Friday, January 11, 2013

တပ်မတော် (ကြည်း) တပ်ရင်း/ တပ်ဖွဲ့များရှိ အရာရှိ/ စစ်သည်များရဲ့ ဘ၀ - အပိုင်း (၇)

(စည်းလုံးခြင်းရဲ့အင်အား)
စစ်တက္ကသိုလ် ဗိုလ်လောင်းများ၏ စားရိပ်သာအား စစ်ဆေးနေသော ဒုဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် တပ်မတော် ထိပ်တန်းအရာကြီးများ


မေး။       ။ ကြားဖြတ်ပြီး ဗိုလ်မှူးကို မေးလိုက်ဦးမယ်။ အခုတလောက အင်္ဂါသား စိုးဝင်းလို ပုဂ္ဂိုလ်တွေ ထိပ်ပိုင်းကို ဘာလို့ ရောက်တာလဲဗျာ။


ဗိုလ်မှူး။   ။ ယခု ဒုတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး စိုးဝင်းရဲ့ ဇနီးဟာ ယခင် စရဖချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့်ရဲ့ ဇနီးနဲ့ ဖားပြီး ဒေါ်ကြိုင်ကြိုင်ထံ ၀င်ထွက် သွားလာ ခွင့် ရှိလို့ ဖြစ်သွားတာပါဗျာ။  မဆန်းပါဘူး။ ယခင် အစဉ်အလာအရ နတခနဲ့ ရကတ၊ ရပခ၊ ရတခ တိုင်းမှူးတွေသာ ထိပ်ပိုင်းကို ရောက်ကြ တာများတယ်ဗျာ။ ဆက်လက်ပြီး တပ်နေပျော်ရေး စီမံချက် ခေါင်းစဉ်တွေ လက်တွေ့နယ်ပယ်မှာ အကောင်အထည် ဖော်နိုင်မှု မရှိတာကို တွေ့ရ တယ်။ တပ်ခွဲအလိုက် အိပ်ဆောင်များ ပြုပြင် ထိန်းသိမ်းပေးခြင်း၊ အိပ် ဆောင်တွင်း ဇယားကားချပ်များ/ ပစ္စည်းများ ပြုပြင်ထိန်းသိမ်းခြင်း၊ ကြော်ငြာ သင်ပုန်းများ ပြုပြင်/ တိုးချဲ့ဆောက်လုပ်ပေးခြင်း ၊ စားရိပ်သာ သုံးပစ္စည်းများ ပြုပြင်/ထိန်းသိမ်း/ဝယ်ယူခြင်း ၊ အိမ်သာများ ပြုပြင်/ ထိန်းသိမ်းပေးခြင်း၊ ရေကန်များ ပြုပြင်/ ထိန်းသိမ်းပေးခြင်း၊ သက်တမ်း စေ့ စစ်ဝတ်ပစ္စည်း တောင်းခံ/ထုတ်ပေးခြင်း
ဆိုတဲ့ ခေါင်းစဉ်တွေဟာ ကက (ထောက်)၊ ကက (ယာ)၊ GE တွေရဲ့ ပံ့ပိုးမှု ဘက်ဂျက်ငွေကို ထိထိရောက်ရောက် မသုံးနိုင်တာကြောင့်ရယ်၊ GE ၀န်ထောက်နဲ့ တပ် ရင်းမှူး ဂွင်ရိုက်နေတာကြောင့် ပျက်စီးယိုယွင်းပြီး မလုပ်နိုင်တာများပါ တယ်။ တပ်သစ် ဆောက်ပြီဆိုရင် GE က တပ်ရင်းမှူးအား ကန်ထရိုက် ပေးပြီး တပ်ရင်းမှူးအနေနဲ့ လုပ်အားခ ပေးစရာမလိုတဲ့ စစ်သည်တွေကို အုတ်ဖုတ်ခိုင်းကာ ဘားတိုက် အဆောက်အဦးတွေကို ဆောက်လုပ်ခိုင်း ပါတယ်။ စစ်သည်တွေလည်း ခြေကုန်လက်ပန်းကျပြီး ပစ္စည်း မစုံလင် တာကြောင့် အဲဒီအဆောက်အဦး ဘယ်လိုလုပ် ကောင်းနိုင်မှာလဲဗျာ။ အားကစားပစ္စည်းများ ဖြည့်တင်းဝယ်ယူပေးခြင်း၊ အားကစားပစ္စည်းများ ဖြည့်တင်းဝယ်ယူပေးခြင်း၊ ဘောလုံး၊ တိုင်းမှူးဒိုင်း ပြိုင်ပွဲများ ပြုလုပ်ပေး ခြင်း၊ ပိုက်ကျော်ခြင်း၊ တိုင်းမှူးဒိုင်း(တံခွန်စိုက်ဖလား) ပြုလုပ်ပေးခြင်း ဆိုတဲ့ အားကစား ခေါင်းစဉ်တွေကတော့ အရာရှိ/စစ်သည်တွေ အား ကစားဝတ်စုံ ချုပ်မပေးနိုင်တာကြောင့် အင်္ကျီသာပါပြီး ဘောင်းဘီမ၀တ် နိုင်တာရယ်၊ အားကစားပစ္စည်းများ၊ အထောက်အကူကိရိယာများ၊ စုံလင်မှုမရှိတာရယ်ကြောင့် အဖြစ်သဘောသာ လုပ်ကြရတယ်။ အရေးထဲ ပြိုင်ပွဲမှာ ရှုံးနိမ့်ရင် တိုင်းမှူး/တပ်မမှူးတွေက ၀တ်စုံဖိုး ပြန်လျော်ခိုင်းတာတွေ ကြားနေရတယ်။

မေး။       ။ ဗိုလ်မှူး၊ တပ်မတော်က တခြားဘာအားနည်းချက်တွေ ရှိသေးလဲ။


ဗိုလ်မှူး။   ။ အဓိကကတော့ ဦးပိုင်ပေါ့ဗျာ။ တစ်နှစ်လုံး ကုန်ခါနီးမှ အမြတ် ငွေတွေ စုပြီးထုတ်ပေးတယ်။ အဲဒီ ထောက်ပံ့ရေးနှင့် ပို့ဆောင်ရေး တပ်ရင်း ဆို ဦးပိုင်ရဲ့တစ်နှစ်လုံး အမြတ်ငွေကျပ် (၈၅) သိန်းလောက် ရှိတယ် ဆိုတော့ တစ်လကို (၇၅၀ ၀၀၀) ကျပ်လောက် ရှိတယ်။ အဲဒီတပ် ရင်းရဲ့ ဦးပိုင်အရင်းက ကျပ်သိန်း (၃၀၀) ဆိုတော့ အချိုးချရင် (၂.၅ %) ပဲ အတိုးပေးတယ် ဆိုတော့ လွန်တာပေါ့ဗျာ။ ပြင်ပမှာ အဲဒီ ငွေရင်းနှီးပြီး လုပ်စားရင်တောင် အတိုး (၃%) နှုန်း ကျန်အောင် လုပ်ပေးလို့ရတယ်။ လစဉ်လည်း ထုတ်လို့ ရတယ်။ စစ်သည်တွေရဲ့ ချွေးနည်းစာတွေကို ဦးပိုင်က တစ်နှစ်မှ တစ်ခါသာ အမြတ်ထုတ်ပေးတာ လွန်ရာကျတယ်ဗျာ။ နောက်ပြီး ဦးပိုင်က အတိုးပေးပြီးရင် တာဝန်ကျေတယ်လို့ ထင်မှတ်နေ တယ်။ စားဝတ်နေရေးကို ဆထက်တံပိုး ပံ့ပိုးသင့်တယ်။

  စားဝတ်နေရေးအား ပင်ပန်းဆင်းရဲစွာဖြင့် ကြုံသလိုဖြေရှင်းကာ တိုက်ပွဲဝင်နေရသော ရှေ့တန်းရောက်စစ်သည်များ


မေး။       ။ ဗိုလ်မှူးရေ၊ တပ်မတော်သားတွေ စားဝတ်နေရေး မပြေလည် လို့ ရှေ့တန်းရောက်ရင် ကြုံသလို ဖြေရှင်းတတ်တာမို့ ရွာလူထုအပေါ် လူ့အခွင့်အရေး ချိုးဖောက်တာမျိုး ဖြစ်နေတာပေါ့။ နိုင်ငံတကာက အကူ အညီ ပေးချင်ရင်တောင်မှ ဒီထောက်ကွက် ၀င်နေတယ်။ ဘယ်လို ဖြေ ရှင်း ကြမလဲ။


ဗိုလ်မှူး။   ။ သိပ်မှန်တာပေါ့။ ဦးပိုင်က စစ်လက်နက် ပစ္စည်းတွေကို ၀ယ် လာတာမျိုးအား ယခင်နှစ်ထက် လျှော့ပြီး အဂတိလိုက်စားတာ ဗိုလ်ချုပ် တွေ မလုပ်ဖို့ပဲ လိုတယ်ဗျာ။ ဦးပိုင်နဲ့ ကက (၀ယ်) က တရုတ်နိုင်ငံမှ ခပ်ညံ့ညံ့ စစ်လက်နက်ပစ္စည်းကို ၀ယ်ခဲ့တာတွေ ရှိကြတယ်။ မိအေးနှစ်ခါ နာ ဆိုသလိုပေါ့ဗျာ။ တပ်အင်အား တောင့်တင်းအောင် လုပ်ရာမကျဘူး။ စစ်သားတွေကြည့်ရင် စစ်ဝတ်စုံကအစ သပ်သပ်ရပ်ရပ်မရှိ၊ လူခန္ဓာကိုယ် ကလည်း ၀၀လင်လင် မရှိလို့ စိတ်ဓာတ်ရေးရာပျက်ပြားကြတာပေါ့ဗျာ။ MEC ကလည်း ထို့အတူပဲဗျား။ ပထမ လူသားဖြစ်တဲ့ စစ်သားတွေကို ၀၀လင်လင် ကျွေးဖို့တော့ လိုတယ်ဗျ။ စကားပုံတောင်ရှိသေးတယ်ဗျ။ ပဲသာ စားရရင် ဘယ်တောင်ပဲ တက်ရ တက်ရ စစ်သားတွေ အသားကုန် လုပ်ကြတာချည်းပဲ။ စစ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ တိုက်ရည်ခိုက်ရည်မှာ အနည်းနဲ့အများ စွမ်းရည်ကျလာတယ်။ စစ်သားကလက်နက်ကိုင်ပြီး စစ်တိုက်ဖို့ပဲ စစ်တပ်ထဲဝင်လာတာပါ။ ယခုတော့ လုပ်အားပေးတွေ လုပ်ရ၊ ပေါက်တူးကိုင်ပြီး လယ်ထွန်ရရင်တော့ စစ်စိတ် စစ်မာန်တွေ ပျောက်ကုန်တယ်။ နိုင်ငံတကာမှာ ဘယ်တပ်ကိုပဲ ကြည့်ကြည့် တပ်မ တော်မှာ ရိက္ခာဆိုတာ မပူမပင်မကြောင့်မကြရအောင် နိုင်ငံတော်က စီစဉ်ပေးရတာ ထုံးစံပဲဗျ။ ဦးပိုင်နဲ့ MEC က ငွေတွေရဲ့ တစ်ဝက်ကိုသာ တပ်မတော်သားတွေအတွက် ပုံအောကြည့်လိုက်ပါ။ Professional Army မဖြစ်သေးရင်တောင်မှ လူ့အခွင့်အရေး ချိုးဖောက်တဲ့ တပ်မတော်အဖြစ်မှ ကွင်းလုံးကျွတ်လွတ်သွားမှာ သေချာတယ်ဗျာ။


3 comments:

  1. မှန်လိုက်တာဗျာ

    ReplyDelete
  2. အဓိကကတော့for showတွေပဲလုပ်နေလို့ဗျ။

    ReplyDelete
  3. ပြင်သင့်ပါပြီ

    ReplyDelete

Comment များကို စီစစ်ပြီး တင်ပေးပါမည်။ မိုက်ရိုင်းသော၊ လူသားမဆန်သော Commet များ တင်မပေးပါ။