Thursday, December 11, 2014

မူဝါဒ ချမှတ်သူများ၏ ဆုံးဖြတ်ချက်

(Mizzima)

သမ္မတ ဦးသိန်းစိန် အစိုးရသစ်သည် ၂၀၀၈ အခြေခံဥပဒေနှင့် တက်လာသည့် စစ်တပ် ကျောထောက် နောက်ခံပြု  အစိုးရဖြစ်သည်။ အစိုးရသစ်ဆိုသော စကားရပ်သည် ၁၅ လသာသာ ကျန်တော့သည့် သမ္မတ ဦးသိန်းစိန်အစိုးရအတွက် အသစ်မဟုတ်တော့ ဘဲ ဟောင်းလာပြီဟုပင် ပြော၍ရသည်။

 
သမ္မတ ဦးသိန်းစိန်က မြန်မာသစ်ဟူသော စကားလုံးကို သုံးခဲ့သည်။ ဒီမိုကရေစီစနစ်ကို လျှောက်လှမ်းသော ခေတ်သစ်မြန်မာပြည်ဟု ဆိုလိုချင်ပုံရသည်။
၂၀၁၃ ခု ဧပြီ ၁ ရက်မှ စတင်ခဲ့သော ပုဂ္ဂလိက သတင်းစာများသည် တစ်နှစ်ခွဲကျော် အချိန်လွန်လာသည့် ယနေ့ကာလတွင် သတင်းစာသစ်များ မဟုတ်တော့ပေ။ မီဒီယာလောကတွင် မိမိတို့ရပ်တည်သည့် အနေအ ထားအလိုက် လုပ်ကိုင်ဆောင်ရွက် ခဲ့ပြီး နောက်တွင်ရပ်သည့် သတင်းစာများ ရပ်ဆိုင်းခဲ့ပြီးဖြစ်သလို ကျန်သည့် သတင်းစာများသည်လည်း အမြတ်အစွန်း မဖက်နိုင်ကြဘဲ ရုန်းကန်၍ ရှင်သန်နေရဆဲဖြစ်သည်။

စီးပွားရေး ဘက်တွင်လည်း ထိုနှင်နည်းနည်းပင်၊ ခရိုနီဟု အမည်သညာ သတ်မှတ်ခြင်းခံရသည့် အစိုးရနှင့် နီးစပ်သူ စီးပွားရေး လုပ်ငန်းရှင်များသည် မြန်မာသစ်တွင် ဆက်လက်ရှင်သန်နိုင်ရန် နည်းမျိုးစုံနှင့် ကြိုးပမ်းအားထုတ်နေကြသည်။ ပြည်ပရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများနှင့် ဖက်စပ်လုပ်ကိုင်ခြင်း၊ ပြည်တွင်းလုပ်ငန်းရှင် များ အချင်းချင်း ပေါင်းဖက်လုပ်ကိုင်ခြင်းဖြင့် စီးပွားရေးဈေးကွက်အတွင်း ဆက်လက် ရှင်သန်ရေးကို ကြိုး ပမ်းဆောင်ရွက်နေကြရသည်။

အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးဟူသည့် မဏ္ဍိုင်သုံးရပ်နှင့် မီဒီယာဆိုသည့် စတုတ္ထမဏ္ဍိုင်တို့သည် အချီ အချညီညီ ကြိုးပမ်းဆောင်ရွက်ရင်း အချင်းချင်းနှင့်အပြန်အလှန် တွန်းထိုးခြင်းများ ရှိနေကြသည်။ ဤတွင် ပြည်သူ့ကဏ္ဍကို ပဉ္စမမဏ္ဍိုင်ဟု အမည်သညာပေး၊ တစ်ခန်းတစ်ကဏ္ဍပြောသူများလည်း ရှိပြန်သည်။ လူမှု အဖွဲ့အစည်း တစ်ခုကို မဏ္ဍိုင်ငါးရပ်ရှိသည်ဟု ပြည်သူကိုပါ တစ်ပါးတည်းထည့်သွင်း တွက်ချက်ပြန်သဖြင့် ပြည်သူသည်လည်း အရေးပါသည့် အနေအထားရှိပြန်သည်။ သမ္မတဦးသိန်းစိန်၏ အစိုးရသက်တမ်းမကုန် ခင် ကျင့်သုံးနေသည့် တတိယလှိုင်းတွင် ပြည်သူဗဟိုပြု ချဉ်းကပ်နည်းဖြင့် သွားမည်ဟု တရားဝင်ထုတ်ဖော် ပြောဆိုထားသည်။

အစိုးရ၊ လွှတ်တော်၊ တရားစီရင်ရေးနှင့် စတုတ္ထမဏ္ဍိုင်ဖြစ်သည့် မဏ္ဍိုင်လေးရပ် စလုံးက ပဉ္စမမဏ္ဍိုင် ဖြစ် သည့် ပြည်သူကို တာဝန်ခံရ သည်။ ပြည်သူသည် အခရာဖြစ်သည်၊ ပြည်သူသည် အဓိကဖြစ်သည်။ ပြည် သူသည် အသည်းနှလုံးဖြစ်သည်။ ပြည်သူက လက်မခံ၊ ငြင်းဆန်၊ ရင်မခုန်တော့လျှင် မဏ္ဍိုင်လေးရပ် အလုပ်မတွင်တော့ပေ၊ သို့မဟုတ် ရပ်ဆိုင်းသွားကြလိမ့်မည်။

ပြည်သူချစ်သော ပြည်သူလေးစားသော ပြည်သူလက်ခံသော မဏ္ဍိုင်များဖြစ်ရေးတွင် ယင်းမဏ္ဍိုင်များ၏စီမံ ခန့်ခွဲသူများနှင့် ဆုံးဖြတ်ပိုင်ခွင့် ရှိသူများ (၀ါ) မူဝါဒချမှတ်သူများ၏ အတွေ့အကြုံ၊ အလုပ်အကိုင်နှင့် ရေရှည်မြော်မြင် ဆုံးဖြတ်လုပ်ကိုင် ခြင်းများသည် ပဓာနကျလာသည်။ မဏ္ဍိုင်အသီးသီး အခြေခိုင်ခိုင် ကြံ့ခိုင်ရေး အရေးကြီးသလို ဆက်လက် ရှင်သန်ရေးမှာ မူဝါဒချမှတ်သူများ၏ အစွမ်းအစ ဖြစ်သည်။

တစ်ခါတရံတွင် မူဝါဒချမှတ်သူများသည် ခက်ခဲသော၊ ကြမ်းတမ်းသော၊ နှလုံးမသာယာဖွယ်ဖြစ်သော ဆုံး ဖြတ်ချက်များကို ချမှတ်ရတတ်သည်။ ဆုံးဖြတ်ချက်များ မှန်ကန်ရေးမှာ မူဝါဒချမှတ်သူများ၏အသက် ဖြစ်ပါ သည်။ မှန်ကန်သော ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရေးအတွက် လိုအပ်သည့် သတင်းအချက်အလက်များ၊ အမှားအမှန်ကို ကွဲပြားစွာ ပိုင်းခြားနိုင်သော အတွေ့အကြုံများ၊ ကိုယ်ကျိုးမဖက်သော သန့်ရှင်း တည်ကြည် သည့် စိတ်ဓာတ်များနှင့် မိမိအဖွဲ့အစည်းမှသည် တိုင်းပြည်နှင့်လူထုအထိ အကျိုးရည်သည့် စဉ်းစားချက်များ လိုအပ်ပါသည်။ အဆုံးတွင်တော့ မူဝါဒချမှတ်သူ များသည် ၎င်းတို့တစ်ဦးချင်းကိုယ်တိုင်နှင့် ၎င်းတို့ပါဝင် နေသည့် အဖွဲ့အစည်းများမှသည် ကမ္ဘာ့အလယ် နိုင်ငံဝင့်ထည်စွာ ရပ်တည်နိုင်ရေးအတွက် တိုင်းပြည်၏ ရေရှည်ဖွံ့ဖြိုး ရေးအတွက်ပါ ကြည့်နိုင်သော အမြော်အမြင်ရှိရှိ စွမ်းဆောင်နိုင်သူများ၊ စည်းရုံးနိုင်သူများ၊ သည်းခံ စိတ်ရှည်ပြီး ဆုံးဖြတ်ရဲသူများ ဖြစ်ရပါလိမ့်မည်။

သမ္မတဦးသိန်းစိန်အစိုးရအဖွဲ့၊ လွှတ်တော်ဥက္ကဋ္ဌများ ဦးဆောင်သည့် လွှတ်တော် အရပ်ရပ်၊ တရားသူကြီးချုပ် ကြီးကဲသည့် တရားစီရင်ရေး အဖွဲ့ အဆင့်ဆင့်နှင့် မဇ္ဈိမ အပါအဝင် မီဒီယာပလက်ဖောင်းစုံပေါ်မှ သတင်းမီဒီယာ အဖွဲ့အစည်းများစသည့် စတုတ္ထမဏ္ဍိုင်တို့ သည် ပြည်သူကိုကြည့်သည့်၊ ပြည်သူ့အသံကို ဖော်ဆောင်သည့်၊ နိုင်ငံသားတစ်ဦးချင်းတိုင်း၏ မွေးရာပါ နိုင်ငံသားအခွင့်အရေးကို ဥပဒေအထက်တွင် မည်သူမျှမရှိဆိုသည့် မူနှင့်အညီ ပေးစွမ်းနိုင်သည့်၊ ပြည်သူ၏ နားမျက်စိများသဖွယ် ဖြစ်နေရသည့် အခန်း ကဏ္ဍတွင် ရှိနေသူများ၊ မူဝါဒချမှတ်ပိုင်ခွင့်နှင့် လုပ်ဆောင်ခွင့် ရှိနေသူများ ဖြစ်ပါသောကြောင့် ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ထောက်ရှု ဤခြောက်ခုဆိုသည့် နာယကဂုဏ်ခြောက်ပါးနှင့်အညီ ပဉ္စမ မဏ္ဍိုင်ဖြစ်သည့် ပြည်သူများအကျိုး၊ ပြည်သူများ အားလုံးပိုင်ဆိုင် သည့် နိုင်ငံတော်နှင့် နိုင်ငံသားတို့ အကျိုး အတွက် တင်းမခံ၊ တွန်းမထုတ်၊ ဉာဏ်မြေကတုတ် လုပ်ကြမူ၍ အစွန်းမထွက် ခိုင်မာသော ရပ်တည်ချက် များဖြင့် “မဇ္ဈိမ ပဋိပဒါ” အလယ်အလတ်လမ်းစဉ်ဖြင့် ကျင့်သုံးနိုင်ပါမည့်အကြောင်း တိုက်တွန်းတောင်းဆိုသည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။