Friday, January 18, 2013

လျော့တိလျော့ရဲ နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်နဲ့ အုပ်ချုပ်ရေး ယန္တရား ဆွေးနွေးခန်း - အပိုင်း(၁)

(စည်းလုံးခြင်းရဲ့အင်အား)


မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်ပြီး ဖြစ်ပေါ်ဆဲ အရေးအခင်းများ ဖြစ်ကြတဲ့ ရခိုင်/ ဘင်္ဂလီ အရေးအခင်း၊ လက်ပန်းတောင်းတောင် အရေးအခင်း၊ အစိုးရနှင့် KIA/KIO တိုက်ပွဲများအပေါ် နိုင်ငံရေးနှင့် စစ်ရေး အကဲခတ် သူများ လေ့လာ သုတေသန သုံးသပ်နိုင်ဖို့ ရည်ရွယ်ပြီး စည်းလုံးခြင်းရဲ့ ဝက်ဘ်ဆိုဒ် အနေဖြင့် အယ်ဒီတာအဖွဲ့နဲ့ ပြည်တွင်းက ဗိုလ်မှူးကြီး (ငြိမ်း) တစ်ဦးတို့ ဝေဖန် သုံးသပ်တဲ့ ဆွေးနွေး ခန်းအား တင်ပြပေးလိုက်ပါတယ်။ အဆိုပါ အရေးအခင်းတွေ ဖြစ်ပေါ်လာရတဲ့ အကြောင်းရင်း တစ်ချက်က  နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက် ပေါက်ပြဲနေလို့ဖြစ်ကာ သတင်းများ အချိန်နှင့် တပြေးညီ ဆက်စပ် ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ မလွှဲမသွေ လိုအပ် လာပါတယ်။ နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန်ယက်အပေါ် ဆွေးနွေးခန်း တစ် ရပ် ကို စည်းလုံးခြင်းရဲ့ အင်အား ၀က်ဘ်ဆိုဒ်က တင်ပြခဲ့ပြီး ဖြစ်ပါတယ်။

အယ်ဒီတာ။          ။ မင်္ဂလာပါ ဗိုလ်မှူးကြီး.. နေကောင်းတယ်နော်၊ မတွေ့ဖြစ်တာ အတော်ကြာပြီဗျာ။ ဒီကြားထဲ မြန်မာနိုင်ငံအတွင်း ရခိုင်ပြည်နယ် အရေးအခင်း၊ လက်ပန်းတောင်းတောင် အရေးအခင်း၊ KIA နှင့် တပ်မတော် တိုက်ပွဲ ဖြစ်နေတာ ကြားရတာ တကယ်ကို စိတ် မချမ်းသာဘူးဗျာ။ ဗိုလ်မှူးကြီး ပြောခဲ့သလို နိုင်ငံတော်ရဲ့ လုံခြုံရေး ကွန် ယက် တော်တော်ကို ပေါက်ပြဲကုန်နေပြီးလား။ အထက်ကို တင်ပြပေးပို့ ခဲ့တဲ့ သတင်းတွေကော တကယ်
မှန်မှန်ကန်ကန် ဖြစ်ရဲ့လား။ သတင်း ကော အချိန်မှီ ရောက်ရဲ့လား။ သမ္မတနဲ့ တပ်ချုပ်တို့လို ဆုံးဖြတ်ချက် ချရမဲ့ C.O (Commander Officers) တွေ အနေနဲ့ ဘာတွေ ဆုံးဖြတ် ချက် မှားတွေ ချခဲ့ကြတယ်ဆိုတာ ဆွေးနွေးချင်ပါတယ်။ ဗိုလ်မှူးကြီးနှင့် ကျွန်တော်တို့ တွေ့ပြီးကတည်းက ဒီကြားကာလထဲမှာ ၂၀၀၆ ခုနှစ် NIB ဖျက်သိမ်းပြီး သကာလ နောက်ပိုင်း ထောက်လှမ်းရေး အဖွဲ့အစည်း အသွင် သဏ္ဍန်မျိုး သတင်းတွေ ရရှိခဲ့ရင်လည်း ဆက်လက် ဆွေးနွေးပါဦး ခင်ဗျား။

ဗိုလ်မှူးကြီး။          ။ မြန်မာနိုင်ငံအတွင်း ထောက်လှမ်းရေး ဆိုတာ အသံ ကြားလိုက်ရုံနဲ့ ပြည်သူ  လူထုက ထိန့်လန့်စရာ၊ စိုးရိမ်စရာ၊ ခါးသီး စရာများ ဖြစ်ခဲ့ရသလို တပ်မတော် အတွင်းမှာပင် တချို့ ထောက်လှမ်း ရေး တပ်ဖွဲ့များရဲ့ နှိပ်ကွပ်မှုကြောင့် အရာရှိ စစ်သည်များလည်း ဘ၀ ပျက်စရာ ဖြစ်စဉ်များ ကြုံ့တွေ့ ခဲ့ရပါတယ်။ ယခင် ဒုတပ်မတော် ကာ ကွယ်ရေး ဦးစီးချုပ၊် ကာကွယ်ရေး ဦးစီးချုပ်(ကြည်း)၊ ဒုတိယ ဗိုလ်ချုပ်မှူး ကြီးမောင်အေး ကိုယ်တိုင် စစ်ရုံးရှိ အစည်းအဝေး တခုမှာ ထိုစဉ်က ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် မြင့်ဆွေ (ယခု ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ်) အား တပ်မတော် ထောက်လှမ်းရေး ဆိုတာကို ပြန်ဖွဲ့ရင် ထောက်လှမ်းရေး ဆိုတဲ့ စကားလုံး အသံကိုတောင် မကြားချင် ဘူးလို့ ဆိုခဲ့ဘူးပါတယ်။

အယ်ဒီတာ။          ။အဲဒီတော့ ကိုမြင့်ဆွေက စရဖ ကို ပူးတွဲ ကိုင်ခဲ့ရာမှ စရဖ အား ကွပ်ကဲနိုင်ဖို့ သူ့နဲ့ တစ်ပတ်စဉ်ထဲ ကိုရဲမြင့် (ယခု မန္တလေး တိုင်း ဒေသကြီး ဝန်ကြီးချုပ်) အား ဦးသန်းရွှေကို တင်ပြပေးပြီး လွှဲ ပြောင်းပေးကာ ဆက်လက် လုပ်ဆောင်သွားတယ်လို့ သိရပါတယ်။ ဗိုလ်မှူးကြီးဘက်က သိရရင် ဆက်လက်ဆွေးနွေးပါဦး။

ဗိုလ်မှူးကြီး။          ။ ၂ဝဝ၄ ခုနှစ်မှာ နိုင်ငံတော် အကြီးအကဲများရဲ့ ဆုံးဖြတ်ချက်နဲ့ တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးအား ဖျက်သိမ်းလိုက်ကာ စစ်ဖက်ရေးရာ လုံခြုံရေး အရာရှိချုပ် (စရဖ) ရုံး အနေနဲ့ အစားထိုး ဖွဲ့စည်းခဲ့သလို တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးရဲ့ ကွပ်ကဲမှု အောက်မှာ ရှိတဲ့ အဖွဲ့အစည်းများ၊ ကော် မတီများကိုလည်း စိစစ်ဖျက်သိမ်းကာ လုပ်ပိုင်ခွင့်များ ရုတ်သိမ်းခဲ့ပါတယ်။ အဲဒီလို ဖျက်သိမ်းခဲ့တဲ့ အဖွဲ့အစည်းများမှာ တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးမှ တပ်ဖွဲ့ဝင်များ၊ ပြည်ထဲရေးဝန်ကြီးဌာန အပါအဝင် ဝန်ကြီးဌာန အသီးသီးမှ ဝန်ထမ်းများနဲ့ ပူးပေါင်း ဖွဲ့စည်းထားတဲ့ အမျိုးသား ထောက်လှမ်းရေးအဖွဲ့ (NIB) လည်း ပါဝင်ခဲ့ပါတယ်။

အယ်ဒီတာ။          ။ NIB မူလတာဝန်က ဘာလဲ။ ဘာလို့ ဖျက်သိမ်း ခံရသလဲ။

ဗိုလ်မှူးကြီး။          ။ အမျိုးသား ထောက်လှမ်းရေး အဖွဲ့(NIB)ရဲ့ မူလတာဝန်ဟာ နိုင်ငံတော်ရဲ့ လုံခြုံရေး၊ ထောက်လှမ်းရေးနဲ့ တန်ပြန် ထောက်လှမ်းရေး လုပ်ငန်းများ အတွက် သက်ဆိုင်ရာ ဝန်ကြီးဌာန များနဲ့အတူ ပူးပေါင်းကာ ပြီးပြည့်စုံတဲ့ ထောက်လှမ်းရေး အဝန်းအဝိုင်း အနေဖြင့် နိုင်ငံတော်အား လုံခြုံမှုပေးနိုင်ဖို့ ရည်ရွယ် ဖွဲ့စည်းခဲ့တာ ဖြစ်တယ်။ ဒါပေမယ့် လုပ်ပိုင်ခွင့် သတ်မှတ်ချက်များအား ကျော်လွန်ပြီး လုပ်ဆောင်လာတဲ့အပြင် တပ်မတော် ထောက်လှမ်းရေး အရာရှိချုပ်ရုံးရဲ့ လွှမ်းမိုးချုပ်ကိုင်မှု အောက်ကို လုံးလုံးလျားလျား ကျရောက် သွားခဲ့တာ ကြောင့် အမျိုးသား ထောက်လှမ်းရေး အဖွဲ့ကိုပါ ဖျက်သိမ်းခဲ့ရတာ ဖြစ်ပါတယ်။ အဖွဲ့အား ဖျက်သိမ်းခဲ့သလို အဖွဲ့ရဲ့ အရေးကြီး နေရာများမှာ တာဝန်ယူ ထမ်းဆောင်နေတဲ့ ကာကွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထဲရေး ဝန်ကြီးဌာန၊ နိုင်ငံခြားရေး ဝန်ကြီးဌာန၊ လူဝင်မှု ကြီးကြပ်ရေးနဲ့ ပြည်သူ့ အင်အား ဝန်ကြီးဌာန၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန် ဝန်ကြီးဌာနတို့မှ ဝန်ထမ်းများကိုလည်း စိစစ်အရေးယူကာ ပေါ်ပေါက်တဲ့ ပြစ်ဒဏ်များ အလျောက် ထိုက်သင့်သလို အရေးယူမှုများ လုပ်ဆောင်ခဲ့ရ ပါတယ်။ နကစ လို့ခေါ်တဲ့ နယ်စပ်ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ ထောက် လှမ်းရေး အသွင်ပြောင်း ဝန်ထမ်းတွေကို နှိပ်ကွပ်ခဲ့တယ် ဗျာ၊ အကောက် ခွန် ဝန်ထမ်းတွေဆိုရင် တစ်ဖက်နိုင်ငံကို ထွက်ပြေးသွားခဲ့ရတယ်။

ပေါက်ပြဲနေတဲ့ လုံခြုံရေး ကွန်ယက်ကြားထဲက လျော့တိလျော့ရဲ သမ္မတရဲ့ အုပ်ချုပ်ရေး ယန္တရား ဆွေးနွေးခန်း - အပိုင်း (၂) ကို ဆက်လက် တင်ဆက်ပေးသွားပါမယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။