Saturday, December 13, 2014

ခြောက်ပွင့်ဆိုင်ဆွေးနွေးပွဲ မဖြစ်ရန် လမ်းလွှဲမှုများကို အားမပေး၊ စစ်မှန်သည့် ဆွေးနွေးပွဲသာလိုဟု ဒေါ်စုပြော

(Mizzima)

ခြောက်ပွင့်ဆိုင် ဆွေးနွေးပွဲ မဖြစ်ပေါ်စေရန် အကြောင်းအရာ အမျိုးမျိုးဖြင့် လမ်းလွှဲမှုများကို အားမပေးဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ဒီဇင်ဘာ ၁၃ ရက်က တော်ဝင်နှင်းဆီတွင် ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပထမအကြိမ် ဗဟိုကော်မတီ စတုတ္ထအကြိမ် အစည်းအဝေးတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

 
ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ လေးပွင့်ဆိုင်တောင်းဆိုတဲ့ သဘောတရားနဲ့ လွှတ်တော်အတွင်းက ခြောက်ပွင့်ဆိုင်တောင်းဆိုတဲ့ သဘောထားများဟာ တူညီမှုရှိတယ်လို့ ကျွန်မတို့မြင်ပါတယ်။ ဒါကြောင့်မို့လို့ ဒါတွေကို ကျွန်မတို့ လက်ခံနိုင်ပါတယ်။ ဒါပေမယ့် ဖြစ်မြောက် မယ့် ဆွေးနွေးပွဲကို မဖြစ်အောင်လို့ အမျိုးမျိုးလမ်းလွဲဖို့ လုပ်တဲ့ခြေလှမ်းတွကိုလည်း ကျွန်မတို့အနေနဲ့က လုံးဝ အားမပေးပါဘူး။ တစ်ကယ်အရေးကြီးတာက စစ်မှန်တဲ့ဆွေးနွေးပွဲပါ” ဟု ပြောသည်။

ယင်းတွေ့ဆုံပွဲ ကိစ္စနှင့်ပတ်သက်၍ သမ္မတရုံးဝန်ကြီး ဦးအောင်မင်းကလည်း “သမ္မတကြီးက ၁၂ ပွင့်၊ ၆ ပွင့်ကိစ္စ တစ်ခုမှ မငြင်းပါဘူး။ သမ္မတကြီးရဲ့မူကတော့ သမ္မတကြီးတက်လာတော့ ပြောတဲ့ပထမဆုံးမိန့်ခွန်းမှာ ပါဝင်ပြီး ဖြစ်ပါတယ်။ တူတာတွေကို ဆွေးနွေးကြမယ်။ တူတာတွေကို ပေါင်းလုပ်ကြမယ်။ မတူတာတွေကို ဆက်ဆွေး နွေးကြမယ်” ဟု ဒီဇင်ဘာ ၁၂ ရက်က ပြောခဲ့သည်။

ဖွဲ့စည်ပုံ အခြေခံဥပဒေ ပြင်ဆင်ရေးအတွက် သမ္မတ၊ ကာကွယ်ရေးဦးစီးချုပ်၊ လွှတ်တော် ဥက္ကဋ္ဌ နှစ်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တိုင်းရင်းသားကိုယ်စားလှယ်တစ်ဦး ပါဝင်သည့် ခြောက်ပွင့်ဆိုင် တွေ့ဆုံပွဲလုပ်ရန် နိုဝင်ဘာ ၂၅ ရက်က ပြည်ထောင်စုလွှတ်တော်တွင် အတည်ပြုခဲ့သည်။ ယင်းအတည်ပြုချက်ကို ခြောက်ပွင့်ဆိုင်တွင် တိုင်းရင်းသားကိုယ်စားလှယ် တစ်ဦးအစား ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း ပါသည့် တိုင်းရင်းသား ၇ ဦးနှင့် ၁၂ ပွင့်ဆိုင် တွေ့ဆုံရန် ရန်ကုန်တိုင်းလွှတ်တော်က ဒီဇင်ဘာ ၁၀ ရက်က အတည်ပြုလိုက်သည်။

တွေ့ဆုံဆွေးနွေးပွဲသည် အမျိုးသားရင်းကြားစေ့ရေးကို ဖော်ဆောင်နိုင်မည့်အတွက် ၁၉၈၈ ခုနှစ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို စတင်တည်ထောင်သည့် အချိန်ကပင် တွေ့ဆုံဆွေးနွေးခြင်းမူကို ချမှတ်ခဲ့ခြင်းဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက်ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ရင်းကြားစေ့ရေး ရှိခြင်းအားဖြင့်သာလျင် ကျွန်မတို့နိုင်ငံဟာ ညီညွတ်တဲ့ တိုးတက်တဲ့ အေးချမ်းတဲ့ သာယာတဲ့ နိုင်ငံဖြစ်နိုင်တယ်ဆိုတာ ကျွန်မတို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ခိုင်မာတဲ့ယုံကြည်ချက်တစ်ခု ဖြစ်ပါတယ်” ဟု ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က ၎င်းတောင်းဆိုထားသည့် လေးပွင့်ဆိုင်အစား ခြောက်ပွင့်ဆိုင် တွေ့ဆုံရန် လွှတ်တော်၏ ဆုံးဖြတ်ချက်ကို
ဒေါ်အေင်ဆန်းစုကြည်က ထောက်ခံသည်ဟု ဆိုသည်။


သို့သော် ဆွေးနွေးပွဲတွင် ပါဝင်သူများပြီး ကဏ္ဍကွဲလွဲမှုများပြားနိုင်၍ ပွင့်လင်းထိရောက်သည့် ဆွေးနွေးပွဲဖြစ်ရန် လေးပွင့်ဆိုင် အရေးကို တောင်းဆိုရခြင်းဖြစ်ပြီး အများပါဝင်သည်ကို မလိုလား၍ မဟုတ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုခဲ့သည်။

No comments:

Post a Comment

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။