Friday, December 5, 2014

နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ်အတည်ပြုပြီးမှ ပြောဆိုရန်လိုအပ်ဟု အစိုးရ သတင်းထုတ်ပြန်ရေးအဖွဲ့ထုတ်ပြန်ချက် နိုင်ငံရေးပါတီများ တုံ့ပြန်

(Eleven Media Group)



အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေးကို တည်ဆောက်နေသည့် အချိန်ကာလဖြစ်သည့်အလျောက် နိုင်ငံရေးပါတီများအနေဖြင့် သတင်းအခြေအမြစ်များကို စိစစ်အတည်ပြုပြီးမှပြောဆိုရန်နှင့် အခြားပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းများ၏ အခွင့်အရေးနှင့် ဂုဏ်သိက္ခာကိုလည်း အလေးထားရန် လိုအပ်မည်ဖြစ်ကြောင်း အစိုးရသတင်းထုတ်ပြန်ရေးအဖွဲ့၏ ဒီဇင်ဘာ ၄ရက် သတင်းထုတ်ပြန်ချက်အား နိုင်ငံရေးပါတီများက တုံ့ပြန်ပြောကြားသည်။


အဆိုပါထုတ်ပြန်ချက်တွင် ၂ဝ၁၄ ခုနှစ် နိုဝင်ဘာ ၂၅ ရက်က ကျင်းပသည့် ပြည်ထောင်စုလွှတ်တော်အစည်းအဝေးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဲခူးတိုင်းဒေသကြီး မဲဆန္ဒနယ်အမှတ် (၁ဝ) အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမြင့်ထွန်းတင်သွင်းသည့် ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရန် အရေးကြီးအဆိုကို အတည်ပြုခဲ့ကြောင်း၊ အဆိုနှင့်စပ်လျဉ်း၍ နိုင်ငံရေးပါတီများအတွင်း၌ လည်းကောင်း၊ ပြည်သူများအတွင်း၌ လည်းကောင်း၊ ကွဲပြားခြားနားသည့်သဘောထားများကို ထုတ်ဖော်ပြောကြားလျက်ရှိပြီး သတင်းမီဒီယာများကလည်း အဆိုပါဆွေးနွေးပြောကြားချက်များကို ဖော်ပြလျက်ရှိကြောင်း ဖော်ပြထားသည်။

ဒီမိုကရေစီလူ့အဖွဲ့အစည်းအတွင်းတွင် ကွဲပြားခြားနားသည့် အမြင်သဘောထားများကို ထုတ်ဖော်ပြောကြားသည်မှာ ကြိုဆိုရမည့်အချက်ဖြစ်ကြောင်း၊ သို့သော် နိုင်ငံရေးပါတီအချို့မှ တာဝန်ရှိသူများက ၎င်းတို့၏အမြင်သဘောထားများကို ထုတ်ဖော်ပြောကြားရာတွင် နိုင်ငံတော်သမ္မတပြောကြားခြင်းမရှိသည့်စကားများကို နိုင်ငံတော်သမ္မတ ပြောကြားသကဲ့သို့ လည်းကောင်း၊ ၎င်းတို့နှင့်ကွဲပြားခြားနားသည့် အမြင်ရှိသူများကို ပုဂ္ဂိုလ်ရေးအရ ထိုးနှက်တိုက်ခိုက်ရာရောက်သည့် စကားလုံးများကို လည်းကောင်း သုံးစွဲလာသည်ကိုတွေ့ရှိရကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကျွန်တော်တို့ အဲဒါကိုဖတ်ပြီး ကျွန်တော်တို့ သဘောပေါက်တာ သတိပြုရမှာ အဲဒီပြန်ကြားရေးဝန်ကြီးပဲ။ သူပြောတာကိုက ဆင်ခြင်ပြီးပြောသင့်တယ်။ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တဲ့ ဆုံးဖြတ်ချက်ကို သူက အဲဒီလိုပြောလိုက်တာက သဘာဝမကျဘူး။ အပြင်လူတွေက ဒီသတင်းကနေထပ်ပြီးတော့ သွားတာကို။ ပြောရေးဆိုခွင့်ရှိသူပြောတာကနေတစ်ဆင့် ဆင့်ပွားဖြစ်လာတာ။ သူတို့မပြောရင် ဘာမှမဖြစ်ဘူး။ သူပြောလို့ အဲဒီလိုဖြစ်နေတာ။ ပြောရေးဆိုခွင့်ရှိတဲ့ ပုဂ္ဂိုလ်က ပြောလို့ ဒီလိုဖြစ်လာတာလို့ပြောချင်တယ်။ 
နားလည်မှုလွဲတာ မလွဲတာကို မပြောချင်ဘူး။ လူတိုင်းက ထုတ်ဖော်ပြောဆိုခွင့်ရှိတယ်။ ထုတ်ဖော်ပြောဆိုတဲ့အခါမှာ လူတိုင်းမှာပဲ ဆင်ခြင်ဖို့တာဝန်ရှိတယ်။ သာမန်အစိုးရမဟုတ်တဲ့ လူတွေတင် မဟုတ်ဘူး။ အစိုးရမှာလည်း တာဝန်ရှိတယ်”ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက ပြောကြားသည်။

အဆိုပါ ခြောက်ပွင့်ဆိုင်တွေ့ဆုံဆွေးနွေးရးနှင့် ပတ်သက်၍ သမ္မတပြောရေးဆိုခွင့်ရှိသူ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က “ကျွန်တော်တို့အမြင်ကတော့ ချဉ်းကပ်ပုံချင်းက အတော်ကွဲပြားနေတဲ့အတွက်ကြောင့် လောလောဆယ်တော့ ဖြစ်နိုင်ဦးမယ် မထင်ဘူး။ ကျွန်တော်တို့ရဲ့ ချဉ်းကပ်ပုံချင်းကအဖွဲ့ကို အခြေခံပြီးတော့ စဉ်းစားပါတယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်းစုကြည်ရော လွှတ်တော်ရော ချဉ်းကပ်ပုံတွေက ပုဂ္ဂိုလ်ကို အခြေခံတာဖြစ်လေတော့ ကျွန်တော်တို့နဲ့ အတော်ကွာပါတယ်။ နောက်တစ်ခုက မနေ့က ဆွေးနွေးပွဲမှာလည်း တိုင်းရင်းသားပါတီထဲက တိုင်းရင်းသားအားလုံးထဲက တစ်ယောက်ဆိုတာက မဖြစ်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကွဲပြားတဲ့တိုင်းရင်းသားတွေရှိတဲ့အတွက်ကြောင့်မို့ ကွဲပြားတဲ့အမြင်ကို ပြောနိုင်ဖို့ များများလိုချင်တယ်လို့ ပြောတယ်။ နောက်တစ်ခုက တကယ်ရွေးမယ်ဆိုရင်လည်း လွှတ်တော်ကတင် မဟုတ်ဘဲနဲ့ သူတို့တိုင်းရင်းသားပါတီတွေအားလုံးက ရွေးတာမျိုးပဲဖြစ်သင့်တယ် သဘောပြောတော့ သူတို့ရဲ့ခြောက်ပွင့်ဆိုင်က လက်တွေ့နဲ့သိပ်မနီးစပ်ဘူးလို့ ကျွန်တော်တို့ ထင်ပါတယ်”ဟု RFA သတင်းဌာနသို့ နိုဝင်ဘာ ၂၇ ရက် က ပြောကြားသည်။

ထိုကဲ့သို့ သမ္မတပြောရေးဆိုခွင့်ရှိသူ၏ ပြောကြားချက် ထွက်ပေါ်လာပြီးနောက်ပိုင်းတွင် ခြောက်ပွင့်ဆိုင်ကိစ္စအပေါ် သမ္မတ၏ သဘောထားနှင့်ပတ်သက်၍ ဆွေးနွေး ငြင်းခုံမှုများ ဖြစ်ပေါ်ခဲ့သည်။

“အမှန်ကတော့  သမ္မတရဲ့ပြောရေးဆိုခွင့်ရှိသူပြောတာက သမ္မတရဲ့သဘောထားကို ထင်ဟပ်ပြီးမှပြောတယ်လို့ ယူဆနိုင်တယ်။ သမ္မတက တိုက်ရိုက်မပြောပေမယ့်သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူပြောတာက သမ္မတပြောတဲ့သဘော ထင်ဟပ်တဲ့အတွက်ကြောင့် ဒီပေါ်မှာ ဝေဖန်တာကတော့အပြစ်ဖို့ ဖို့ခက်တယ်။ ဒီပြောတာထက်ကျော်လွန်ပြီး ပြောမယ်။ ဝေဖန်မယ်ဆိုရင်တော့ တစ်မျိုးပေါ့”ဟု ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအေးသာအောင်က ပြောကြားသည်။

ယခုကဲ့သို့ နိုင်ငံရေးပါတီများအား သတိပေးရာတွင် အကြောင်းအရာ အတိအကျအား ဥပမာပေး၍ ရှင်းရှင်းလင်းလင်း ပြောကြားသင့်ကြောင်း၊ သို့မှသာ ယခုကိစ္စနှင့် မသက်ဆိုင်သည့် နိုင်ငံရေးပါတီများ၊ အခြားပုဂ္ဂိုလ်များအနေဖြင့် ဝေဖန်သုံးသပ်နိုင်မည်ဖြစ်ကြောင်း ဖလုံ-စဝေါ်ဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဠ ဦးမန်းအောင်ပြည်စိုး က ပြောကြားသည်။

“ဘယ်လိုအချက်တွေက သမ္မတမပြောဘဲနဲ့ပြောတယ်ဆိုတာ တိတိကျကျပြောမယ်ဆိုရင်ကောင်းတာပေါ့။ ဘာမှန်းမသိ ဝေဝါးပြီး ပြောတဲ့အခါကြတော့ ကျွန်တော်တို့ပြောရခက်တယ်”ဟု ဦးအေးသာအောင်က ပြောကြားသည်။                 

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။