Thursday, January 24, 2013

ဗိုလ်သိန်းစိန်ကို သိပ်ကြိုက်လား ...


ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
ဦးသိန်းစိန်ကို လူတချို့က ဘာလို့ အကောင်းမြင်ကြ သလဲဆိုတော့ သန်းရွှေခေတ် နဲ့ နှိုင်းစာပြီး သိန်းစိန်ခေတ်မှာ ပိုရေးခွင့် ပိုပြော ခွင့် နိုင်ငံရေးလှုပ်ရှားခွင့်တချို့ ရလာတာကို ကြည့်ပြီး ပြောနေ ကြတာလို့ နားလည်မိပါတယ်။ သူတို့ ထည့်မတွက်တဲ့ အချက် ၂ ချက် ရှိတယ်။

ပထမတချက်

ပထမတချက်က သိန်းစိန် ပြင်လာတာ (သိန်းစိန်ကို သန်းရွှေက ပြင်ခိုင်းလိုက်တာ) ဟာ မပြင်ရင် မရတော့လို့ မပြင်ရင် သူတို့ ပြုတ်ကျဖို့ သိပ်နီးလာပြီဆိုတာ သူတို့ သိလာလို့ပဲ။ အဲဒီလို မပြင်ရင် မရတော့ဘူး ဆိုတာ သူတို့ သိလာတဲ့ အခြေအနေထိ ရောက်ဖို့အတွက် အသက်တွေ ပေး၊
ဘဝတွေပေးခဲ့ရတဲ့သူတွေ ဒုနဲ့ဒေးပဲ။ ဒီတော့ အခုကောင်းလာ တယ်ဆိုတဲ့ အချက်တွေအတွက် ကျေးဇူးတင်ရင် သိန်းစိန်ကို ကျေးဇူး တင်ရမှာမဟုတ်ဘူး။ အနစ်နာခံခဲ့သူတွေကို ကျေးဇူးတင်ရမှာ။
၈၈ မှာ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒပြတာ၊ ၂၀၀၇ ခုနှစ်မှာ လူထုတွေ လမ်းပေါ်ထွက် ဆန္ဒပြကြတာတွေကြောင့် သန်းရွှေ၊ သိန်းစိန် စစ်အာ ဏာရှင်တွေဟာ သူတို့ ဒီပုံအတိုင်း ဆက်သွားလို့ မရတော့ဘူးဆိုတာ သိလာတယ်။ ဒီအတိုင်း ဆက်သွားရင် လူထုက ဆက်တော်လှန်မယ်၊ စစ်တပ်ပြိုကွဲမယ်၊ သူတို့ ဒုက္ခရောက်တော့မယ် အဲဒီအခြေအနေရောက်ဖို့ သိပ်နီးလာပြီဆိုတာ သူတို့ သိလာတယ်။ ဒါ့ကြောင့် ၂၀၀၈ မှာ အခြေခံ ဥပဒေကို ကမန်းကတန်း အတည်ပြုတယ်။ ၂၀၁၀ မှာ ရွေးကောက်ပွဲကို ကပျာကယာ ကျင်းပတယ်။

ဒီနေရာမှာ ဦးသိန်းစိန်ကို အနန္တကျေးဇူးရှင် ထင်နေကြသူတွေ မမေ့ဖို့ အချက်တချက်က ၂၀၁၀ ရွေးကောက်ပွဲမှာ သူတို့ဟာ ကြိုတင်မဲတွေ ပုံအောသုံးပြီး မဲခိုးခဲ့တဲ့အချက်ပဲ။ ဦးသိန်းစိန်ဟာ မဲခိုး သမ္မတ ဖြစ်တယ် ဆိုတာ မမေ့ပါနဲ့။ ဒါကို မျက်နှာပြောင်တိုက်ပြီး ကျနော်တို့ကို ပြည်သူ လူထုက ရွေးကောက်တင်မြှောက်ထားတယ်လို့ ဦးသိန်းစိန် ပြောနေ တာဟာ လူထုကို ပြောင်လိမ်နေတာဖြစ်သလို လူထုကို စော်ကားနေ တာလည်း ဖြစ်ပါတယ်။ လူထုကိုပြောင်လိမ်၊ ပြောင်စော်ကားတာဟာ ဖက်ဆစ်၊ နာဇီ လက္ခဏာဆိုတာလည်း မမေ့ပါနဲ့။ ထပ်ပြောပါရစေ၊ သိန်းစိန်ဟာ သူခိုး၊ လူလိမ်ဖြစ်ပါတယ်။

ခုတော့ တတိယအုပ်စု၊ ဗဟု၊ အီးဂရက်စ် ဆိုတဲ့ နေဝင်းမောင်၊ ကျော်ဝင်း တို့ရဲ့ သားတွေ မြေးတွေက ၁၉၈၈၊ ၂၀၀၇ လူထုအရေးအခင်းကြီးတွေကို စော်ကားပြီး သိန်းစိန်ကို ပထွေးတော်ချင်ကြတာကို တွေ့လာရတယ်။ လူထုတွေ လမ်းပေါ်ထွက်လို့ ဘာမှ ဖြစ်မလာဘူး။ ဘာမှ ပြုပြင်မလာဘူး။ သိန်းစိန်ကြီး စိတ်ကောင်း စေတနာကောင်းရှိလို့သာ ပြောင်းလာတယ်ဆို တဲ့ အချိုးမျိုး ပြောလာနေကြတယ်။ သူတို့ အသနားခံကောင်းလို့ ယုံ ကြည် မှု အတည်ဆောက်ကောင်းလို့ ဖြစ်လာသလိုလို ပြောနေကြတယ်။ ခုရက်ပိုင်းအတွင်းမှာပဲ သည်ဗွိုက်စ်ဂျာနယ်မှာ နေဝင်းမောင်၊ ကျော်ဝင်း သားမြေး နေထက်ထက်အောင် ဆိုတဲ့ ဂျာနယ်လစ် မိန်းကလေး တယောက်က လူထုလှုပ်ရှားမှုကို စော်ကားပြီး စစ်ဦးစီးချုပ်တွေ စစ်ဗိုလ် ချုပ်တွေကို အထင်မှား အမြင်မှားအောင် လုပ်လို့ပဲ ဒီမိုကရေစီ မရသလို လို ရေးထားတာ ဖတ်လိုက်ရတယ်။ သိန်းစိန်ရဲ့ ပြုပြင်ရေးကို အမွှမ်းတင် ပြီး နောက်ပြန်လှည့်မှာ သေလုအောင်ကြောက်စရာ ကောင်းသလိုလည်း ရေးထားတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ စစ်ပွဲကိုလည်း ကချင်ကို အပြစ်တင်ပြီး၊ အစိုးရကို ဖာထေး ဖုံးဖိပေးပြန်တယ်။ လူထုမျက်စိထဲကို သူတို့ သဲနဲ့ ပက်တာ သိပ်များနေပြီ။

ဒုတိယအချက်

ဒုတိယတချက်က သိန်းစိန်ဟာ လူထုအတွက် စေတနာထားပြီး ပြင်နေ တာမဟုတ်ဘူး။ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် စစ်အာ ဏာရှင်စနစ်ကို ဖာထေးနေတာသာဖြစ်တယ်ဆိုတဲ့ အချက်ပဲ။ စစ်အာ ဏာရှင် မိသားစုတွေ ပိုချမ်းသာရေး၊ စစ်အာဏာရှင်တွေရဲ့ အပေါင်းအပါ ခရိုနီတွေ ပိုချမ်းသာရေးအတွက် လုပ်နေတာ။ အရင်တုန်းက နည်းနဲ့ တိုင်းပြည်ကို အဆီအသွေးစုပ်လာတာ ကုန်သလောက်နီးပါးရှိပြီ။ တိုင်းပြည်ကလည်း ဖြူခါပြာခါကျနေပြီ။ ဆက်ပြီး စားစရာသောက်စရာ အဆီအသွေး မြိုဆို့စရာ မကျန်တော့ဘူး။ လူထုကလည်း မွဲလွန်းလို့ အသက်အသေခံပြီး သူတို့ကို ဖြုတ်ချတော့မယ်။ တဘက်မှာ အာရပ်မှာ လည်း လူထုက အစိုးရကို ပုန်ကန်ဖြုတ်ချနေပြီ။ သူတို့ သိပ်ကြောက်ဒူး တုန်နေပြီ။ သူတို့အကြောင်းကို သူတို့ အသိဆုံး။
ဒီလိုအချိန်မှာ လူထုကိုလည်း လှည့်စားနိုင်ဖို့၊ စစ်အာဏာရှင်စနစ်လည်း ခေတ်မီမီနဲ့ သက်တမ်းရှည်နိုင်ဖို့ နည်းအသစ်ကို အစပျိုး စမ်းသပ်လာ တယ်။ နည်းအသစ်နဲ့ အဆီအသွေးစုပ်မြိုနိုင်ဖို့ အနောက်နိုင်ငံအရင်း အနှီးနဲ့ တိုင်းပြည်ထဲက ဆင်းရဲသားတွေရဲ့ လုပ်အားကို ပူးပေါင်းအသုံး ချပြီး၊ သွေးစုပ်ချယ်လှယ်ပြီး နည်းအသစ်နဲ့ ချမ်းသာဖို့ လုပ်လာတယ်။ သူတို့ပြောနေတဲ့ ဆင်းရဲသားတွေ အလုပ်ရရေးဆိုတာ ဆင်းရဲသားတွေကို သေအောင်ခိုင်း၊ မဝရေစာပေး၊ ကောင်းကောင်းကြီး အမြတ်ထုတ်သွေး စုပ်ရေးပဲ။ နိုင်ငံတကာကနေ အကြွေးတွေ ထပ်ယူဦးမယ်။ နောက်မျိုးဆက်တွေမှာ ဆပ်မကုန်၊ မွဲမကုန် ဖြစ်ရဦးမယ်။ ပြည်တွင်းမှာ သူတို့ စားစရာကုန်သွားလို့ ပြည်ပကနေ ချေးပြီး သူတို့ စားဦးမယ်။ ပြီးတော့ နောက်မျိုးဆက်တွေကို နွားလိုရုန်းပြီး ဆပ်ခိုင်းဦးမယ်။ အဲဒါ သူတို့အကြံအစည်ပဲ။ သူတို့အကြံအစည်အတိုင်း အောင်မြင်သွားလို့က တော့ စစ်အာဏာရှင်တွေက ချေးစား၊ ကျနော်တို့ သားမြေးတွေက ကုန်းဆပ် အဲဒါ ကျနော်တို့ရဲ့ အနာဂတ်ပဲ။ ကမ္ဘာမှာ ဒီအဖြစ်မျိုးကြုံဖူးတဲ့ နိုင်ငံတွေလည်း ရှေ့မှာ ဥပမာတွေ ရှိခဲ့ဖူးပြီ။

ဒီလိုပြောလို့ အကြွေးမယူရဘူး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကို လက်မခံရဘူး လို့ ပြောနေတာမဟုတ်ဘူး။ ငွေချေးတာ၊ သုံးစွဲတာ၊ ရင်းနှီးမြှုပ်နှံတာတွေ ကို အမြော်အမြင်ရှိရှိ ချင့်ချိန်လုပ်ဖို့ အလုပ်သမား၊ လယ်သမားတွေကို ကာကွယ်ဖို့ ပြောနေတာပါ။ စစ်အာဏာရှင်တွေဟာ အလုပ်သမား လယ်သမားတွေကို ချနင်းပြီး၊ သူတို့နဲ့ ခရိုနီတွေ ကောင်းစားဖို့ အကြံကြီး ကြံနေပါပြီ။ စစ်အာဏာရှင်နဲ့ ခရိုနီဆိုတာ ခွဲမရဘူး။ စစ်တပ်နဲ့ ပြည်တွင်း စစ်မပါဘဲ စစ်အာဏာရှင်စနစ် မကြီးထွားနိုင်သလို၊ ခရိုနီတွေ မပါဘဲ စစ်အာ ဏာရှင်တွေ မချမ်းသာနိုင်ဘူး။

ဒီအချက်တွေကို မြင်အောင်မကြည့်ရင်တော့ သိန်းစိန်ကို ကျေးဇူးရှင် ထင်နေဦးမှာပဲ။ မျက်တောင်မွှေးတဆုံး မကြည့်ကြပါနဲ့။ အနှစ်သာရကို မြင်အောင်ကြည့်ကြပါ။ ပြုပြင်ပေးတဲ့ အချက်တွေဟာ ဟန်ဆောင် အယောင်ပြပါ။ မီးလောင်ဗုံးနဲ့ ကချင်တိုက်ပွဲဟာ တကယ့်သဘောထား အမှန်၊ တကယ့်အနှစ်သာရပါ။

ဇော်ဝင်း (၈၈ ကျောင်းသားဟောင်း)
၂၂ ဇန်နဝါရီ၊ ၂၀၁၃။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။