Sunday, January 6, 2013

တပ်မတော်ရဲ့ ရှေးရိုး အစဉ်အလာနဲ့ အစွဲအလန်း ကြီးမားမှု ဖြစ်စဉ်များ (နှစ်သစ်ကူး ဂုဏ်ပြု အစီအစဉ်) - အပိုင်း (၁


(စည်းလုံးခြင်းရဲ့အင်အား)
 နေပြည်တော်တွင် မွေးမြူထားသော ဆင်ဖြူတော်အား ဗိုလ်ချုပ်မှူးကြီးဟောင်း သန်းရွှေမှ အစာကျွေးနေစဉ်


ဆာင်းပါးရှင် - ဗိုလ်ထက်မင်း

တပ်မတော်စတင်ဖွဲ့စည်းကတည်းက ဗိုလ်ချုပ်အောင်ဆန်းနဲ့ ရဲဘော်သုံးကျိပ်တွေဟာ ဘန်ကောက်မှာ လက်မောင်းသွေးဖောက်ပြီး သစ္စာဆိုခဲ့ပါတယ်။ အဲဒီ သစ္စာမှန်ကန်တာကြောင့် တပ်မတော်ဟာ ပြည်သူလူထုရဲ့ ထောက်ခံမှုရရှိလာကာ အင်အားတောင့်တင်းလာတာကြောင့် ဖက်ဆစ်ဂျပန်နှင့် နယ်ချဲ့အင်္ဂလိပ်တို့က ထိတ်လန့်တုန်လှုပ်ခဲ့ရပါတယ်။ လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာခဲ့တဲ့ တပ်မတော်ဟာ သမိုင်းအစဉ်အလာစတင် တာထွက်ကတည်းက ကောင်းမွန်ခဲ့ပါတယ်။ စစ်ထဲဝင်လာပြီဆိုကတည်းက စစ်သားတိုင်း အလံကိုင်ပြီး သစ္စာဆိုရပါတယ်။ စစ်သည်တိုင်း သစ္စာလေးချက်ကို နေ့စဉ်ရွတ်ဆိုရပါတယ်။ နေ့စဉ် ဗိုလ်လောင်းတွေ နေ့လည်စာ/ ညနေစာမစားခင်မှာ ပြည်သူလူထုကျွေးတဲ့ ထမင်းကို သစ္စာစောင့်ရမယ်ဆိုတဲ့ ရွတ်ဆိုသံတွေနဲ့ သစ္စာလေးချက် ရွတ်ဆိုသံတွေဟာ ဗိုလ်လောင်းတိုင်း ကြက်သီးမွှေးညင်းထပြီး ရင်ထဲ၊ အသည်းထဲ စွဲမြဲခဲ့ရပါတယ်။


ဒါပေမဲ့ ၁၉၈၈ ခုနှစ် လူထုအရေးအခင်းဖြစ်ပွားပြီးနောက် တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ ဆောင်ပုဒ် ထိုးတင်လိုက်ချိန်မှာတော့ အရာရှိများရဲ့ရင်ထဲမှာ မေးစရာမေးခွန်းတစ်ခုဖြစ်လာရပါတယ်။ ရုံးတွေမှာ ချိတ်ဆွဲထားတဲ့ ဓာတ်ပုံတွေအနက် တပ်မတော်ရဲ့ဖခင် ဗိုလ်ချုပ်အောင်ဆန်းဓာတ်ပုံ  ဖြုတ်ခိုင်းလိုက်ချိန်မှာတော့ အရာရှိများက မကျေနပ်ချက်တွေ ပေါ်ထွက်လာသလို စစ်သမိုင်းပြတိုက်မှာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးစောမောင်ဓာတ်ပုံကို ဖြုတ်ချလိုက်ခိုင်းတော့ ပို၍ပင် ဘ၀င်မကျစရာ ဖြစ်လာခဲ့ရပါတယ်။ ဒီလုပ်ရပ်တွေကိုကြည့်ရင် တပ်မတော်ကို အုပ်ချုပ်နေတဲ့ စစ်အာဏာရှင်တွေဟာ တပည့်မွေးမှု၊ အုပ်စုလိုက် အာဏာနီတည်ဆောက်မှုတွေနဲ့ ယှဉ်တွဲပြီး ဗေဒင်ယတြာ အစွဲအလမ်းကြီးမားမှုတွေက လွှမ်းမိုးနေတာကြောင့်ပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလ (၁၅) ရက်နေ့ကလည်း တပ်မတော် (လေ) နှစ်ပတ်လည်နေ့ အခမ်းအနားမှာ လေချုပ် ဗိုလ်ချုပ်ကြီးမြတ်ဟိန်းရဲ့ ယတြာအစီအရင်အရ ငှက် (၃၆၅) ကောင်လွှတ်တာ၊ မွေးနေ့ကိတ်လှီးတာတွေကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။ ဒီလို ယတြာအစီအရင်တွေကြောင့် တပ်မတော်ရဲ့ အစဉ်အလာဟာလည်း မှေးမှိန်လာပါတော့တယ်။
 ရွေးကောက်ပွဲတွင် အနိုင်ရရန်အတွက် ဗိုလ်မှူးချုပ် အောင်သိန်းလင်း (အငြိမ်းစား) ၏ ယတြာချေနည်း



ရှေ့တန်းထွက်ရင်တောင် ရက်ရာဇာ၊ ပြဿဒါး နေ့ကောင်းရက်သာရွေးချယ်တာဟာ အစဉ်အလာကောင်းပေမဲ့ ယတြာချေပုံချေနည်းတွေကတော့ မသင့်တော်တဲ့ လုပ်ရပ်တွေရှိခဲ့ပါတယ်။ ခမရ (၁၈) တပ်ရင်းမှူးဖြစ်ခဲ့တဲ့ ယခင် အတွင်းရေးမှူး (၃) ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး ၀င်းမြင့်ဆိုရင် အထက် ဌာနက ရှေ့တန်းထွက်ခိုင်းတဲ့ရက်ဟာ ပြဿဒါးရက်ဖြစ်နေတာမို့ တစ်ရက်စောပြီး တပ်ရင်းဌာနချုပ်ရဲ့ လမ်းတစ်ဖက်ခြမ်းဘောလုံးကွင်းမှာ တပ်ရင်းတစ်ရင်းလုံး ထွက်အိပ်စေခဲ့ပါတယ်။ နောက်တန်းပြန်နားတဲ့ရက်တွေ နည်းလွန်းလို့ လက်ချိုးရေတွက်နေရတဲ့ မိသားစုဝင်စစ်သည်များအဖို့ အတူနေခွင့်မရကြတော့တဲ့ဘ၀ကို တပ်ရင်းမှူးတစ်ဦးက နားမလည်နိုင်တာ ကြုံဖူးပါတယ်။



စစ်တပ်ရဲ့ထုံးစံတစ်ခုကတော့ စစ်သည်သေရင်ဖြစ်ဖြစ်၊ ကျဆုံးရင်ဖြစ်ဖြစ် အမိန့်ပြန်တမ်းထုတ်ရပါတယ်။ သေနတ်မြေစိုက် အလေးပြုစစ်ရေးပြ လေ့ကျင့်မှုကို ခွင့်ပြုချက်ရမှသာ လေ့ကျင့်ရပါတယ်။ အမိန့်ပြန်တမ်းနဲ့ အဲဒီ လေ့ကျင့်မှုတွေကို အလွတ်သဘော ဆောင်ရွက်ပါက တပ်ရင်းခိုက်တယ်လို့ ဆိုကြပါတယ်။ တပ်တွေ ရှေ့တန်းထွက်ရင် နောက်တန်းကရဲမေတွေက ဓမ္မစကြာ ရွတ်ဖတ်ရတာကလည်း အန္တရာယ်ကင်းစေဖို့ ရည်ရွယ်လုပ်ဆောင်ရတာဖြစ်ပါတယ်။ အရာရှိ/စစ်သည်တွေ ရှေ့တန်းထွက်ရင် မိခင်ရဲ့ထမီစဖြစ်ဖြစ်၊ ဖောင်တော်ဦး သင်္ကန်းစဖြစ်ဖြစ်ကို အိတ်ကပ်ထဲထည့်ပြီး စစ်တိုက်ရင် အန္တရာယ် ကင်းစေတယ်ဆိုတာ ရှေးရိုး အစဉ်အလာ တစ်ခုလို ဖြစ်နေပါတယ်။ တပ်ရင်းရှေ့တန်းထွက်နေတုန်း တပ်ရေးဗိုလ်ကြီးနဲ့ တပ်ရင်းအရာခံဗိုလ်တို့က ရဲမေတွေရဲ့ အိမ်ကိုလာမယ်ဆိုရင် ကံဆိုးတဲ့ဖြစ်စဉ်ဖြစ်ပြီး ရှေ့တန်းမှာ ကျဆုံးလို့ လာပြောတာဖြစ်ပါတယ်။



လင်ယောက်ျားဦးထုပ်  ရုတ်တရက်ပြုတ်ကျရင် နိမိတ်မကောင်းဘူးလို့ ဆိုကြပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကျဆုံးခါနီးမှာ ကားပေါ်တက်စဉ်  ပိကတ်ဦးထုတ်ရုတ်တရက်ပြုတ်ကျခဲ့လို့ ဒေါ်ခင်ကြည်က စိတ်ပူခဲ့ဖူးပါတယ်။ ခေါင်းအုံးထက်မှာ ဦးထုပ်တင်တာမျိုး၊ သေနတ်လှံစွပ်ပေါ် ဦးထုပ်ချိတ်တာမျိုး၊ သေနတ်နှင့် စစ်သည်အချင်းချင်းချိန်ရွယ်တာမျိုး၊ စစ်ကြောင်းချီတက်စဉ် သေနတ်ပြောင်းပြန်ထမ်းတာမျိုးဟာ စစ်သည်တိုင်းအတွက် မကောင်းတဲ့ နိမိတ်လက္ခဏာဖြစ်တယ်လို့ အထက်လူကြီးတွေက တားမြစ်ကြပါတယ်။



ဆောင်းပါးရှင် - ဗိုလ်ထက်မင်းရဲ့ တပ်မတော်ရဲ့ရှေးရိုးအစဉ်အလာနဲ့ အစွဲအလန်းကြီးမားမှု ဖြစ်စဉ်များ (နှစ်သစ်ကူးဂုဏ်ပြုအစီအစဉ်) - အပိုင်း (၂) ကို ဆက်လက်ဖော်ပြပါမည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။