Monday, January 12, 2015

ဒုက္ခသည် တိုးပွားအောင်လုပ်သူ (သို့မဟုတ်) သမ္မတ ဦးသိန်းစိန် အစိုးရ

(Mizzima)

ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က ဇန်န၀ါရီ ၇ ရက် နေ့စွဲနဲ့ ထုတ်ပြန်လိုက်တဲ့ ၂၀၁၄ နှစ်လယ် အစီရင်ခံစာ အရ မြန်မာနိုင်ငံမှာ ဒုက္ခသည်နဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ စုစုပေါင်း ရှစ်သိန်းကျော်ရှိပြီး ကမ္ဘာပေါ်မှာ အဆင့်(၇) ချိတ်တယ်လို့ ဆိုပါတယ်။ မကောင်းမှုနဲ့ ပတ်သက်ပြီး မြန်မာ နိုင်ငံ ဗိုလ်စွဲတဲ့ စာရင်းတွေထဲမှာ အခုစာရင်းကလည်း တစ်ခု အပါအ၀င် ဖြစ်လာပါတယ်။ သမ္မတဦးသိန်း စိန် လက်ထက်မှာ ဒုက္ခသည် နဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ဘာလို့ တိုးပွားလာသလဲ၊ ဘယ်လောက် အရေအတွက် ရှိသလဲ၊ ဒီကိစ္စ အစိုးရဘယ်လို ဖြေရှင်းပေးနေသလဲ၊ ဒီပြဿနာ ဘယ်တော့ ပြေလည်နိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

 
UNHCR အစီရင်ခံစာအရ မြန်မာနိုင်ငံမှာ ဒုက္ခသည် ၄၈၀,၀၀၀ ၀န်းကျင်နဲ့ နေရပ်စွန့်ခွာ တိမ်းရှောင်ရသူ ၃၇၀,၀၀၀ လောက် ရှိတယ်လို့ ဆိုပါတယ်။ ကမ္ဘာပေါ်မှာ ဒုက္ခသည်ဦးရေ အများဆုံး တိုင်းပြည်တွေက တော့ ဆီးရီးယား၊ အာဖဂန်နစ္စတန်၊ ဆိုမာလီယာ၊ ဆူဒန်၊ တောင်ဆူဒန်နဲ့ ကွန်ဂို နိုင်ငံတွေ ဖြစ်ကြပါ တယ်။ အဲဒီနိုင်ငံတွေ အားလုံးလိုလိုကို ကြည့်လိုက်ရင် ပြည်တွင်း စစ်ဖြစ်နေတဲ့နိုင်ငံ၊ အစွန်းရောက်တွေ ဒုက္ခပေးနေတဲ့ နိုင်ငံ၊ ဆင်းရဲနွမ်းပါးတဲ့နိုင်ငံတွေအဖြစ် တွေ့ကြရမှာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ ဒီမိုကရေစီ စနစ်ကို သွားပါ့မယ်ဆိုတဲ့ မြန်မာနိုင်ငံ ပါဝင်သွားတာကတော့ စိတ်မကောင်းစရာပါ။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ တာဝန်မယူခင်က ဆိုရင် မြန်မာနိုင်ငံအနေနဲ့ ထိုင်းနယ်စပ်မှာပဲ ဒုက္ခသည် အများအပြား ရှိခဲ့တာပါ။ အများစုဟာ ကရင်တိုင်းရင်းသား ဒုက္ခသည်တွေ ဖြစ်ပါတယ်။ တခြား ဒုက္ခသည် တွေ ရှိကြပေမယ့်လည်း နည်းနည်းစီ ပြန့်ကျဲနေတဲ့ သဘောပါ။ 
နဂိုတုန်းကတော့ ပြည်သူတွေဟာ သမ္မတ ဦးသိန်းစိန် အစိုးရကို အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်မယ့် အစိုးရအဖြစ် မျှော်မှန်းပြီး ထိုင်းနိုင်ငံနဲ့ နေရာတချို့ရောက်နေတဲ့ တိုင်းရင်းသား ဒုက္ခသည်တွေနေ ရပ် ပြန်လာနိုင်ကြလိမ့်မယ်လို့ ခန့်မှန်းခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီခန့်မှန်းချက် တက်တက်စင်အောင် လွဲသွားပါတယ်။ အခုလို အစိုးရသက်တမ်း လေးနှစ်ရောက်လာသည်အထိ ထိုင်းနိုင်ငံထဲက ကရင်ဒုက္ခသည်တွေ နေရပ်မပြန်နိုင် သေးရုံမက ကချင်ပြည်နယ်၊ ရှမ်းပြည် မြောက်ပိုင်းနဲ့ ရခိုင်ပြည်နယ်မှာတောင် ဒုက္ခသည် တွေ အလုံးအရင်းနဲ့ တိုးပွားလာပါသေးတယ်။

သမ္မတဦးသိန်းစိန် တာဝန်ယူပြီး သိပ်မကြာခင် ရှမ်းပြည်မြောက်ပိုင်းနဲ့ ကချင်ပြည်နယ်မှာ ကေအိုင်အေ ကချင်ပြည်လွတ်လပ်ရေး တပ်မတော်နဲ့ တိုက်ပွဲတွေဖြစ်ပွားပါတယ်။ တိုက်ပွဲတွေဖြစ်ပွားအောင် ပြဿနာ မီးမွှေးသူဟာ အစိုးရတပ်တွေ ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ တိုက်ပွဲဖြစ်ပွားရာ ဒေသက ပြည်သူတွေဟာ နေ ရပ်စွန့်ခွာပြီး ဒုက္ခသည် စခန်းတွေမှာ ခိုလှုံကြရပါတယ်။ ဒုက္ခသည် စခန်းတွေဟာ အစိုးရထိန်းချုပ်နယ်မြေ ထဲမှာ ရှိသလို ကေအိုင်အို ထိန်းချုပ်နယ်မြေတွေ ထဲမှာလည်း ရှိပါတယ်။ နောက်ဆုံးစာရင်းတွေအရ ဒုက္ခ သည် တစ်သိန်းနီးပါးရှိနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ အဲဒီ ဒုက္ခသည်တွေဟာ စစ်ပွဲဖြစ်ပြီးလို့ သုံးနှစ် ကျော် ကြာလာသည်အထိ ကိုယ့်နေရပ်ကိုယ်မပြန် နိုင်သေးရုံမက ရိက္ခာ ပြတ်လတ်မှုတွေနဲ့ တောင် ရင် ဆိုင်ရနိုင်တဲ့ အခြေအနေတွေ ရှိလာပါတယ်။ ဒုက္ခသည်တွေဟာ ကျန်းမာရေး၊ ပညာရေး အားလုံး ဒုက္ခ ရောက်နေရတဲ့ အနေအထားမျိုးပါ။

ရခိုင်ပြည်နယ်ထဲမှာလည်း အလားတူ ပါပဲ။ ၂၀၁၂ ခုနှစ် ရခိုင်တိုင်းရင်းသူ မသီတာထွေး အဓမ္မပြုကျင့်ခံရ၊ အသတ်ခံရပြီး နောက်ဆက်တွဲ စနစ်တကျ ၀ါဒဖြန့် သွေးထိုးလှုံ့ဆော်မှုတွေကြောင့် ဘာသာရေး လူမျိုးရေး ဆန်တဲ့ အဓိကရုဏ်းတွေ ဖြစ်ပွားပါတယ်။ နဂိုက ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ၊ ဘင်္ဂါလီတွေ ဖြစ်ပွား တဲ့ ပဋိပက္ခကနေ ရခိုင်တိုင်းရင်းသားတချို့နဲ့ အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား ကမန် လူမျိုးတွေ၊ ရခိုင် အစွန်းရောက်တွေနဲ့ ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်း တွေရဲ့ ပဋိပက္ခအဖြစ် ကူးစက်ပါတယ်။

အကြမ်းဖက် ပဋိပက္ခဖြစ်ပွားပြီး ဘင်္ဂါလီ၊ ရိုဟင်ဂျာ တစ်သိန်းကျော်နဲ့ ရခိုင်တိုင်းရင်းသား ထောင်ဂဏန်း ဒုက္ခသည်စခန်းတွေဆီ ပြေးဝင် ခိုလှုံရပါတယ်။ နောက်ပိုင်း အကြမ်းဖက်မှုတွေဟာ မန္တလေးတိုင်း မိတ္ထီ လာ၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်း၊ ရှမ်းပြည်နယ် လားရှိုးနဲ့ ယဉ်ကျေးမှုမြို့တော် မန္တလေး အထိ ကူးစက်ပါ တယ်။ ပဋိပက္ခတွေဖြစ်ပွားပြီးတာ နှစ်နှစ်ကျော်ကာလ တိုင်သည်အထိ ရခိုင်ပြည်နယ်က ဘင်္ဂါလီ၊ ရိုဟင် ဂျာတွေ သူတို့နေထိုင်တဲ့ ရပ်ရွာကို ပြန်ခွင့်မရကြသေးပါဘူး။ ဒုက္ခသည် စခန်းတွေမှာ နေထိုင်ပြီး နိုင်ငံ တကာမိသားစုရဲ့ အထောက်အပံ့တွေနဲ့ပဲ အသက်ရှင် နေထိုင်နေကြရပါတယ်။ အလားတူ မိတ္ထီလာမှာ လည်း အကြမ်းဖက်ခံရတဲ့ အစ္စလာမ်ဘာသာဝင် မိသားစု သူတို့စွန့်ခွာခဲ့ရတဲ့ သူတို့ပိုင် မြေနေရာတွေ ပြန်မရကြသေးပါဘူး။ ဒီနေ့ အချိန်ထိ ဒုက္ခသည်စခန်းတွေမှာ ရှိနေဆဲပါ။ နိဂုံးချုပ်ရရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အစိုးရပယောဂကြောင့် တိုက်ပွဲတွေဖြစ်၊ အကြမ်းဖက်မှုတွေဖြစ်ပြီး ဒုက္ခသည် နှစ်သိန်း ကျော် သုံးသိန်းနီးပါး တိုးပွားလာတာ တွေ့နိုင်ပါတယ်။

ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းက ဒုက္ခသည်တွေ နေရပ်ပြန်ဖို့ဆိုရင် အစိုးရတပ်နဲ့ ကေအိုင်အေ နှစ်ဖက်အပစ်အခတ် ရပ်စဲတည်ငြိမ်မှုရဖို့လိုပါတယ်။ မြေမြှုပ်မိုင်းတွေ ရှင်းပေးဖို့လိုသလို၊ ဒုက္ခသည် တွေအတွက် သူ့နေရပ်မှာသူ ပြန်လည်နေထိုင် လုပ်ကိုင်စားသောက်နိုင်အောင် အကူအညီတွေပေးဖို့ လိုပါတယ်။ အစိုးရတပ်နဲ့ ကေအိုင်အေ လက်ရှိအချိန်ထိ အပစ်ရပ်နိုင်ဖို့ နေနေ သာသာ ပြန်ပြီး တင်းမာနေ ကြတာကြောင့် ဒုက္ခသည်တွေ ဘယ်တော့ နေရပ် ပြန်နိုင်မလဲ မမျှော်မှန်းနိုင်ကြသေးပါဘူး။

ရခိုင်ပြည်နယ်မှာလည်း အကြမ်းဖက် ပဋိပက္ခတွေကြောင့် ဒုက္ခသည်စခန်းရောက်သွားတဲ့ ရိုဟင်ဂျာ၊ ဘင်္ဂါလီတွေ သူတို့နေရပ် သူတို့ပြန်ဖို့ အစိုးရက ခွင့်မပြုသေးပါဘူး။ အစိုးရကတော့ နှစ်ဖက်အခြေအနေ တည်ငြိမ်မှုမရှိသေးလို့ နေရပ်ကို ပေးမပြန်တာလို့ ပြောနေပေမယ့် တချို့ရခိုင်တိုင်းရင်းသား အစွန်းရောက် တွေကတော့ တစ်ဖက်နိုင်ငံက ခိုးဝင်လာသူတွေအဖြစ်စွပ်စွဲပြီး ဒုက္ခသည် စခန်းတွေထဲမှာပဲ ပိတ်လှောင် ထားဖို့ လှုံ့ဆော်နေတာမျိုးလည်းရှိပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် ဒုက္ခသည်တွေ နဂို သူ့နေရပ်သူပြန်နေခွင့်ရရေး အစိုးရက အကောင်အထည် ဖော်ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။

ထိုင်းနယ်စပ်ရောက် ဒုက္ခသည်တွေ အရေးဆိုရင်လည်း ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲ တစ်စုံတစ်ရာ နားလည်မှုရအောင် တည်ဆောက်ပြီးပြီမို့ နေရပ်ပြန်နိုင်ရေး အကောင် အထည် ဖော်သင့်ပါပြီ။ ခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဖို့ ကိုးလကျော်ပဲကျန် ပါတော့တယ်။ သမ္မတ ဦးသိန်း စိန်အနေနဲ့ အခုအချိန်ကစပြီး ဒုက္ခသည်တွေနေရပ်ပြန်နိုင်ရေး အားကြိုးမာန်တက် မဆောင်ရွက်ဘူးဆိုရင် သူ့သက်တမ်းကုန်ဆုံးချိန်မှာ ဒုက္ခသည်တိုးပွားလာအောင်လုပ်ခဲ့တဲ့ သမ္မတကြီးအဖြစ် သမိုင်းမှတ်တမ်း ၀င်သွားနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။