Monday, January 14, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၁)

(စည်းလုံးခြင်းရဲ့အင်အား)


နေပြည်တော်ရှိ လေကြောင်းရန် ကာကွယ်ရေး စခန်းဌာနချူပ်ပုံ (ပေးပို့သူ - ပြည်တွင်းမှ တာဝန်ထမ်းဆောင်ဆဲ လေတပ် အရာရှိ တစ်ဦး)

အယ်ဒီတာအဖွဲ့၏တင်ပြချက်။ကကက။ နိုင်ငံတကာစစ်ပွဲများတွင် လေ ကြောင်းအင်အား သာလွန်မှု အဆုံးအဖြတ်ကြောင့် တစ်ဖက်နိုင်ငံ၏ ကြည်း တပ် အင်အားကြီးမားသော်လည်း ရှုံးနိမ့်သွားသည့် ဖြစ်စဉ်များ တွေ့ရှိရပါသည်။ အီရတ်နိုင်ငံအပေါ် အမေရိကန်၏ လေကြောင်း ထိုးစစ် ကြောင့် အချိန်တို ကာလအတွင်း ချေမှုန်းသွားနိုင်သလို အာရပ်ကြည်း တပ် အင်အားကြီးမားမှုအပေါ် အစ္စရေး၏ လေတပ်က အောင်နိုင်သွား သည့် ဖြစ်စဉ်များ ရှိခဲ့ပါသည်။ နိုင်ငံတကာ လေပိုင်နက်များတွင် လေ ကြောင်း စိုးမိုးမှုရှိရေးနှင့် ရန်သူမှ အင်အားကြီးမားစွာ ထိုးစစ်ဆင်လာ သော လေကြောင်း စစ်ဆင်ရေးအပေါ် လေကြောင်းရန် ကာကွယ်ရေး ကဏ္ဍဟာ အရေးပါလာပြီး အဆင့်မြင့် နည်းပညာများဖြင့် လက်ယှက်ထိုး ခံစစ်ကွန်ယက် အပူတပြင်း နိုင်ငံများက ပြုလုပ် တည်ဆောက် လာကြ သည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့် စစ်ဘက်လေ့လာသူများအနေဖြင့် လေကြောင်းရန်ကာကွယ်ရေး မဟာဗျူဟာ၊ နည်းဗျူဟာ ဘာသာရပ်များ ကို လေ့လာ မှတ်သားနိုင်ရန် နိုင်ငံလုံခြုံရေးအတွက် အချက်အလက် တချို့ကို ချန်လှပ်ပြီး တင်ဆက်ပေးလိုက်ရပါသည်။ ယခုဘာသာရပ်ကို ပေးပို့ပေးတဲ့ ပင်တိုင်ဆောင်းပါးရှင် ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိတစ်ဦး) အား အထူးကျေးဇူးတင်ရှိပါသည်။

ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ တပ်မတော် (လေ) အရာရှိ တစ်ဦး)

လေကြောင်းရန် ကာကွယ်ရေး၏ သဘောသဘာဝ

(၁)ကကလူ့သမိုင်းစဉ် တစ်လျောက် ဖြစ်ပွားခဲ့သည့် စစ်ပွဲများအတွင်း တိုက်စစ်ပြုသူနှင့် ခံစစ်ပြုသူများ၏ လက်နက်ပြိုင်ဆိုင်မှုကို
ထင်ရှားစွာ တွေ့မြင်ခဲ့ကြရာ ယနေ့ထက်တိုင် ဆက်လက် ယှဉ်ပြိုင် နေကြဆဲပင် ဖြစ်ကြောင်း လေ့လာ သိရှိနိုင်ပေသည်။ ထိုသို့ လက်နက်စွမ်းပကား ပြိုင်ဆိုင်မှုများတွင် တိုက်လေယာဉ်များ၏ စွမ်းပကား များဖြစ်သော တွန်းကန်အားစနစ်၊ လက်နက်စနစ်၊ ပျံသန်းထိန်းကျောင်းမှုနှင့် လေ ကြောင်း အီလက်ထရောနစ် နည်းပညာများသည် ဒုတိယကမ္ဘာစစ် နောက်ပိုင်း တဟုန်ထိုး မြင့်မားတိုးတက်ခဲ့ရာ ခံစစ်ဆင်ရမည့် နိုင်ငံများ အတွက် လေကြောင်း တိုက်ခိုက်မှုကို ကာကွယ်ရန် ပိုပိုခက်ခဲသည့် ပြဿနာတွေ့လာကြရသည်။ တိုက်စစ်အဟုန် ထိန်းသိမ်းနိုင်ခြင်းနှင့် အဆက်မပြတ် ထိုးစစ်ဆင်နိုင်ခြင်းများဖြင့် စစ်အောင်နိုင်သည့်အချက်မှာ မှန်ကန်ဆဲဖြစ်သည့်အတွက် နိုင်ငံတစ်ခု၏ လုံခြုံရေးကို လျှော့ပေါ့တွက် ဆ၍မရချေ။ ထိုသို့ စစ်အောင်နိုင်ရေးအတွက် ထိုးစစ် အပြုအမူ စစ်ဆင် ရာ၌ အရေးကြီးဆုံးအချက်မှာ မိမိတိုက်ခိုက်ရေးအင်အားစုကြီးအား ခိုင်မာသည့် လုံခြုံမှုရှိစေရန်ပင် ဖြစ်သည်။ ယင်းကဲ့သို့ လုံခြုံမှုပေးနိုင်ရန် ဆောင်ရွက်ရာတွင် လေကြောင်းရန်ကာကွယ်ရေး၏ အခန်းကဏ္ဍမှာ အရေးပါသည့်နေရာမှ ဦးဆောင် ပါဝင်လာရသည်။

(၂)ကက နိုင်ငံတစ်ခု၏ စစ်အင်အားသည် မျှတစွာ ဖွဲ့စည်းထားသည့် တိုက်စစ်နှင့် ခံစစ်စွမ်းပကား များပေါ်၌ မူတည်နေပါသည်။ ယင်းနိုင်ငံ၏ လေကြောင်းစွမ်းအား ပိုင်ဆိုင်မှုအထဲမှ အင်အား မည်မျှကို လေကြောင်း ရန် ကာကွယ်ရေးအတွက် ထုတ်နှုတ် သုံးစွဲရမည်ကို ဆုံးဖြတ်သတ်မှတ် ရန် ခက်ခဲပါသည်။ အင်အား ခွဲဝေသုံးစွဲရေးမှာ လေကြောင်းရန် ကာကွယ် ရေးကဏ္ဍ၏ အကြောင်းရင်း နှစ်ရပ်အပေါ်တွင် အခြေခံတွက်ချက်ရပါ သည်။ ပထမအကြောင်းရင်းမှာ ဟန့်တား တိုက်ခိုက်မှုအတွက် အသုံးချ ရမည့် အင်အား ထားရှိခြင်းနှင့် ဒုတိယရည်မှန်းချက်မှာ ဟန့်တား တိုက် ခိုက်မှုရှုံးနိမ့်ပါက အဆုံးအဖြတ် စစ်ပွဲ ဆင်နွှဲမည့် တိုက်ခိုက်မှုများမှ ကာကွယ်ရန် အင်အား ထားရှိခြင်း ဖြစ်သည်။
 ရုရှားတပ်မတော်၏ M-1 SA -15 အမျိုးအစား အဆင့်မြင့် လေကြောင်းရန် ကာကွယ်ရေး မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်တင်ယာဉ်

(၃)ကကနိုင်ငံတစ်ခု၏ တိုက်စစ်ဆင်နိုင်သော စွမ်းပကား သို့မဟုတ် စစ်အင်အားကြီးမားမှုသည် ရန်စကျူးကျော်ခြင်းကို အဟန့်အတားဖြစ်စေ သည် ဆိုသည့်အချက်အား နိုင်ငံတကာက သိရှိနားလည် လက်ခံ ကျင့် သုံးလျက်ရှိပါသည်။ နိုင်ငံတစ်ခုအား လေကြောင်းမှ ကျူးကျော်တိုက်ခိုက် မှုအား ထိရောက်ကောင်းမွန်သော လေကြောင်းရန်ကာကွယ်ရေး စနစ်ဖြင့်သာလျှင် ခုခံကာကွယ်နိုင်ပြီး ရန်သူအား ထိခိုက် ကျဆုံးမှု အများဆုံး ဖြစ်စေနိုင်သဖြင့် လေကြောင်းရန် ကာကွယ်ရေးကဏ္ဍသာ လျှင် အဓိက ဟန့်တားမှု ပြုနိုင်သည့် စွမ်းအားစုဖြစ်ပေသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ဗြိတိန် လေကြောင်းတိုက်ပွဲကို ကြည့်လျှင် ထိရောက်သော လေကြောင်းရန် ကာကွယ်ရေး၏ အကျိုးသက်ရောက်မှု ကို နမူနာကောင်း တစ်ခုအဖြစ် လေ့လာနိုင်ပါသည်။ ၁၉၆၇ ခုနှစ်၊ အာရပ်-အစ္စရေး စစ်ပွဲတွင်လည်း အားနည်းသည့် လေကြောင်းရန် ကာကွယ်ရေးကြောင့် အစ္စရေးတို့၏ ကြိုတင် လက်ဦးမှုရယူသည့်စစ်ကို အာရပ်တို့ ရှုံးနိမ့်ခဲ့သည့် သာဓကအား သင်ခန်းစာရယူနိုင်ပါသည်။

(၄)ကက ရန်သူထိုးစစ်ကို ဟန့်တားခုခံရာတွင် ခံစစ်ပြုရသူနိုင်ငံအနေဖြင့် ကနဦးတိုက်ခိုက်မှုကို တောင့်ခံထားနိုင်ရန် လိုအပ်ပါသည်။ အားကောင်း သည့်ခံစစ်ကို ရေရှည်ဆင်နွှဲနိုင်ခြင်းနှင့် ကနဦး တိုက်ခိုက်မှုကြောင့် ပျက်စီး ဆုံးရှုံးသည့်ဒဏ်ကို ခံနိုင်မှု ရှိ/မရှိမှာလည်း အရေးပါသည့် အချက် ဖြစ်သည်။ လေကြောင်းရန်ကာကွယ်ရေးကဏ္ဍတွင် ရန်သူ့ကျူးကျော်စစ် ကို အဟန့်အတား ဖြစ်စေလိုသော်လည်း ရန်ဘက်အား ကြိုတင်လက်ဦး လေကြောင်းထိုးစစ် မပြုလိုသည့် နိုင်ငံတစ်ခုအနေဖြင့် အပျက်အစီး ခံနိုင်ရေးအတွက် လုံလောက်သည့် လေကြောင်းစွမ်းအားကို များပြားစွာ တည်ဆောက်ရန် လိုအပ်ပုံကို ဥပမာဖြင့် ရှင်းလင်းတင်ပြပါမည်။ စစ်ဖြစ်ပွားသည့် နိုင်ငံနှစ်ခုတွင် တိုက်လေယာဉ် (၂ဝဝ) စီ ရှိသည်ဟု ယူဆပါ။ လက်ဦး တိုက်ခိုက်သည့်နိုင်ငံက ခံစစ်ပြုသူ နိုင်ငံ၏ တိုက် လေယာဉ်နှစ်ရာအနက် တစ်ရာအား လေထဲမတက်နိုင်ခင်မှာပင် ဖျက်ဆီး ပစ်နိုင်သည်ဆိုလျှင် တန်ပြန်တိုက်ခိုက်မည့် တိုက်လေယာဉ်တစ်ရာ ကိုသာ ရင်ဆိုင်ရမည် ဖြစ်သည်။ ခံစစ်ပြုသူက တန်ပြန်တိုက်ခိုက်မည့် တိုက်လေယာဉ်တစ်ရာ မိမိပစ်မှတ်များသို့ ရောက်မလာမီအတွင်း မိမိတို့၏ လေယာဉ်ကွင်းများ၊ ဒုံးစခန်းများအား ကြိုတင် အသင့်ဖြစ် စေခြင်း၊ လက်တုန့်ပြန်စစ်အား ခုခံရန် ကောင်းစွာကြိုတင် စုစည်းပြင်ဆင် ခြင်းဖြင့် စစ်ဒဏ်ကို အသက်သာဆုံးခံနိုင်ရန် စီမံထားနိုင်သည်။ အထက်ပါ ဥပမာတွင် ကြိုတင်လက်ဦး တိုက်ခိုက်သည့် နိုင်ငံအတွက် အားသာချက်များအနက်မှ အနည်းငယ်မျှသာ သာဓကအနေဖြင့် တင်ပြ ထားခြင်း ဖြစ်ပါသည်။ ဆိုလိုသည်မှာ ခံစစ်နိုင်ငံသည် တိုက်စစ်နိုင်ငံထက် များပြားကြီးမားသော စစ်အင်အားကို တည်ဆောက် ထားရမည်ဖြစ် သည်။ တစ်နည်းအားဖြင့် ဆိုရပါလျှင် ခေတ်သစ်စစ်ပွဲများ၌ လေကြောင်း မှ  ကျူးကျော်တိုက်ခိုက်မှုကို လက်ဦးမှု ရယူ ဆင်နွှဲလေ့ ရှိသောကြောင့် လေကြောင်းရန်ကာကွယ်ရေးကဏ္ဍအား ကောင်းစွာ စီမံ တည်ဆောက် ထားရန် အရေးကြီး လှပေသည်။
 ရုရှားတပ်မတော်၏ S-300 PMU-2 ရွေ့လျားလေကြောင်းကာကွယ်ရေးစနစ်

(၅)ကက လေကြောင်းရန်ကာကွယ်ရေးကဏ္ဍဆိုသည်မှာ လေတပ်တစ်ခု ၏ အခြေခံကျသော တာဝန်များအနက် တစ်ခု အပါအဝင် ဖြစ်သည်။ စစ်ပွဲ တစ်ခု၏ အစပိုင်းတွင် ပြည်ပ ကျူးကျော် ခြိမ်းခြောက်မှု အားလုံး၏ အဓိက ရည်မှန်းချက်ဖြစ်သည့် မိမိ ပင်မ လေတပ်ဌာနချုပ်များ (သို့တည်း မဟုတ်) တန်ပြန်တိုက်ခိုက်မည့် မိမိတပ်များနှင့် အရေးပါသော နေရာ ဒေသ အားလုံး၏ လုံခြုံရေးသည် လေကြောင်းရန် ကာကွယ်ရေးစနစ် တစ်ခု၏ ထိရောက်စွာ ကာကွယ်နိုင်စွမ်း ရှိ/မရှိအပေါ် များစွာ မူတည် ပေသည်။

(၆)ကက ခေတ်သစ်စစ်၏ အဖျက်စွမ်းအား ကြီးမားလှသော လေကြောင်း လက်နက်များကြောင့် ထိရောက်သည့် လေကြောင်းရန် ကာကွယ်ရေးကို အလေးထား ဆောင်ရွက်လာကြရသည်။ စစ်မကြေငြာခင် အချိန်၌ပင် ကြိုတင် ချေမှုန်းစစ်အသွင်ဖြင့်  လေကြောင်းမှ ထိုးစစ်ဆင်လာနိုင်သည့် အခြေအနေများကြောင့် နိုင်ငံတိုင်းအတွက် အဆင့်မြင့်မားသည့် ထိ ရောက် သော လေကြောင်းရန် ကာကွယ်မှုစနစ်ကို ကြိုတင် အသင့်ဖြစ် စေရေး အမြဲအသင့် ဖြစ်စေရေးတို့အတွက် အလေးထား ဆောင်ရွက်ရန် လိုအပ်ပေသည်။

(၇)ကက လေကြောင်းရန်ကာကွယ်ရေးသည် မိမိပိုင်နယ်မြေ၊ မိမိအခြေ စိုက်ဌာနချုပ် (သို့မဟုတ်) ရန်သူ့ လေကြောင်း ပစ်မှတ်တစ်ခုကို တိုက် ရိုက် သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ကာကွယ်ရ ခြင်း ဖြစ်သည်။ မိမိတို့၏ ထိချက်ဒေသ (Vulnerable Area) နှင့် ထိချက် နေရာ (Vulnerable Point) များအား ကာကွယ်ရသည့် လုပ်ငန်းစဉ်များ ချမှတ်ကာ ပုံသဏ္ဌာန် အမျိုးမျိုးသော ရန်သူ့လေကြောင်း တိုက်ခိုက်မှု များက မိမိဝေဟင် ပိုင်နက်အတွင်းဝင်၍ ထိုးဖောက်ခြယ်လှယ်မှု မပြုနိုင် ရေး၊ မိမိစစ်ဗျူဟာ ခင်းကျင်းမှု နယ်မြေအထက် ဝင်ရောက် စိုးမိုးမှု မပြုနိုင်ရေးသည် ကျယ်ပြန့်သော လေကြောင်းရန် ကာကွယ်ရေး၏ သဘောသဘာဝပင် ဖြစ်သည်။

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၂) ကို www.photayokeking.org မှ ဆက်လက် ဖော်ပြသွားပါမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။