Friday, December 12, 2014

ပြည်ခိုင်ဖြိုးထဲမှာ အကွဲအပြဲ တကယ်ပဲ ရှိသလား

(Mizzima)

အားလုံး သိကြပြီးဖြစ်တဲ့အတိုင်း ရန်ကုန်တိုင်း လွှတ်တော်ဟာခြောက်ပွင့်ဆိုင် အစား ၁၂ ပွင့်ဆိုင် တွေ့ဆုံ ဆွေးနွေးဖို့ တိုက်တွန်းတဲ့ အဆိုတစ်ရပ်ကို မဲခွဲဆုံးဖြတ် အတည်ပြုလိုက်ပါပြီ။ ရန်ကုန်တိုင်း လွှတ်တော်မှာ ဒီအဆို အတည်ပြုလိုက်နိုင်တာဟာ ဘာ အဓိပ္ပာယ် ဆောင်ပါသလဲ၊ ပြည်ခိုင်ဖြိုး ပါတီထဲက အကွဲအပြဲပြဿနာ  ထင်ထင်ရှားရှား ပေါ်လွင်လာပြီလို့ ကောက်ချက်ချနိုင်မ လား၊ ရှေ့ဘာဆက်ဖြစ်လာနိုင်မလဲ ဆိုတာဆွေးနွေး ကြည့် ကြရအောင်။

 
ရန်ကုန်တိုင်း လွှတ်တော်ထဲမှာ အဆိုတင်သူကတော့ ကရင်ပြည်သူ့ပါတီ ခေါင်းဆောင် တစ်ယောက်လည်းဖြစ်၊ ရန်ကုန်တိုင်း ကရင်တိုင်းရင်းသား ရေးရာဝန်ကြီးလည်းဖြစ်တဲ့ ဦးစောထွန်းအောင်မြင့်ဖြစ်ပြီး အဆို အပြည့်အစုံကတော့ ခုလိုပါ။

“ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ဆွေးနွေးပွဲအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုထား သော ခြောက်ပွင့်ဆိုင် ခြောက် ဦးတွေ့ဆုံ ဆွေးနွေးမှုအစား တိုင်းရင်းသားပင်မ မျိုးနွယ်စုကြီး ခုနစ်မျိုး ပါဝင် စေမည့် ၁၂ ပွင့်ဆိုင်၊ ၁၂ ဦး တွေ့ဆုံ ဆွေးနွေးစေသင့်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး အစိုးရမှတစ်ဆင့် ပြည်ထောင်စုအစိုးရသို့ တင်ပြဆောင်ရွက်ပေးရန် တိုက်တွန်းကြောင်း” ဆိုတဲ့ အရေးကြီး အဆိုပါ။အဆိုနဲ့ ပတ်သက်ပြီး တိုင်းလွှတ်တော်ထဲမှာ ၁၄ ယောက်ဆွေးနွေးရာမှာ ၃ ယောက်က ကန့်ကွက်ပြီး ၁၁ ယောက် က ထောက်ခံပါတယ်။ နောက်တော့ တိုင်းလွှတ်တော်အတွင်း ပထမဦးဆုံးအကြိမ် အဖြစ် စက်ခလုတ်နှိပ် ပြီး လျှို့ဝှက် မဲခွဲပါတယ်။ အစည်းအဝေးကို တက်ရောက်ခွင့်ရှိတဲ့ ကိုယ်စားလှယ် ၁၂၂ ဦးရှိပြီး အဲဒီနေ့ က အယောက် ၁၁၀ တက်ပါတယ်။ ထောက်ခံမဲ ၉၉ မဲ ကန့်ကွက်မဲ ကိုးမဲနဲ့ လွှတ်တော်က အတည်ပြုလိုက်ပါ တယ်။ ပြောရရင် လွှတ်တော်ကို လွှမ်းမိုးထားတာက ပြည်ခိုင်ဖြိုးအမတ်အများစုနဲ့ တပ်မတော်သား အမတ် တွေပါ။ ကျန်ပါတီ ခြောက်ခုနဲ့ တစ်သီးပုဂ္ဂလ အမတ်က ၁၇ ယောက်ပဲ ရှိပါတယ်။ အဓိပ္ပာယ်ကတော့ ပြည်ခိုင်ဖြိုး ပါတီအမတ်တွေဟာ ဒီအဆိုကို တစ်ခဲနက် ထောက်ခံလိုက်တာပါ
ရန်ကုန်တိုင်းလွှတ်တော်မှာ ၁၂ ပွင့် ဆိုင် အဆိုကို ထောက်ခံလိုက်တာဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က ကျင်းပတဲ့ ပြည်ထောင်စု 
လွှတ်တော်အစည်းအဝေးမှာ တောင်းဆိုထားတဲ့ ခြောက်ပွင့်ဆိုင် တွေ့ဆုံဆွေးနွေး ရေးအဆိုကို ဆန့်ကျင်လိုက်တာလည်း ဖြစ်ပါတယ်။ အဲဒီအဆို ပြည်ထောင် စုလွှတ်တော်ဘက်က အတည် ပြုတော့လည်း ပြည်ခိုင်ဖြိုးပါတီအမတ်တွေက တစ်ခဲနက် ထောက်ခံခဲ့တာပါပဲ။ တစ်နည်း ပြောရရင် သူရ ဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ထောင်စုလွှတ်တော်က ဆုံးဖြတ်ထားတဲ့ အရေးကြီးအဆိုတစ်ခုကို ရန်ကုန်တိုင်း လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးအမတ်တွေက ဆန့်ကျင်လိုက်တဲ့ အဓိပ္ပာယ်လည်း ဖြစ်ပါတယ်။ ဒါဟာ ပြည်ခိုင်ဖြိုးပါတီအတွင်း လွှတ်တော် နာယက သူရဦးရွှေမန်းနဲ့ သမ္မတ ဦးသိန်းစိန်တို့ ကာလကြာရှည် သဘောကွဲလွဲမှု ဖြစ်ပေါ်နေတာကနေ အခု အဲဒီ သဘောကွဲလွဲမှုနောက် အသီးသီးသော ပြည်ခိုင်ဖြိုးပါတီ ဝင်တွေကပါ လိုက်ပါ သဘောကွဲလာကြတာလည်း ဖြစ်ပါတယ်။ တကယ်လို့ ပြည်ခိုင်ဖြိုးပါတီဟာ တစ် သဘောတည်းပဲဆိုရင် ပြည်ထောင်စုအဆင့် ပြည်ခိုင်ဖြိုးအမတ်တွေ လုပ်တာကို တိုင်းအဆင့် ပြည်ခိုင်ဖြိုး အမတ်တွေကလည်း ထောက်ခံ ရမှာပဲ ဖြစ်ပါတယ်။ အခုကတော့ အဲလို မဟုတ်ခဲ့ပါဘူး။ အတည်မပြုနိုင်တဲ့ သတင်းတွေနဲ့ စွပ်စွဲမှုတွေလည်း သတင်းမီဒီယာတချို့က ဖော်ပြ ခဲ့ပါတယ်။ 
ရန်ကုန်တိုင်းလွှတ်တော်အတွင်း အဲဒီအဆိုမတင်ခင် ဝန်ကြီးဦးရဲထွဋ်နဲ့ အခြားဝန်ကြီးတစ်ပါး ရန်ကုန်ကို ရောက်လာ တယ်။ နောက် တိုင်း ဝန်ကြီးချုပ် ဦးမြင့်ဆွေနဲ့ တွေ့ကြတယ်။ ဒီနောက် ရန်ကုန်တိုင်းအတွင်း ခုလို ၁၂ ပွင့်ဆိုင် အဆိုတင်မှု ပေါ်လာ တာ ဖြစ်တယ်ဆိုပြီး စွပ်စွဲမှုတွေ ရှိခဲ့ပါတယ်။ ဒီစွပ်စွဲမှုတွေသာ မှန်ကန်ခဲ့မယ်ဆိုရင် တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ တိုင်းလွှတ်တော် ဥက္ကဋ္ဌနဲ့ တိုင်းလွှတ်တော်ထဲက ပြည်ခိုင်ဖြိုး အမတ်တွေဟာ သမ္မတ ဦးသိန်းစိန် ဘက်တော်သားတွေအဖြစ် သတ်မှတ်နိုင်ပါတယ်။ တစ်နည်းပြော ရရင် ပြည်ထောင်စု လွှတ်တော်ကို သူရဦးရွှေမန်း စီမံခန့်ခွဲနိုင်ပေမယ့် နိုင်ငံမှာ အရေးကြီးတဲ့ ရန်ကုန်တိုင်း လွှတ်တော်ကိုတော့ သမ္မတ ဘက်တော် သားတွေက စီမံခန့်ခွဲနိုင်တယ် ဆိုတာကို ပြသလိုက်တာလည်း ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ခြောက်ပွင့် ဆိုင်ကို လက်မခံချင်တဲ့ သမ္မတဦးသိန်းစိန် အသက်ရှူချောင်သွားစေမှာတော့ အမှန်ပါပဲ။
တကယ်တော့ ရှေ့ပိုင်းကာလ တစ်လျှောက် သူရဦးရွှေမန်းရဲ့ လွှတ်တော်ထဲက ပြည်ခိုင်ဖြိုးအုပ်စုနဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ အစိုးရ အဖွဲ့ထဲက ပြည်ခိုင်ဖြိုး ခေါင်းဆောင်တွေ သဘောကွဲနေကြတာကိုတော့ ထင်ထင်ရှားရှား မြင်တွေ့ကြရပြီး ဖြစ်ပါတယ်။ နိုင်ငံရေး ဆိုင်ရာ ပြဿနာတင်မက နှစ်ဖက် အုပ်စုထဲ ပါဝင်နေတဲ့ ကိုယ် ကျိုးစီးပွား ပြဿနာတွေကို ကြည့်ရင်လည်း အဲဒီကွဲပြဲမှု တကယ်ဖြစ်နေတယ်ဆိုတာကို ညွှန်ပြနေပါတယ်။

သမ္မတဦးသိန်းစိန် အစိုးရအဖွဲ့ တက်လာတဲ့အခါ ဝန်ကြီးဦးစိုးသိန်းနဲ့ အစိုးရအဖွဲ့ဝင်တွေ တန်ခိုးကြီးလာပါတယ်။ အစိုးရကချပေးတဲ့ ကန်ထရိုက်၊ လုပ်ပိုင်ခွင့်တွေဟာ အစိုးရအဖွဲ့ဝင်တွေနဲ့ နီးစပ်သူတွေက ရကြပြီး အရင် စစ်အာဏာရှင်ခေတ်က တန်ခိုးထွားခဲ့တဲ့ သူရဦးရွှေမန်းနဲ့အတူ လွှတ်တော်ထဲ ရောက်သွားတဲ့ ၀န်ကြီး ဟောင်း အသိုင်းအ၀ိုင်း အခွင့်အလမ်းရရှိမှု နည်းလာပါတယ်။ တချို့ မရှိသလောက် ဖြစ်လာပါ တယ် ။ အထင်ရှားဆုံးဆို သူရ ဦးရွှေမန်းရဲ့ သား၊ ခမည်းခမက်တော်သူ ဦးခင်ရွှေတို့လို ပုဂ်္ဂိုလ်တွေတောင် အခွင့်အလမ်း မရသလောက် ဖြစ်သွားခဲ့တာပါ
ဘယ်လိုပဲဖြစ်ဖြစ် သမ္မတဦးသိန်းစိန်ဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ ဥက္ကဋ္ဌ ဖြစ်ပြီး စီနီယာဝန်ကြီးတွေနဲ့ အခြားဝန် ကြီး ဝန်ကလေးတွေ ဟာလည်း ပြည်ခိုင်ဖြိုးပါတီ ထိပ်တန်းခေါင်းဆောင်တွေ ဖြစ်ကြပါတယ်။

ဖွဲ့စည်းပုံအခြေခံဥပဒေကြောင့် အစိုးရတာဝန်ယူထားရတဲ့ကာလ ပါတီတာဝန် မထမ်းနိုင်တော့ ပါတီနဲ့ ထိ တွေ့ခွင့်လည်း နည်းခဲ့ပါတယ်။ တကယ်လို့ ၂၀၁၅ ရွေး ကောက်ပွဲနီးလို့ သမ္မတ ဦးသိန်းစိန်ပါတီ လှုပ်ရှားမှု ထဲ ပြန်ဝင်ပါရလို့ရှိရင် ဥက္ကဋ္ဌ နှစ်ယောက် ဘယ်သူ့ကို နာခံရမလဲ ဆိုတဲ့ ပြဿနာ ပေါ်လာမှာ အသေအချာပဲ ဖြစ်ပါတယ်။ အခုကိုပဲ ပြည်ထောင်စုလွှတ်တော်ထဲက ပြည်ခိုင်ဖြိုးအမတ်တွေက သူရဦးရွှေမန်းကို နာခံ ကြောင်းပြသခဲ့ပြီး ရန်ကုန်တိုင်း ၀န်ကြီးချုပ်၊ လွှတ်တော်ဥက္ကဋ္ဌနဲ့ တိုင်း ပြည်ခိုင်ဖြိုးအမတ်တွေကတော့ သမ္မတ ဦးသိန်းစိန်နောက်မှာ မားမားမတ်မတ် ရပ်တည်နေတယ်ဆိုတာ ပြလိုက်ပါပြီ။ ပွဲကတော့ ကြည့် ကောင်းနေပါပြီ။ သိပ်မကြာ ခင် ပြည်ခိုင်ဖြိုးပါတီထဲက အကွဲအပြဲ အခြေအနေနဲ့ ဘယ်သူက ဘယ်သူ့ကို နာခံသလဲ၊ ဘယ်ဘက် ရပ်တည်သလဲဆိုတဲ့ ကိစ္စပိုပြီး သဲသဲကွဲကွဲ မြင်လာရတော့မှာ ဖြစ်ပါကြောင်းသုံး သပ်တင်ပြလိုက်ရပါတယ်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။