Thursday, January 16, 2014

တပ်မတော်အတွင်း Commander နဲ့ Staff တို့ရဲ့ Power – Line up and Command & Control and Duty & Function (၂)

(စည်းလုံးခြင်းရဲ့အင်အား)

မိတ္တူစာ ပေးပို့ခဲ့ တဲ့ ထောက်လှမ်းရေး တပ် တပ်ဖွဲ့ ဝင် တစ်ယောက်ကြောင့် မူလ က စောင့်ကြည့်နေ တဲ့ ရမခနဲ့ ကကကြည်း တို့ရဲ့ ချေမှုန်းခြင်း ကို ထောက်လှမ်းရေး တစ်ဖွဲ့လုံး ခံလိုက် ရတဲ့ ဖြစ်စဉ်အား ရမခ တာဝန် ထမ်းဆောင်ခဲ့တဲ့ အရာရှိ တစ်ဦးက စည်းလုံးခြင်းရဲ့ အင်အား ဝက်ဘ်ဆိုဒ် သို့ ပေးပို့လာပါ တယ်။

 
“ရမခတိုင်း စစ်ဌာန ချုပ်ရဲ့ သက်သာချောင် ချိရေး အစီအစဉ် အရ တပ်ရင်းတွေ ကိုပေးမဲ့ ဂြိုလ်တု စလောင်းတွေ ကို မူဆယ်နယ်စပ် ကွပ်ကဲရေးစခန်းမှာ တာဝန်ကျနေတဲ့ ထောက်လှမ်းရေးတပ်က ဖမ်းလိုက်တယ်ဗျ။ ဒါကို ရမခတိုင်းမှူး ဗိုလ်ချုပ် မြင့်လှိုင် (ယခု လယ်ဆည်ဝန်ကြီး) က ပြန်လွှတ်ပေးဖို့ ပြောတာ ထောက်လှမ်းရေးတပ်က ခေါင်းမာနေတယ်ဗျာ။ ခြေလျင်တပ်က ဗျူဟာမှူး တစ်ယောက်ဟာ တပ်ကြပ်ကြီး အခြားအဆင့် (ထောက်လှမ်းရေးတပ်) ကို တွေ့ခွင့်တောင်းနေရတာ ကြည်းတပ်က သိပ်ပြီးတော့ သည်းမခံချင်တော့ဘူး။ အဲဒီလို အကြိတ်အခဲတွေ ရှိနေတုန်း ထောက်လှမ်းရေးတပ်က တပ်ဖွဲ့ဝင် တစ်ဦးဟာ တိုင်စာသဘောမျိုး ရမခတိုင်းအား မိတ္တူထည့်ပေးလိုက်တာနဲ့ အကွက်ရသွားပြီး ရမခ တိုင်းမှူးက ကက (ကြည်း) ထံ တင်ပြလိုက်တယ်။ ရမခတိုင်းမှူးဟာ ဒုတပ်ချုပ်ရဲ့ PA လုပ်ခဲ့ဖူး တာမို့ သူလည်း အစွယ်ရှိတဲ့ လူတစ်ယောက်ဆိုတာ ထောက်လှမ်းရေးတပ် တပ်ဖွဲ့ဝင်တွေ မေ့သွားတယ် ထင်တယ်။ ဒါနဲ့ဘဲ ကက (ကြည်း) က စစ်ဆင်ရေး စဖို့ လျှို့ဝှက် လုပ်တော့တယ်။ ဗိုလ်ချုပ်ကြီး ခင်ညွှန့်က ထောက်လှမ်းရေး အစည်းအဝေးမှာ မင်းတို့တွေ မညီညွတ်လို့ အခုလို ဖြစ်ရတာ ဆိုပြီး အဲဒီတိုင်စာကိစ္စကို ရည်ညွှန်းပြောဆိုတာ ဖြစ်တယ်။ ဒါပေမဲ့ အဘိုးကြီး ဦးသန်းရွှေက ဒီစကားလုံးကို မကြိုက်လို့ ထောက်လှမ်းရေး တပ်ဖွဲ့ အားလုံးကို နှိပ်ကွပ်ဖို့ ကက (ကြည်း) အား ညွှန်ကြားလိုက်တာ ဖြစ်တယ်” လို့ တင်ပြသွားပါတယ်။

မူဆယ်မြို့ရှိ နာရီစင်
 
တပ်မတော် ဖွဲ့စည်းပုံ တိုးချဲ့ရာမှာ တိုင်းစစ်ဌာနချုပ် G-1 Level ၈ ဦး တိုးချဲ့ခဲ့ပြီး ၄င်းတို့ကတော့ စစ်ဦးစီးမှူး (ပထမတန်း) စစ်ဆင်ရေး၊ စစ်ဦးစီးမှူး (ပထမတန်း) စစ်ဖက်ရေးရာ လုံခြုံရေးဌာန (ယခင် ထောက်လှမ်းရေး)၊ စစ်ဦးစီးမှူး (ပထမတန်း) စစ်ရေးဌာန၊ စစ်ဦးစီးမှူး (ပထမတန်း) (ဖြည့်တင်း/ လုပ်ငန်း)၊ စစ်ဦးစီးမှူး (ပထမတန်း) စစ်ဆေးရေး ဌာန၊ စစ်ဦးစီးမှူး (ပထမတန်း) ပြည်သူ့စစ်ဌာနဆိုပြီး ခွဲထုတ်လိုက်ပါတယ်။ ၄င်းပြင် လက်ထောက်စစ်ဥပဒေချုပ်နှင့် တိုင်းဦးစီး (ဗိုလ်မှူးကြီး) ရာထူးများကို ထပ်မံ တိုးချဲ့ဖွဲ့စည်းကာ ၄င်းတို့အားလုံးအပေါ် ဒုတိုင်းမှူးနှင့် တိုင်းမှူးဆိုပြီး ထားရှိပါတယ်။ တိုင်းဦးစီး ဗိုလ်မှူးကြီးကတော့ နယ်ဘက် တိုင်းနှင့်ပြည်နယ် အစိုးရ အဖွဲ့များက ဖိတ်ကြားတဲ့ တပ်နဲ့ အရပ်ဖက်ဆိုင်ရာ အစည်းအဝေးနဲ့ ပြည်သူ့စစ် ကိစ္စတွေမှာ တက်ရောက် ကိုင်တွယ်ဖို့ လျာထားတာ တွေ့ရပါတယ်။ တိုင်းဦးစီး ဗိုလ်မှူးကြီး ဖွဲ့စည်းပုံ အသစ်ကျကာစမှာ ရပခတိုင်းက G-1 စစ်ဦးစီးမှူး (ပထမတန်း) နဲ့ တိုင်းဦးစီး ဗိုလ်မှူးကြီးတို့ အားပြိုင်ခဲ့ရာမှာ တိုင်းမှူး ဗိုလ်ချုပ် မောင်ဘိုက G-1 ကို Power ပိုပေးခဲ့ကြောင်း သိရှိရပါတယ်။ တကယ်တော့ တိုင်းဗိုလ်မှူးကြီး ဆိုတာဟာ ရာထူး ထပ်မတိုးတော့တဲ့ နေရာ ဖြစ်ပါတယ်။

တပ်မတော်သုံး စစ်သုံး Faw ကားကြီးများ
 
ဒ့ါအပြင် တိုင်းစစ်ဌာနချုပ် လက်အောက်ခံ တပ်များနဲ့ တပ်မ၊ စကခတပ်များရဲ့ သဘော သဘာဝကိုလည်း သိရှိနားလည်ဖို့ လိုအပ်ပါတယ်။ တိုင်းတပ်လို့ ခေါ်တဲ့ တိုင်းစစ်ဌာနချုပ် လက်အောက်ခံတပ်များဟာ တိုင်းမှူးက တိုက်ရိုက်ကွပ်ကဲပြီး နယ်မြေ ထိန်းသိမ်းရေး၊ တိုင်းနဲ့ ပြည်နယ်များရဲ့ ဒေသန္တရ လုံခြုံရေးအတွက် စခန်းထိုင်ရသလို ရှေ့တန်းစခန်း ရိက္ခာ စုပုံပေးရေး၊ နယ်မြေဒေသ လုံခြုံရေး၊ ရေလမ်း/ ကားလမ်း လုံခြုံရေး VIP လုံခြုံရေး၊ အစိုးရရုံး အဆောက်အဦး တံတား (ယခု ပြည်ထဲရေးက လွှဲယူသည်ဟု သိရ) လုံခြုံရေးနှင့် နယ်စပ် စခန်းထိုင် လုံခြုံရေး၊ တပ်မ တပ်များ ရှေ့တန်းသို့ ယဉ်တန်းနဲ့ ချီတက် တပ်ရွှေ့ပြောင်းစဉ် ရေနှင့် ကုန်လမ်းကြောင်း (ရထားလမ်း/ ကားလမ်း) လုံခြုံရေး၊ တိုင်းစစ်ဌာနချုပ် ဧရိယာအတွင်းမှာ ရှိတဲ့ တပ်မ၊ စကခ၊ လက်ရုံးဝန်ထမ်းတပ်တွေရဲ့ အုပ်ချုပ်မှုဆိုင်ရာ စစ်ထောက်လုပ်ငန်းများနဲ့ စီမံခန့်ခွဲရေး ကိစ္စရပ်များ အပါအဝင် တရားစီရင်ခွင့်၊ စစ်ရေးလုပ်ငန်း စတာတွေကို လုပ်ကိုင် ဆောင်ရွက်ပေးရပါတယ်။

တပ်မတပ်များနဲ့ စကခတပ်များဟာ စစ်ဆင်ရေးကိစ္စဆိုပါက ကက (ကြည်း) စစ်ဆင်ရေးရဲ့ တိုက်ရိုက်ကွပ်ကဲမှု အောက်တွင် ရှိပြီး အင်အား အလုံးအရင်းနဲ့ စုစည်း သုံးရတဲ့ ပြည်တွင်းရန်သူ အခြေစိုက် အခိုင်အမာ စခန်းကြီးများနဲ့ နိုင်ငံတကာ စစ်ပွဲတွေမှာ Main Operation Attack နဲ့ Joint Operation Command ကြည်း/ ရေ/ လေ ပူးပေါင်းစစ်ဆင်ရေး အနေနဲ့ သုံးကာ တိုင်းမှူးများက ဝင်ရောက် စွက်ဖက်ခွင့် မရှိတာ တွေ့ရှိရပါတယ်။ ကက (ကြည်း) လေးလပတ် အစည်းအဝေး တစ်ခုမှာ ယခင် ဒုတပ်ချုပ် ဒုဗိုလ်ချုပ်မှူးကြီး မောင်အေးက တပ်မမှူး၊ စကခမှူးတွေ စုခေါ်ပြီး “ငါမသိဘဲနဲ့ တိုင်းမှူးတွေက ခိုင်းလာရင် င့ါကို တင်ပြခိုင်းပါ။ တိုင်းမှူး လုပ်ချင်ရာ လုပ်ခွင့် မပြုနိုင်ဘူး” လို့ ဆိုပါတယ်။ ဒီအချက်ကြောင့်ဘဲ တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးချုပ် တင်လှ (ယခင် စစ်ထောက်ချုပ်) ဟာ တပ်ရွှေ့ပြောင်းမှုကို ကက(ကြည်း) နဲ့ဘဲ တိုက်ရိုက် လုပ်ခဲ့လို့ ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူးနဲ့ စစ်ဒေသမှူးတွေနဲ့ တပ်မ (၂၂) တပ်မမှူးတို့ အစာမကြေ ငြိခဲ့တဲ့ ပြဿနာ ရှိခဲ့ဖူးပါတယ်။ ဒကစလို့ ခေါ်တဲ့ ဒေသ ကွပ်ကဲမှု စစ်ဌာနချုပ်ကတော့ နယ်စွန်နယ်ဖျား တိုင်းစစ်ဌာနချုပ်နဲ့ အလှမ်းဝေးကွာ လွန်းတဲ့ နေရာတွေမှာ ဖွင့်လှစ်တဲ့ တိုင်းအငယ်စား ဖြစ်ပြီး ဒကစ တပ်တွေဟာ တိုင်းတပ်တွေနဲ့ သဘောသဘာဝ အတူတူပင် ဖြစ်ပြီး ဒကစမှူးဟာ တပ်မမှူးထက် Power နိမ့်ပါတယ်။ ဒါပေမဲ့ တရားစီရင်ခွင့် အာဏာ ရရှိထားပါတယ်။ MTA တပ်တွေကို ကျိုင်းတုံ ဒကစ ရှိခဲ့တုန်းက တပ်ရင်းတွေဟာ တပ်မ အသွင်မျိုး စုစည်း တိုက်ခိုင်းတာတော့ ချွင်းချက် ရှိပါတယ်။

တပ်မတော်တွင် ကြေးနန်းစာ အပြန်အလှန် ပေးပို့ ရေးသားရာမှာ ရေပန်းစားတဲ့ အသုံးအနှုန်း၊ ဝေါဟာရ အကြောင်းနဲ့ တပ်မတော်ရဲ့ Power Line Up နဲ့ အစိုးရရဲ့ Power Line Up အနေအထား ဘယ်လို ရှိလဲ ဆိုတာကို စစ်ရုံးတွင် တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဗိုလ်မှူးကြီး တစ်ဦးနှင့် တွေ့ဆုံ မေးမြန်းခန်း အပိုင်း (၃) ကို ဆက်လက် ဖေါ်ပြပေးဖို့ စီစဉ်ထားပါတယ်။ သို့သော် လက်ရှိ ဖတ်ရှုနေတဲ့ သတင်းဆောင်းပါး မတိုင်ခင် တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်များ အဆက်ဆက် နှိုင်းယှဉ်လေ့လာခြင်း သတင်းဆောင်းပါး အပိုင်း (၃) ကို နောက်အပတ်တွင် ဆက်လက် ဖေါ်ပြပေးသွားမှာ ဖြစ်ပါတယ်။

1 comment:

  1. အများပြည်သူတွေမသိ့သေးတဲ့ပိုစ်တွေသတင်းတွေတင်ပေးလို့ကျေးဇူးအများကြီးတင်ပါတယ်..ဗဟုသုတလည်းရပါတယ်

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။