နဲ့ ရွတ်ရှား တို့ကို တပည့်ခံတာ၊ အာဆီယံ၊ အိန္ဒိယ၊ အမေရိကန်တို့ကိုလည်း စစ်ဖက်တင်မက စီးပွားရေးဖက်၊ နိုင်ငံရေးဖက်ကနေ ကစားတာဟာ ကိုယ်ပိုင်အာဏာနီတည်ဆောက်ရေးအတွက် အရင်းအနှီးစုဆောင်းတာ ဖြစ်တယ်။

ဒီအာဏာနီတည်ဆောက်ရေးဟာ မင်းအောင်လှိုင်လုပ်တာ ဖြစ်ပေမဲ့ မင်းအောင်လှိုင်အတွက်မဟုတ်ဘဲ တပ်မတော် အတွက် (ဝါ) တပ်ချုပ်ဟောင်းကြီးအတွက်လုပ်တာ ဆိုတဲ့ပုံ ဖမ်းပေးတာကြောင့် ပါးပါးနပ်နပ်အာဏာနီလို့ ပြောရတာ ဖြစ်တယ်။ ဒီလိုမှမဟုတ်ရင် မင်းအောင်လှိုင်လဲ သူ့ရှေ့က မြင့်အောင်လမ်း လိုက်ရမှာဖြစ်တယ်။

ဒါတွေကြောင့် ဗိုလ်သန်းရွှေအပါအဝင် မဟာလူမျိုးကြီးဝါဒီ စစ်ဝါဒီတွေသည်းခြေကြိုက် ‘သောင်းကျန်းသူချေမှုန်းရေး’ ဆိုပြီး KIA, SSA, TNLA တို့ကို တိုက်ပြနေသလို ၂၀၀၈ အခြေခံဥပဒေကို ကာကွယ်မယ်လို့ ဂဒီးဂဒီးအော်ပြ၊ ငြိမ်းချမ်း ရေးဆွေးနွေးတော့လဲ ဘယ်လိုမှမဖြစ်နိုင်တဲ့ မူ ၆ ချက်တို့၊ ဒို့တာဝန် ၃ ပါးလိုက်နာရေးတို့၊ ဥပဒေလိုက်နာရေး တို့ကို အတင်းတောင်းဆို၊ ဖက်ဒရယ်နဲ့ ဒီမိုကရေစီဆိုင်ရာအာဏာခွဲဝေရေးကို အကြောက်အကန်ဆန့်ကျင်နေတာ ဖြစ်တယ်။

ဖက်ဒရယ်တောင်းဆိုချက်ကို ဆန့်ကျင်ပြတဲ့အကွက်တွေကတော့ နယ်ခြားစောင့်တပ်အလုပ်ခံတဲ့ အပယ်ခံတိုင်းရင်း သားခေါင်းဆောင် ၁၅ ယောက်ကို ပြန်တမ်းဝင် ဗိုလ်မှူးကြီး ဒုဗိုလ်မှူးကြီးတွေ တခမ်းတနားခန့်ပေးတာ၊ လားရှိုးမှာ တိုင်းရင်းသားပြည်သူ့စစ်နာမယ်ခံ မူးယစ်ခေါင်းဆောင် ၂၇ ယောက်ကို ပုခုံးဖက်ပြတာတွေ ဖြစ်တယ်။ ငါ့အောက် ဝင်ရင် ကြိုက်တာလုပ်လို့ရတယ် ဆိုတဲ့အပေါက်ဘဲ ဖြစ်တယ်။

ဗိုလ်သန်းရွှေဟာ တပ်ချုပ်ဘဝနဲ့ အသက် ၇၈ နှစ်အထိ ပင်စင်မသွားဘဲ ကျောက်ချထိုင်နေတုံးက နောက်လူ တွေအတွက်လဲ ရာထူးတွေ ဂျမ်းမဖြစ်ရအောင်၊ သူကလွဲလို့ တခြားအဆင့်နေရာတခုမှာ အာဏာစုနေတာလဲ မဖြစ်ရ အောင် ရာထူးအဆင့်အသစ်တွေ နေရာအသစ်တွေ အမျိုးမျိုးတီထွင်ပေးပြီး အပေါ်တက်ချင်နေသူတွေကို ထိန်းထားခဲ့ တယ်။ ဒုချုပ်အပြင် ညှိကွပ်၊ စစ်ဦးစီးအရာရှိချုပ်၊ စစ်ဦးစီးဗိုလ်မှူးချုပ်၊ ကကကြည်း(စီမံ)၊ ကကကြည်း(တာဝန်) စတဲ့ ရာထူးနေရာတွေနဲ့ ချုပ်ထားသလို အိယောင်ဝါးကစထမှူးဦးရေကိုလဲ ၃ ဆတိုးခဲ့တယ်။ စစ်တိုင်းတွေကိုလဲ ဖောင်းပွစေ ခဲ့လို့ အရင်တိုင်းမှူးတယောက်စာနယ်မြေလေးကို အခုတိုင်းမှူးသုံးယောက်လောက်က ခွဲဝေစားသောက်နေရတဲ့ဘဝ ရောက်ခဲ့တယ်။ ဒါကြောင့် ဒုချုပ်ဦးအေးတောင် လှုပ်မရဘဲ ဒေါသတွေကို ချီးဗားစ်နဲ့မျှောချနေခဲ့ရတယ်။

အားလုံးသိတဲ့အတိုင်း အခုအခါ ဗမာစစ်တပ်ဟာ အောက်ခြေရဲဘော်အင်အားကို ဘယ်လိုမှမတိုးချဲ့နိုင် ဖြစ်နေတဲ့ အချိန်မှာ ဖွဲ့စည်းပုံကတော့ တအားကြီးလာလို့ အရာရှိနဲ့အခြားအဆင့် အချိုးအစား ကြည့်မကောင်း ရှုမကောင်း မမျှမတ ဖြစ်လာတာကြောင့် ရာထူးနေရာအသစ်တွေ ထပ်တီထွင်ပြီး နေရာပေး ထိန်းတဲ့နည်းကို သုံးလို့မဖြစ်တော့တဲ့ အခြေအနေ ဖြစ်လာတယ်။ ဒါကြောင့် စီနီယာတွေ ဂျမ်းမဖြစ်စေဖို့ နဂိုမူလ စစ်တပ်လုပ်ထုံးလုပ်နည်းတွေအတိုင်း အသက် ၆၀ ပြည့်ရင် ပင်စင်ယူရတဲ့စနစ် မလွှဲမရှောင်သာ ပြန်ကျင့်သုံးလာရတယ်။

ဟိုတုံးက ဗိုလ်သန်းရွှေနဲ့ ဗိုလ်နေဝင်း အကျိုးစီးပွားချင်း ပဋိပက္ခဖြစ်သလိုမျိုး အခု ဗိုလ်မင်းအောင်လှိုင်နဲ့ ဗိုလ်သန်းရွှေ စားခွက်လုစရာ လိုမယ့်ပုံတော့ လောလောဆယ် မတွေ့ရသေးပါ။ မင်းအောင်လှိုင်အနေနဲ့ တပ်ထဲမှာ ဗိုလ်သန်းရွှေရဲ့ အာဏာနီကို မှီခိုနေရင်း၊ ပူးနေရင်းနဲ့ ကိုယ်ပိုင်အာဏာနီတည်ဆောက်တာ အကောင်းဆုံးဖြစ်နေသေးတယ်။ အရင်တုံး က ဗိုလ်သန်းရွှေလုပ်ခဲ့သလို အဆုံးစွန်အာဏာနီ မတည်ဆောက်နိုင်ဘဲ အရပ်ဖက်သမတရာထူးအတွက်ပါ ရည်ရွယ်ပြီး အာဏာနီတည်ဆောက်နေရတယ်။ ဒါကြောင့် နှစ်ထပ်ကွမ်း သုံးထပ်ကွမ်းအာဏာနီဖြစ်လာပြီး ပိုအန္တရာယ်ကြီးနိုင် တယ်။

အန္တရာယ်လက္ခဏာတွေကတော့ ၁၇ နှစ်ငြိမ်းချမ်းခဲ့တဲ့ ကချင်ပြည်ကတိုင်းရင်းသားတွေ၊ ၂၂ နှစ်ငြိမ်းချမ်းခဲ့တဲ့ ရှမ်း ပြည်က တိုင်းရင်းသားတွေ အသက်ကို ဖက်နဲ့ထုပ်ပြေးနေရ၊ ဒူးနဲ့မျက်ရည်သုတ်နေရတာ၊ တခါမှမရှိခဲ့ဖူးတဲ့ ဒုက္ခသည် စခန်းတွေ ပေါ်လာတာ၊ မြစ်ဆုံ လက်ပန်တောင်း ကျောက်ဖြူ တကောင်းတောင်တို့နဲ့ ပတ်သက်ပြီး ဇာတိသားတွေ ဇက်ကျိုးနေရတာ (လက်ပန်တောင်းမှာ ဘုန်းကြီးတွေ မီးလောင်ဗုံးထိတာ တပ်ချုပ်လက်အောက်ခံ ပြည်ထဲရေးဝန်ကြီး ဌာနမှာ အဓိကတာဝန်ရှိတယ်)၊ ပုဒ်မ ၄၃၆ အပါအဝင် စစ်ကျွန်ပြုအခြေခံဥပဒေကို တင်းတင်းမာမာကာကွယ်နေတာ၊ လယ်သမား အလုပ်သမားတွေ အိုးမဲ့အိမ်မဲ့တွေ စစ်တပ်သိမ်းမြေကျင်းထဲရောက် ခရိုနီလုပ်ငန်းခြေနင်းဖတ်အောက် ရောက်နေတာတို့ ဖြစ်တယ်။

သမတဖြစ်ဖို့ ဆိုရင် တပ်ချုပ်ဟောင်းကြီးကြိုက်ဖို့၊ ကိုယ်ကျိုးစီးပွားတွေ ထုနဲ့ထည်နဲ့ အခိုင်အခန့်ရှိထားတဲ့ အငြိမ်းစား ဗိုလ်ချုပ်၊ လက်ရှိဗိုလ်ချုပ်များ၊ ကြံ့ဖွတ်များ ကြိုက်ဖို့လိုတယ်။ (စာဖတ်နေသူကြီးရဲ့ စီမံချက်ထဲမှာ ကြံ့ဖွတ်နဲ့ တပ်က မဟုတ်သူတွေအတွက် ထည့်မစဉ်းစားပါ။) ဒါကြောင့် ၂၀၁၆ နှစ်ဦးမှာ သက်ပြည့်ပင်စင်ယူရမယ့် မင်းအောင်လှိုင် အခု လုပ်နေသမျှဟာ ဒီရည်မှန်းချက်အတွက်ဘဲ ဖြစ်တယ်။

မတ်လ ၂၇ ရက်မှာ စစ်ရေးပြပွဲလုပ်ရုံတင်မက ဗိုလ်ချုပ် အဟောင်းတွေကို ခေါ်ကန်တော့တာလဲ အာဏာနီတည်ဆောက်မှု အကွက်လှလှလေးတကွက်ဘဲ ဖြစ်တယ်။ ဗိုလ်ချုပ် ဟောင်းတွေရဲ့ တပည့်တပန်းတွေ တပ်တွေထဲမှာ ရှိနေသေးတာ အားလုံးအသိပါ။ ဒါပေမဲ့ ဦးသန်းရွှေအကြိုက်၊ ခြေလျင်တပ်အကြိုက်ဖြစ်အောင် ဗိုလ်ချုပ်ဟောင်းခင်ညွန့်ကိုတော့ ချန်ထားခဲ့တယ်။ 
တခြားဗိုလ်ချုပ်ဟောင်းတဦး ဖြစ်တဲ့ သူရတင်ဦးနဲ့ ဘယ်တော့မှမဟောင်းတဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီး ဒေါ်စုအပေါ်လဲ အဲ့ဒီလိုသဘောထားမျိုးနဲ့ ဆက်ဆံနေတာ ဖြစ်တယ်။

ဒါကြောင့် ၂၀၁၅ သမတရာထူးအတွက် အရင်းအနှီးထဲမှာ ဦးပိုင်နဲ့ စစ်မြေရှင်စနစ်၊ စစ်အရင်းရှင်စနစ်၊ စစ်ခရိုနီစနစ် တွေ ကာကွယ်ရေးကလဲ အရေးပါနေတယ်။ မိတ္ထီလာစစ်လေ့ကျင့်ခန်း၊ ကိုကိုးကျွန်းစစ်လေ့ကျင့်ခန်းတွေကို တီဗီမှာ ကြိုးစားပမ်းစား လွှင့်ထုတ်ပြနေတာလဲ အရင်းအနှီးတခုပါဘဲ။ အထူးအားထုတ်နေတဲ့ အရေးအကြီးဆုံးအရင်းအနှီးတခု ကတော့ တိုင်းရင်းသားတော်လှန်ရေးတွေကို ‘သောင်းကျန်းသူ’တွေအဖြစ် စစ်ရေးနည်းနဲ့ ချေမှုန်းနိုင်တာဖြစ်စေ၊ အပစ်ရပ်နည်းနဲ့ ဖျက်ဆီးဂွေးသင်းနိုင်တာဖြစ်စေ၊ ဒါမှမဟုတ် နှစ်နည်းစလုံးနဲ့ဖြစ်စေ လုပ်ပြဖို့ဘဲကျန်တော့တယ်။
ကိုယ်ကျိုးရှာ စစ်ဝါဒီ-မဟာဝါဒီတွေ တပ်ထဲမှာကြီးစိုးနေသရွေ့ နိုင်ငံတော်၊ တပ်မတော်နဲ့ တိုင်းရင်းသားတို့ရဲ့ အနာဂတ်တွေဟာ စုတ်ပြတ်နေအုံးမှာ ဖြစ်တယ်။

ဂါမဏိ

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။