Thursday, December 11, 2014

တွေ့ဆုံဆွေးနွေးပွဲ အစစ် ဖြစ်လာနိုင်ပါဦးမလား

(Mizzima)

ပြည်ထောင်စု လွှတ်တော်က တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲကို လက်ခံမယ်၊ လက်မခံဘူး သမ္မတ ဦးသိန်းစိန် ဘက်က အကြောင်းပြန်ကြားမှု မရှိသေးခင် အခုတစ်ခါ ရန်ကုန်တိုင်း လွှတ်တော် ဘက်က ၁၂ ပွင့်ဆိုင်လုပ်ပါဆိုပြီး တောင်းဆိုမှု တစ်ခု ပေါ်ထွက်လာပြန်ပါပြီ။ ကျင်းပနေဆဲ တိုင်းလွှတ် တော်အထူး အစည်းအဝေးမှာ ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးစောထွန်းအောင်မြင့် ပင်မတိုင်းရင်းသား ကိုယ်စားလှယ်တွေပါ ပါဝင်တဲ့ ၁၂ ပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပွဲ လုပ်ပေးဖို့ အရေးကြီး အဆိုတင်ပြီး တောင်းဆို လိုက်တာပါ။ ဒီအဆိုကို လွှတ်တော်တွင်းဆက်ပြီး ဆွေးနွေးကြပါဦးမယ်။ တွေ့ဆုံ ဆွေးနွေးပွဲကိစ္စ ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဒီကနေ့ ဆွေးနွေးကြည့်ကြရအောင်ပါ။

 
အရင် စစ်အာဏာရှင်ခေတ်နဲ့ ဒီကနေ့ သမ္မတ ဦးသိန်းစိန် ခေတ်ကွာခြားမှုထဲမှာ အခုပြောဆိုနေကြတဲ့တွေ့ ဆုံဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဆိုတာကလည်း တစ်ခုအပါအဝင် ဖြစ်ခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတိုက်အခံ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဟာ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရအောင်လို့ အမြဲတစေ တောင်းဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို ထမင်း ဖိတ်ကျွေးတာ၊ လှည့်လည် ပြသတာလောက်ရှိခဲ့ပြီး ဘယ်လို တွေ့ဆုံဆွေးနွေးမှုမျိုးမှ မပေါ်ပေါက်ခဲ့ပါဘူး။ တစ်နည်းပြောရရင် အရင်စစ်အာဏာရှင်တွေက တွေ့ဆုံဆွေးနွေးရေးကို လက်မခံခဲ့လို့ ဖြစ်ပါတယ်။

အခု သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ထူးခြားတာက တွေ့ဆုံဆွေးနွေးဖို့ တောင်းဆိုသူဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ တစ်ဖွဲ့တည်း မဟုတ်တော့ပါဘူး။ လွှတ်တော်အကြီးအကဲ သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့်တို့ ပါဝင်လာပါ တယ်။ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်တောင်းဆိုတာဆိုတော့ ပြည်ခိုင်ဖြိုးပါတီနဲ့ တိုင်းရင်းသားပါတီတွေလည်း ပါလာပါတယ်။ အခု ရန်ကုန်တိုင်း အဆင့်လွှတ် တော်ကလည်း တောင်းဆိုမှုလုပ်ပါ တယ်။ ဒါနဲ့ပတ်သက်ပြီး သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ဘက် ကတော့ အရင်စစ်အာဏာရှင်တွေခေတ် ကလို ယတိပြတ် ငြင်းဆိုတာမျိုး မလုပ်ပါဘူး။ လေးပွင့်ဆိုင်ဆိုတာ သဘာဝမကျဘူး ဆိုပြီး ၁၄ ပွင့်ဆိုင်တွေ့ဆုံ တာ တစ်ကြိမ်လုပ်ပြပါတယ်။ ခြောက်ပွင့်ဆိုင် လို့ တောင်းဆိုတဲ့အခါ တရားဝင် မဟုတ်ပေမယ့်လည်း ပြော ရေးဆိုခွင့်ရှိသူက တစ်ဆင့်၊ ကြားခံ ပုဂိ္ဂုလ်ကနေတစ်ဆင့် ဒါဟာပုဂိ္ဂုလ်ရေး အခြေပြုသလို ဖြစ်နေတယ်၊ သိပ် မကျယ်ပြန့်ဘူးဆိုပြီး တုံ့ပြန်ထားပါတယ်။ တွေ့ဆုံဆွေးနွေးမှုကို မလိုလားဘူးဆိုပြီး ယတိပြတ် ငြင်း ဆိုတာမျိုးတော့ မလုပ်ပါဘူး။ ဒီလို ထူးခြားလာပါတယ်။

တကယ်တော့ နိုင်ငံတကာ အတွေ့အကြုံကိုကြည့်ရင် အပြောင်းအလဲတွေ လုပ်ရာမှာ တကယ့်အရေးပါတဲ့လူတွေ အတိအလင်းတစ်မျိုး၊ လျှို့ဝှက်ပြီး တစ်ဖုံပုံစံအမျိုးမျိုး၊ အကြိမ်ကြိမ်တွေ့ဆုံမှုတွေက နေတစ်ဆင့် ညှိနှိုင်းအဖြေရှာ၊ ရလဒ်ကောင်းတွေ ရလာကြတာမျိုးပါ။ ပြည်သူတွေ က ရွေးကောက်တင်မြှောက်တဲ့ ဒီမို ကရေစီအစိုးရ ပေါ်ပေါက်၊ အဲဒီအစိုးရဟာ တပ်မတော်ကိုလည်း စီမံခန့်ခွဲနိုင်တဲ့၊ တည်ငြိမ်တဲ့ အနေအထား မရောက်သေးမချင်း အဲလိုတွေ့ဆုံဆွေးနွေးမှုမျိုးစုံ ပေါ်ပေါက်အောင်၊ ဆွေးနွေးအဖြေရှာပြီး ကောင်းမွန်တဲ့ ရလဒ်တွေ ပေါ်ထွက် လာအောင် လုပ်ကြရဦးမှာပဲ ဖြစ်ပါတယ်။

ခေတ်သစ် မြန်မာနိုင်ငံ အတွေ့အကြုံ အရအရင် စစ်အာဏာရှင်တွေခေတ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ စစ်အာဏာရှင်တွေ တွေ့ဆုံ ကြတာမျိုး ရှိပါတယ်။ ဘာတွေဆွေးနွေးဖြစ်တယ်၊ ဘာတွေ အဆင်ပြေတယ်၊ ဘာတွေ အဆင်မပြေဘူး စသဖြင့် ထုတ်ဖော်ပြောဆိုတာ မရှိခဲ့လေတော့ အဲဒီခေတ် တွေ့ဆုံပွဲတွေရဲ့ အ ခြေအနေမခန့် မှန်းနိုင်ပါဘူး။ သေချာတာက နောက်ဆက်တွဲ ဘာအကျိုးရလဒ်မှ မတွေ့ရတော့ မအောင်မြင်တဲ့ တွေ့ဆုံမှုတွေလို့တော့ မှတ်ယူနိုင်ပါတယ်။

သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက် အစိုးရအဖွဲ့က တာဝန်ပေးလို့ ဝန်ကြီး ဦးအောင်ကြည်နဲ့ တွေ့ဆုံ တာ၊ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံတာ ရှိခဲ့ပါတယ်။ ထုံးစံအတိုင်း သတင်းထုတ်ပြန်မှု တိတိကျကျ မရှိ တော့ အများပြည်သူ ဘာမှမသိရပါဘူး။ ဒါပေမဲ့ အဲလို တွေ့ဆုံဆွေးနွေးမှု တွေရဲ့ နောက်ပိုင်း သမ္မတ ဦးသိန်းစိန်၊ အစိုးရအဖွဲ့နဲ့ တပ်မတော်ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေမှာ အပြောင်းအလဲတွေ အများကြီး မြင်ကြရပါတယ်။

နိုင်ငံရေး အကျဉ်းသား အားလုံးနီးပါး လွှတ်ပေးတာ၊ အကျဉ်းသားဟောင်းတွေ အပါအ၀င် အားလုံးကို နိုင်ငံရေးလုပ်ခွင့်ပေးတာ၊ နိုင်ငံရေး သမားတွေနဲ့ အခါအားလျော်စွာ တွေ့ဆုံတာ၊ ရုပ်သံ၊ ရေဒီယိုကို လုံးဝချုပ် ကိုင်ထားပေမယ့် စာနယ်ဇင်းပုံနှိပ် မီဒီယာကိုတော့ လွတ်လပ် ခွင့် ပေးလာတာ၊ ကလေးစစ်သား စုဆောင်း တာကို ပွင့်လင်းမြင်သာမှုရှိရှိ ရပ်ဆိုင်းဖို့လုပ်လာတာ၊ လူ့ အခွင့်အရေး ချိုးဖောက်နေမှုတွေကို အတိုင်းအ တာတစ်ခုအထိ ဆင်ခြင်လာတာ၊ စီးပွားရေးမှာလည်း တကယ့်တံခါးဖွင့် ဈေးကွက်စီးပွားရေး ပုံစံဖြစ်အောင် ကြိုးစားလာတာ စတာတွေ တွေ့လာရပါတယ်။

နောက်ပိုင်း အားလုံးသိကြပြီးဖြစ်တဲ့ အစိုးရဘက်က ရွေးကောက်ပွဲဆိုင်ရာဥပဒေ၊ နိုင်ငံရေးပါတီများ မှတ်ပုံ တင်ရေးဆိုင်ရာ ဥပဒေတွေ ပြင်ဆင်ပေးပြီး အင်န်အယ်လ်ဒီ တရားဝင်ပါတီပြန်ဖြစ်၊ ကြားဖြတ်ရွေး ကောက်ပွဲ ကျင်းပ၊ ဒေါ်အောင်ဆန်းစုကြည် နဲ့ အင်န်အယ်လ်ဒီ အမတ် ၄၀ ကျော် လွှတ်တော်ထဲရောက် ဆိုတဲ့ အခြေအနေ ပေါ်ပေါက်လာတာ ဖြစ်လာပါတယ်။ ဒီလို အရပ်ရပ် အခြေအနေတွေကို လေ့လာသုံး သပ်ကြည့်ရင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် တွေ့ဆုံမှုရဲ့ အကျိုးဆက်အဖြစ် မှတ်ယူနိုင်ပါတယ်။ အလုပ်ဖြစ်တဲ့ တွေ့ဆုံမှုတွေအဖြစ် ကောက်ချက်ချနိုင်ပါတယ်။
ဒါပေမဲ့ နောက်ပိုင်း အဲလိုတွေ့ဆုံမှုမရှိ သလောက်နည်းသွားပါတယ်။ ဒီလိုတွေ့ဆုံ မှုတွေ မရှိတော့တာဟာ စစ်တပ်ကို နိုင်ငံရေးကနေ ဖယ်ရှားမယ့် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှား မှုကြောင့်လား၊ သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ သူရဦးရွှေမန်းတို့ အကြား ဖြစ်ပေါ်နေ တဲ့ ဂိုဏ်းဂဏ တိုက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က သူရဦးရွှေမန်းဘက်က ရပ်တည်ခဲ့လို့လား စဉ်းစား စရာတွေ ရှိလာပါတယ်။ အတိုက်အခံ နိုင်ငံရေးအင်အားစုတွေ ဘက်ကတော့ အစိုးရနဲ့ စစ်တပ်ဟာ နဂိုကတည်းက သိပ်အပြောင်းအလဲ လုပ်ချင်တာ မဟုတ်ဘူး။ ကမ္ဘာကို လှည့်စားဖို့ နည်းနည်းပါးပါးလုပ်ပြတာ ဖြစ်တယ်၊ ကမ္ဘာက အသိအမှတ်ပြု ဖို့ ဒေါ်အောင်ဆန်းစုကြည်ကို အသုံးချတာသာ ဖြစ်တယ်ဆိုပြီး စွပ်စွဲကြ ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ဆုံဆွေးနွေးမှု ရပ်သွားတာကတော့ အမှန်ပါပဲ။ ဒီအတွက် ဒေါ်အောင် ဆန်းစုကြည် က လေးပွင့်ဆိုင် ဆွေးနွေးပွဲ ကျင်းပပေးဖို့ တောင်းဆိုတော့လည်း တုတ်တုတ်မျှ မလှုပ်တော့ပါဘူး။

နိုင်ငံတကာ အတွေ့အကြုံမှာ တွေ့ဆုံ ဆွေးနွေးလိုသူနဲ့ ငြင်းပယ်သူ နှစ်ဖက်အကြား အဆင်မပြေရင် တွေ့ဆုံဆွေးနွေး လိုသူဘက် က တွေ့ဆုံဆွေးနွေးမှု ဖြစ်လာအောင် အမျိုးမျိုးကြိုးစားရပါတယ်။ တစ်ဖက်က မတွေ့ချင်လို့ အကြောင်းအမျိုးမျိုး ပြနေတာကို အပြစ်ပြောနေရုံနဲ့ စစ်မှန်တဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ပေါ် ပေါက်လာမှာတော့ မဟုတ်ပါ။ ဖိအားပေးတဲ့နည်း၊ အကျပ်ကိုင်တဲ့နည်း၊ စည်းရုံးတဲ့နည်း သင့်တော်ရာနည်း လမ်းပေါင်းစုံ အသုံးပြု ပြီး တွေ့ဆုံဆွေးနွေးမှု ဖြစ်ပေါ်လာအောင် လုပ်ရပါမယ်။ လက်ရှိ အခြေအနေမှာတော့ ဘယ်နှစ်ပွင့်ဆိုင်ဆိုပြီး တောင်းဆိုနေရုံနဲ့ တကယ့်လက်တွေ့ကျတဲ့ တွေ့ဆုံဆွေးနွေးမှုတွေပေါ် ပေါက်လာနိုင်မှာမဟုတ်ဘဲ အမျိုးသားပြန်လည် ရင်ကြားစေ့ရေးကို အခြေခံတဲ့၊ မှန်ကန်တဲ့ ချဉ်းကပ်မှု မျိုးနဲ့သာ တွေ့ဆုံဆွေးနွေးမှု ပေါ်ပေါက်လာမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။