Tuesday, February 10, 2015

ဝန်ကြီး ဦးခင်ရီ လိမ်ညာသူလား

(Mizzima)

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ကျောင်းသားတွေရဲ့ အမျိုးသား ပညာရေး ဥပဒေ ပြင်ဆင်ပေးဖို့ ဆန္ဒပြပွဲ မပြီးဆုံးသေးခင် နောက်ထပ်ဆန္ဒပြမယ့်သူတွေက တန်းစီနေပါပြီ။ အဲဒါကတော့ ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေး ကာလအတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ပြည်လုံးကျွတ်ဆန္ဒခံယူပွဲမှာ ယာယီ သက်သေခံလက်မှတ်လို့ခေါ်တဲ့ White Card ကိုင်ဆောင်ထားသူတွေကို မဲပေးခွင့်ပြုလိုက်တာကို မကျေ နပ်တဲ့သူတွေက ဆန္ဒပြကြမှာပါ။ ရခိုင်မှာလည်း အခုလို ဆန္ဒပြပွဲတွေ လုပ်မယ်ဆိုပြီး ပြောဆိုနေကြတာ လည်း ကြားကြရပါတယ်။ ဒီကြားထဲ ထူးခြားတာ တစ်ခုက သည်ဗွိုက်စ် ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆရာ မောင်ကိုနီရဲ့ 'ဝှိုက်ကတ် သို့မဟုတ် ယာယီသက်သေခံ လက်မှတ်ဆိုတာဘာလဲ' ဆိုတဲ့ ဆောင်းပါးပါ။ အဲဒီဆောင်းပါးမှာတော့ ဆရာက White Card အကြောင်း ရှင်းပြပြီး အဲဒီ ကတ်ကိုင်ထားသူတွေကို မဲပေး ခွင့်ပြုလိုက်တာဟာ ဥပဒေကြောင်းအရ မှန်ကန်တယ်ဆိုပြီး အချက်အလက်တွေနဲ့ တကွ ဖော်ထုတ်ထားပါ တယ်။ ဆရာမောင်ကိုနီ ဘယ်လိုရှင်းပြထားသလဲ၊
လဝကဝန်ကြီး ဦးခင်ရီကရော အဲဒီ White Card ကိစ္စ ဘာတွေပြောဆိုထားသလဲ၊ White Card ပြဿနာမှာ အရင်စစ်အာဏာရှင်တွေနဲ့ လက်ရှိ အစိုးရဘာတွေ လျှို့ဝှက်ထားသေးသလဲ ဆိုတာ ဒီကနေ့ ဆွေးနွေးတင်ပြသွားပါ့မယ်။

ဆရာမောင်ကိုနီက White Card ဒါမှမဟုတ် ယာယီသက်သေခံလက်မှတ်နဲ့ ပတ်သက်ပြီး ဥပဒေ အကိုးအကားနဲ့ ခုလိုရှင်းထားပါတယ်။ ၁၉၅၁ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံအတွင်း နေထိုင်သူများ မှတ်ပုံတင်ရေးနည်း ဥပဒေ ပုဒ်မ - ၂(င)တွင် - 'ယာယီသက်သေခံလက်မှတ်ဆိုသည်မှာ သက်သေခံကတ်ပြား အစား ထုတ်ပေး၍ သတ်မှတ်ထားသည့် ကာလအပိုင်းအခြားအတွက်သာလျှင် အတည်ဖြစ်သော မည်သူဖြစ်ကြောင်း သက်သေခံလက်မှတ်ကို ဆိုလိုသည်' ဟု တိကျရှင်းလင်းစွာ ပြဋ္ဌာန်းထားပါသည်လို့ ဖော်ပြ ထားပါတယ်။

ဆက်ပြီး ဆောင်းပါးမှာ ဆရာဖော်ပြတာက 'ယာယီသက်သေခံလက်မှတ်ကို နိုင်ငံခြားသားအား ထုတ်ပေးရန် ပြဋ္ဌာန်းထားသည့် ဥပဒေမျိုး လုံးဝမရှိပါ။ မြန်မာနိုင်ငံအတွင်းနေထိုင်သူ မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ် သို့မဟုတ် နိုင်ငံသားကတ်ပြားတစ်မျိုးမျိုး ရခွင့်ရှိသူအား ထိုကတ်ပြား ထုတ်ပေးနိုင် ခြင်းမရှိသေးသည့် အခြေအနေမျိုးတွင် ယာယီသဘောထုတ်ပေးသည့် ကတ်ပြားတစ်မျိုး ဖြစ်ပါသည်' လို့ ရေးသားထားပါတယ်။

ဆရာဦးကိုနီ ဆောင်းပါးကို ရှင်းရှင်းလင်းလင်းပြောရရင် အစိုးရအနေနဲ့ ဘယ်နိုင်ငံခြားသားကိုမှ White Card ထုတ်ပေးလို့ မရဘူး ဆိုတာပါပဲ။ မြန်မာနိုင်ငံသား ဖြစ်ရမယ်၊ ဒါပေမယ့် နိုင်ငံသားလား၊ ဧည့်နိုင်ငံ သားလား၊ နိုင်ငံသားပြုခွင့်ရသူလား စတဲ့ အဆင့်အတန်း မစိစစ်ရသေးတဲ့သူ တစ်ယောက်ယောက်ကို ယာယီသဘော ထုတ်ပေးရတာမျိုးလို့ ဆိုပါတယ်။ ဒါကြောင့် White Card ကိုင်ထားသူ အားလုံးဟာ နိုင်ငံသားဖြစ်တယ်၊ ဒါပေမယ့် နိုင်ငံသားအဆင့်အတန်းတော့ မစိစစ်ရသေးဘူးဆိုတဲ့ သဘောလည်းဖြစ်ပါတယ်။ ဥပဒေပါ ပြဋ္ဌာန်းချက်ကို ကိုးကားပြီး ဆရာဦးကိုနီ ရှင်းပြလိုက်တာဟာ လွှတ်တော်တွင်း လွှတ်တော်မှာ လဝကဝန်ကြီး ဦးခင်ရီ ရှင်းပြတာတွေနဲ့တော့ လုံးဝကြီးဆန့်ကျင် ကွဲလွဲနေပါတယ်။

ဝန်ကြီးဦးခင်ရီကတော့ နိုင်ငံခြားသားလား၊ နိုင်ငံသားလား မစိစစ်ရသေးသူတွေကို White Card ထုတ် ပေးထားတာ ဖြစ်တယ်ဆိုပြီး ပြောဆိုပါတယ်။ အလားတူ အစိုးရ တာဝန်ရှိသူ အားလုံးလိုလိုလောက်က လည်း အဲဒီအတိုင်း ပြောဆိုထားတာ တွေ့ရပါတယ်။ ဦးခင်ရီ ပြောတာသာ မှန်ခဲ့မယ်ဆိုရင်White Card ကိုင်ထားသူတွေကို နိုင်ငံအတွက် တကယ့် အသက်တမျှအရေးကြီးတဲ့ ဖွဲ့စည်းပုံပြင်ရေးလို ကိစ္စမျိုးမှာ မဲ ပေးခွင့်ပြုလိုက်တာဟာ သမ္မတရော လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးနဲ့ တပ်မတော်သား အမတ်တွေပါ လုံးဝမှားယွင်းပြီး ဥပဒေ ချိုးဖောက်ခဲ့တဲ့ သဘော သက်ရောက်သွား စေပါတယ်။

ဒါမှမဟုတ် White Card ရဲ့ သဘောသဘာဝဟာ ဆရာဦးကိုနီ တင်ပြသလိုရော မဖြစ်နိုင်ဘူးလား စဉ်းစားစရာ ရှိပါတယ်။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ဖွဲ့စည်းပုံ ၂ဝဝ၈ အတည်ပြုခဲ့တဲ့ အချိန်၊ ၂ဝ၁ဝ ရွေး ကောက်ပွဲနဲ့ ၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲ အားလုံးမှာ ဥပဒေအရ အဲဒီWhite Card ကိုင်ဆောင်သူတွေ မဲပေးခွင့်ရခဲ့ကြပါတယ်။ ပြောချင်တာ အရင်စစ်အာဏာရှင်ခေတ်ကတည်းက ပြဋ္ဌာန်းခဲ့တဲ့ ရွေးကောက်ပွဲ ဥပဒေ နည်းဥပဒေတွေနဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ အားလုံးမှာ White Card ကိုင်ဆောင်သူတွေကို နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ပါတီဝင်ဖြစ်ခွင့်နဲ့ မဲပေးခွင့် ခွင့်ပြုထားခဲ့တာ ဖြစ်ပါတယ်။

အရင် စစ်အစိုးရဟာ White Card ကိုင်သူတွေကို မဲပေးခွင့်ပြုထားတာဟာ ဥပဒေအရ နိုင်ငံသားတွေ ဖြစ်နေတာမို့ အသေအချာ မဲပေးခွင့်ပြုခဲ့တယ်လို့လည်း မှတ်ယူနိုင်ပါတယ်။ နောက်တစ်ချက် စိတ်ဝင်စားဖို့ ကောင်းတာက အစိုးရဟာ ဒီ White Card ကိစ္စနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိသားစုကို ဘယ်လို ရှင်းပြထားသလဲ ဆိုတာပါ။ အခု ဖြစ်စဉ်တွေကိုကြည့်ရင် အစိုးရဟာ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ မိသားစုကို ဘင်္ဂါလီ အရေးနဲ့ ပတ်သက်ပြီး သူတို့တွေကို White Card တွေ ထုတ်ပေးထားတယ်။ ဒါပေ မယ့် ဘယ်လို နိုင်ငံသား အဆင့်အတန်းလဲဆိုတာ မစိစစ်ရသေးဘူးလို့ ပြောထားပုံရပါတယ်။ ဒါကြောင့် ကုလသမဂ္ဂဟာ ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေကို နိုင်ငံသားအဆင့်အတန်း သတ်မှတ်ပေးဖို့ တောင်းဆိုတာ ဖြစ်နိုင်ပါတယ်။ 
ဒါကို အစိုးရတာဝန်ရှိသူတွေက ဘင်္ဂါလီတွေကို တိုင်းရင်းသားအဖြစ် အသိအမှတ် မပြုနိုင် ဘူး၊ မြန်မာနိုင်ငံ တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ ရိုဟင်ဂျာဆိုတာ မရှိဘူးဆိုပြီး တလွဲတွေ ဖြေပြပါ တယ်။ ဟိုကပြောတာ နိုင်ငံသားကိစ္စ၊ ပြန်ဖြေတာက တိုင်းရင်းသားကိစ္စ ပြည်သူတွေကို လှည့်ဖျားနေတဲ့သဘော သက်ရောက်ပါတယ်။

ခုဆိုရင် White Card ကိစ္စ ဖွဲ့စည်းပုံ ခုံရုံးကပါ ဖြေရှင်းပေးရမယ့် သဘောသက်ရောက်နေပါပြီ။ တကယ်လို့ White Card ကို နိုင်ငံသားတွေကိုပဲ ထုတ်ပေးထားတယ်၊White Card ကိုင်သူတွေဟာ နိုင်ငံသား အဆင့်အတန်း တစ်ခုခုဖြစ်တယ်ဆိုရင် သမ္မတနဲ့ လွှတ်တော် ဆုံးဖြတ်ချက် မှန်ပါတယ်။ ဦးခင်ရီနဲ့ အစိုးရ တစ်ဖွဲ့လုံး ပြည်သူတွေကို လိမ်လည်လှည့်ဖျားခဲ့တာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်နိုင်ငံသားမှန်း မစိစစ်ရ သေးသူတွေကို ဘာကြောင့် နိုင်ငံသားတွေကိုမှ ပေးကိုင်ရမယ့် White Card တွေ ထုတ်ပေးထားခဲ့သလဲ ရှင်းရှင်းလင်းလင်း အဖြေပေးဖို့လိုနေပြီ ဖြစ်ပါတယ်။ ဒီအခါ သမ္မတနဲ့ လွှတ်တော်ဟာ ဥပဒေချိုးဖောက်ပြီး White Card ကိုင်သူတွေကို မဲပေးခွင့် ပြုလိုက်သလား၊ ဒါမှမဟုတ် ဦးခင်ရီနဲ့ အစိုးရအဖွဲ့ဟာ လိမ်ညာနေ သူတွေလားဆိုတာ ကွဲကွဲပြားပြား မြင်တွေ့ရတော့မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။