Monday, January 28, 2013

လေကြောင်းရန်ကာကွယ်ရေး - အပိုင်း (၃)

(စည်းလုံးခြင်းရဲ့အင်အား)


မြန်မာ့တပ်မတော်တွင် ယခင်က အသုံးပြုခဲ့သော ZPU - 14.5 အမျိုးအစား လေကြောင်းရန်ကာကွယ်ရေး စက်အမြောက်

ဆောင်းပါးရှင် - ဝေဟင် (ပြည်တွင်းမှ လေတပ် အရာရှိ တစ်ဦး)

လေကြောင်းရန် ကာကွယ်ရေး၏ ပြဿနာရပ်များ

လေကြောင်း ခြိမ်းခြောက်မှု (The Air Threat)
(၁၃)ကက လေကြောင်း တိုက်ခိုက်မှုများကို ဗုံးကြဲလေယာဉ်များ၊ မြေပြင် တိုက်ခိုက်ရေး လေယာဉ်များဖြင့် သာမန်အားဖြင့် ဆောင်ရွက်ကြသည်။ ယေဘုယျအားဖြင့် ရာသီမရွေး ပျံသန်းနိုင်သော တိုက်လေယာဉ်များ၊ သမရိုးကျ (သို့မဟုတ်) နျူကလီးယား အဖျက်စွမ်းအားရှိသည့် တိုက်လေယာဉ်များ ဖြစ်သည်။ ယင်းလေယာဉ်များ အနေနှင့် ပင်ကိုယ်အားဖြင့် စွမ်းပကား မြင့်မားစေရန် တည်ဆောက်ထားမှုကြောင့် ကြားဖြတ် တိုက်လေယာဉ်များ၏ ရန်ကို အံတုနိုင်စွမ်း ရှိသည့်အပြင် အချို့သော တိုက်စစ်များ၌ အစောင့်လိုက်ပါသည့် အထူး တိုက်လေယာဉ်များ အကူအညီဖြင့် ထိုးဖေါက် တိုက်ခိုက် ဗုံးကြဲနိုင်ကြသည်။ (ဗုံးကြဲ လေယာဉ်များသည် သာမန်အားဖြင့် တိုက်လေယာဉ် အစောင့်လိုက်ပါ ထိုးဖေါက်
ဝင်ရောက်နိုင်သော်လည်း ယနေ့ခေတ်တွင် ဗုံးကြဲလေယာဉ်များအား ထုတ်လုပ်မှု ကုန်ကျစရိတ် ကြီးမားခြင်းကြောင့် အချို့ လေတပ်များ၌ အင်အား လျှော့ပေါ့ထားကြပါသည်။)

(၁၄)ကက ယင်းကဲ့သို့ ထိုးဖေါက် ဝင်ရောက်မည့်လေကြောင်း ကျူးကျော် ခြိမ်းခြောက်မှုများကို တုန့်ပြန်ရာတွင် လေကြောင်းရန် ကာကွယ်ရေး လက်နက်များဖြစ်ကြသည့် အနိမ့်ပစ်/ အမြင့်ပစ် ပဲ့ထိန်းဒုံးများ၊ ရေဒါစနစ်ထိန်း ပစ်နှုန်းမြန် စက်သေနတ်များနှင့် ကြားဖြတ် တိုက်လေယာဉ်များ တွဲဖက် အသုံးပြုကြသည်။ ထို့ပြင် ဝေဟင်ပိုင်နက်အတွင်း အမြင့်ပိုင်းရော အနိမ့်ပိုင်းပါ ထောက်လှမ်း ကြည့်ရှုနိုင်သော ရေဒါကွန်ယက်များ၊ မြေပြင်သုံးနှင့် ဝေဟင်တင် ရေဒါစနစ်များ၊ စိတ်ချ လုံခြုံ အားထားရသည့် ဆက်သွယ်ရေးစနစ်များနှင့် မျက်မြင် အကဲကြည့်စခန်းများပါ ထားရှိကာ လေကြောင်းရန်ကာကွယ်ရေးစနစ်ကို တောင့်တင်းခိုင်မာစေရန် တည်ဆောက်ကြသည်။


မြန်မာ့တပ်မတော်မှ GPS လမ်းညွှန်စနစ်တစ်ခုအား စမ်းသပ်နေစဉ်

(၁၅)ကက ဤကဲ့သို့သော ဘက်ပေါင်းစုံ ကွက်ပြည့် ကာကွယ်ထားသည့် အနေအထား၌ပင် ကျူးကျော် တိုက်ခိုက်ရေး လေယာဉ်များအနေဖြင့် အထူးသဖြင့် လေကြောင်းရန်ကာကွယ်ရေး ပဲ့ထိန်းဒုံးများရန်မှ လွတ်ကင်းစေရန် အီလက်ထရောနစ် တန်ပြန်လုပ်ငန်း (ECM) ကိရိယာများဖြင့် ထိုးဖောက် ဝင်ရောက်ခြင်းနှင့် တာဝေးပစ် လက်နက် (ပဲ့ထိန်းဒုံး) များဖြင့် အဝေးမှ ပစ်ခတ်ခြင်းစသည့် နည်းဗျူဟာကို သုံးကြရသည်။ သို့သော်လည်း သာမန် ဖွံ့ဖြိုးတိုးတက်စနိုင်ငံများအဖို့ တာဝေးပစ် ပဲ့ထိန်းလက်နက် (ဒုံးဗုံး) များ၏ နည်းပညာ နိမ့်ကျခြင်း၊ စရိတ်ကြီးမားခြင်းများကြောင့် သုံးစွဲနိုင်ချေ မရှိကြသည့်အတွက် လေကြောင်းရန် ကာကွယ်ရသည့် ခံစစ်နိုင်ငံများ၌ အလေးသာမှု အနည်းငယ်မျှ ရှိနေပေသည်။

(၁၆)ကက အထက် ဖော်ပြခဲ့သည့် ခေတ်သစ် စစ်လက်နက်ပြိုင်ဆိုင်မှု အတတ်ပညာ နည်းပညာအား စမ်းမှုများမှာ ခံစစ်နှင့် တိုက်စစ်နိုင်ငံများ၏ စဉ်ဆက်မပြတ်သော ယှဉ်ပြိုင်မှုများကို ထပ်ဟပ်ပြခြင်းသာ ဖြစ်ပါသည်။ မည်သို့ပင်ဖြစ်စေ ယနေ့ခေတ် လေကြောင်းရန်ကာကွယ်ရေးများမှာ ကျူးကျော်လေယာဉ်များအား ကြီးမားသည့် အဟန့်အတားကို ပေးစွမ်းနိုင်သော်လည်း တစ်ချိန်သော ကာလတွင် ထိုးစစ်သုံး အဝေးပစ် ဝေဟင်လက်နက်များ နည်းပညာတိုးတက်လာမှုကြောင့် တိုက်စစ်သမားတို့ဘက်မှ အသာစီး ပြန်ရနိုင်ဖွယ် ရှိပေသည်။

(၁၇)ကက လေကြောင်းထိုးစစ် စစ်ဆင်ရေးကဏ္ဍတွင် အသစ် ထပ်မံတိုးတက်လာသည့် နည်းဗျူဟာမှာ မြေပြင်မှမြေပြင်ပစ်ဒုံးများနှင့် အဝေးပစ် ခရုဇ်ဒုံးပျံများ သုံးစွဲလာခြင်းကြောင့် သမားရိုးကျ တိုက်လေယာဉ်များ၏ ကာကွယ်နိုင်စွမ်း မှေးမှိန် လျော့ကျခဲ့ရပြန်သည်။ (မြေပြင်မှ မြေပြင်ပစ် အဖျက်အားကောင်း တိုက်ချင်းပစ် ဒုံးပျံကြီးများကို တုန့်ပြန်ရန်မှာ Anti-Ballistic Missiles ခေါ်ဒုံးခွင်းဒုံးများအား ရေဒါများနှင့် တွဲဖက်လျက် အသုံးပြု ချေမှုန်းပစ်ခတ်ရန်သာ ရှိပေသည်။)


အစ္စရေးနိုင်ငံ၏ လေကြောင်းရန်ကာကွယ်ရေးမူဝါဒဖြစ်သော သံမဏိဒိုင်းကာစနစ် သရုပ်ပြပုံ

(၁၈)ကက ရန်သူ့လေကြောင်း ကျူးကျော်မှုများကို အောက်ပါ လေကြောင်း စွမ်းအားလေးသွယ် အသုံးပြု၍ ဆောင်ရွက်လာနိုင်ပါသည် -

(က) အမြင့်ပျံ ဗုံးကြဲလေယာဉ်ကြီးများနှင့် ဗုံးကြဲတိုက်လေယာဉ်များ (High Level bombers/Fighter bombers)
(ခ) အနိမ့်ပျံ ဗုံးကြဲလေယာဉ်ကြီးများနှင့် ဗုံးကြဲတိုက်လေယာဉ်များ။                                (Low Flying bombers/Fighter bombers)
(ဂ) တာလတ်နှင့် တာဝေးပစ် ပဲ့ထိန်းဒုံးပျံများ။                                (Medium and long range Missiles)
(ဃ) အနိမ့်ပျံ တိုက်ပွဲဝင် ရဟတ်ယာဉ်များနှင့် မောင်းသူမဲ့လေယာဉ်များ။ (Low Flying Armed Helicopters an unmanned aircraft)

လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခု၏ လိုအပ်ချက်များ

(၁၉)ကက ထိရောက်သော လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခုသည် အောက်ပါလုပ်ငန်း တာဝန်များအား ပြည့်ဝစွာ ထမ်းဆောင်နိုင်ရမည် ဖြစ်သည် -

(က)က ရန်သူ့လေယာဉ်နှင့် ပဲ့ထိန်းဒုံးများကို ဖြစ်နိုင်သမျှ အများဆုံး ဖျက်ဆီး တိုက်ခိုက်နိုင်ခြင်းဖြင့် ရန်သူထိုးစစ်အား ရေရှည် မဆင်နွှဲနိုင်သည်အထိ ပြင်းထန်စွာ ပျက်စီး ဆုံးရှုံးသွားစေရမည်။
(ခ)က ရန်သူ တိုက်ခိုက်ဖျက်ဆီးနိုင်သည့် အရေးကြီး ကာကွယ်ရမည့် နေရာများဖြစ်သော ထိချက်ဒေသနှင့် ထိချက်နေရာများအား လုံခြုံမှု ရှိစေရန်နှင့် အန္တရာယ် နည်းနိုင်သမျှ နည်းစေရန် ကာကွယ်ပေးရမည်။
(ဂ)က မိမိလေကြောင်းရန် ကာကွယ်ရေးစနစ်အား တတ်နိုင်သမျှ စွမ်းပကားပျက်ယွင်း ထိခိုက်ခြင်းမရှိစေရန် မိမိကိုယ်မိမိ ကာကွယ်ထားနိုင်စွမ်း ရှိရမည်။

(၂၀)ကက အထက်ပါ လုပ်ငန်း တာဝန်များ ပြီးမြောက်အောင်မြင်စေရန် လေကြောင်းရန် ကာကွယ်ရေးစနစ်တစ်ခုတွင် အောက်ပါအချက်များဖြင့် ပြည့်စုံနေရမည် ဖြစ်သည် -

(က) ရန်သူ့ လေယာဉ်များအား ၎င်းတို့ လက်နက်ပစ်လွှတ်သည့် အချိန်မတိုင်မီ ကြားဖြတ် တိုက်ခိုက် ဖျက်ဆီးပစ်နိုင်ရမည်။ ဆိုလိုသည်မှာ ရန်သူ ဗုံးကြဲလေယာဉ်နှင့် ဗုံးကြဲတိုက်လေယာဉ်များ ၎င်းတို့၏ လက်နက်ပစ်လွှတ်မျဉ်း (ဗုံးချမျဉ်း) (Weapon Release Line : WRL) သို့ မရောက်မီ ဖြစ်သည်။ အဆင့်ဆင့်ထုဖြင့် ခံစစ်ဆင်ရသည့် သဘောပင် ဖြစ်သည်။
(ခ) လေကြောင်းရန် ကာကွယ်ရေးစနစ်သည် တတ်နိုင်သမျှ ပြောင်းလွယ်ပြင်လွယ် ရှိစေရမည်။ သို့မှသာ ရန်သူမှ အင်အား အလုံးအရင်း ကျူးကျော် ထိုးဖောက်သည့် နေရာသို့ မိမိတပ်များအား လျင်မြန် ချောမွေ့စွာ ရွှေ့ပြောင်းနိုင်မည် ဖြစ်သည်။
(ဂ) မည်သည့် နယ်မြေ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်တွင် မဆို တစ်စုတစ်စည်း တည်းရှိရန် လိုအပ်သည်။ သို့ဖြစ်၍ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို အာဏာပိုင် အမျိုးမျိုးအောက်တွင် တစ်စစီ ဖြန့်ခွဲပေးထားခြင်း မပြုရချေ။ အာဏာပိုင် တစ်ဦးတည်း၏ အောက်တွင် ဗဟိုချုပ်ကိုင်မှု ရှိရမည် ဖြစ်ပြီး ၎င်း၏ အောက်၌ ပေါင်းစု ဖွဲ့စည်းထားသော အဖွဲ့အစည်းများသည် ယင်းအာဏာပိုင်၏ ရှင်းလင်းပြတ်သားသည့် ချုပ်ကိုင်ကွပ်ကဲမှုနှင့် တာဝန်ယူမှု၊ ချက်ခြင်းဆုံးဖြတ်ပိုင်ခွင့် အာဏာစက် အောက်တွင် လိုက်နာ ဆောင်ရွက်သွားကြရမည်။
(ဃ) စနစ်အတွင်း၌ လုံလောက်သော အရန်ထားရှိခြင်းဖြင့် စစ်ဒါဏ်ကြောင့် ပျက်စီးဆုံးရှုံးမည့် လက်နက်ပစ္စည်းများအား အစားထိုးနိုင်ပြီး လေကြောင်းရန်ကာကွယ်ရေးလုပ်ငန်းစဉ်အား ဆက်လက် ရှင်သန်နေစေရမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။